Breaking News

မြန်မာ့အရေး၊ တရုတ်နိုင်ငံ နဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၄

မြန်မာ့အရေး၊ တရုတ်နိုင်ငံ နဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ

လက်ရှိ ရှမ်းမြောက်မှာ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့လို့ အမည်ပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့  ဒုတိယအကျော့ စစ်ဆင်ရေး အနေနဲ့ မြို့တွေ နယ်မြေဒေသတွေက စစ်စခန်းတွေကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ သီတင်း၂ ပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။ 

ယခု နှစ် ဇန်နဝါရီ ၁၁-၁၂ ရက်ဝန်းကျင်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေး သဘောတူခဲ့ကြတဲ့ ဟိုင်ဂင် အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဇွန်လဆန်းမှာ စတင်ထွက်ပေါ် လာပြီးနောက် မကြာခင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ၊ ကားလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်မှုတွေ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ် 

မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ ရဲ့ အခု ဒုတိယအကျော့ စစ်ဆင်ရေးမှာ မြို့နဲ့ နယ်မြေ ဘယ်လောက်အထိ ရည်မှန်းချက်ထားသလဲ ဆိုတာ တိတိပပ မှန်းဆဖို့မလွယ်ကူသေးပေမယ့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ အစရှိတဲ့ မြို့တွေကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကျော်ကြာကာလအတွင်း တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကျော့ စစ်ဆင်ရေးတုန်းက တရုတ်နိုင်ငံ နယ်စပ်တလျှောက်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ နယ်စပ် တလျှောက်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လို့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးဆိုတဲ့ အကြောင်းအချက်က တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအဖြစ် ထင်ရှားတဲ့ အကြောင်းဖြစ်ကာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ကာ ဆွေးနွေးညှိနှိုင်းဖို့ ဖိအားပေးခဲ့တာလို့ ယူဆနိုင်ပါတယ်။ အပစ်ရပ် သဘောတူညီချက် နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ဘယ်ဘက်ကမှ ထုတ်ပြန်တာမရှိလို့ ဘယ်လို အချက်တွေ ပါဝင်သလဲဆိုတာ အတိအကျ မပြောနိုင်သော်လည်း ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ စစ်ကောင်စီ အနေနဲ့ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ပါ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ဆက်စပ်တဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ဆိုတာမျိုး ပါဝင်ကြောင်း ရေးသား ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တွေအနက် ကျားဖြန့်လို့ တရုတ်ဘာသာနဲ့ ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့အတွက် စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်အဖြစ် ဖော်ပြခဲ့ပေမယ့် အခု ဒုတိယအကျော့စစ်ဆင်ရေးမှာတော့ အလားတူ ကျားဖြန့်နှိမ်နှင်းရေး ရည်ရွယ်ချက်တွေ ပါဝင်ပုံမရပါဘူး။ 

တရုတ်နိုင်ငံ အနေနဲ့ ရှမ်းမြောက်နယ်စပ်တကြောက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ လက်နက်ခဲယမ်းလို၊ ရိက္ခာ၊ လူသုံးကုန်၊ လောင်စာဆီ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းနဲ့ နောက်ခံ အဆောက်အဦတွေ စတာတွေကို ဝယ်ယူခွင့်ပေးခြင်း၊ မပေးခြင်းတွေ ကို ထိန်းချုပ်ထားကာ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်  တစုံတရာ သြဇာလွှမ်းမိုးနိုင်တဲ့ အနေအထားမှာရှိနေတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းယူထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နယ်မြေတွေက ကုန်းတွင်းပိတ် ဒေသတွေ ဖြစ်ကြတာကြောင့် သယံဇာတ ရောင်းချခြင်း၊ ရိက္ခာ၊ လောင်စာဆီနဲ့ လူသုံးကုန်ပစ္စည်းဝယ်ယူခြင်းအပြင် လက်နက်ခဲယမ်း စတဲ့ ကုန်စည်တွေအတွက် အိမ်နီးချင်း တရုတ်နိုင်ငံကို အားကိုးရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီလိုကောက်ချက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်ရဲ့ သြဇာခံတွေ၊ ခိုင်းရာလုပ်တဲ့ အဖွဲ့တွေဆိုတဲ့ အထိ အဓိပ္ပာယ် ကောက်ချက်ချရင် မှားယွင်းတဲ့ ကောက်ချက် ဖြစ်ပြီး သူတို့အနေနဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ သဘော၊ တရုတ်နိုင်ငံနဲ့ ဆန့်ကျင်ဘက် အနေအထားမဖြစ်စေဘဲ ၄င်းတို့အကျိုးစီးပွားဖြစ်အောင် လုပ်ဆောင်မယ့် သဘောလို့ ဆိုရင် ပိုလက်တွေ့ကျတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေ မြန်မာ့အရေးကို အိမ်နီးချင်း နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်ဆိုတဲ့ မူဝါဒက တဖက်၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ထိန်းသိမ်းရမယ်၊ အိမ်နီးချင်းနိုင်ငံ အနေနဲ့ အေးချမ်းတည်ငြိမ်တဲ့ အခြေအနေမျိုး၊ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနိုင်တဲ့ ဒုက္ခသည်၊ လက်နက်ကိုင် ပဋိပက္ခ၊ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုလို အရာတွေကနေ ကာကွယ် တားဆီးဖို့ဆိုတဲ့ မူဝါဒတွေ ချထားမယ် ဆိုတာ သံသယ ရှိစရာမလိုဘူးလို့ ဆိုနိုင်ပါတယ်။ 

ခုရက်ပိုင်း ကိုးကန့်ဒေသနဲ့ တရုတ်နိုင်ငံ နယ်စပ်အနီး လောက်ကိုင်မြို့ကို လျှပ်စစ်မီးဖြတ်တောက်လိုက်တာ၊ ကိုးကန့်နယ်နဲ့ တရုတ်နိုင်ငံတို့ကို ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်အချို့ကို တရုတ်နိုင်ငံဘက်က ပိတ်ချလိုက်တဲ့ သတင်းတွေ အခုရက်ပိုင်းမှာ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်မှုက ကိုးကန့်လက်နက်ကိုင်အဖွဲ့အပေါ် ဘယ်လို သတင်းစကားရောက်စေသလဲ၊ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်စဲစေလိုတာကြောင့်လား ဆိုတာ လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။ 

မြန်မာနိုင်ငံက အချို့သော နိုင်ငံရေး အကဲခတ်သူတွေက တရုတ်နိုင်ငံရဲ့  သြဇာလွှမ်းမိုးမှုကို ပိုပြီး အကဲဖြတ်ကြတာတွေလည်း ရှိသလို၊ တရုတ်နိုင်ငံက မြန်မာ့အရေးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ သဘောမျိုး ပြောကြတာတွေလည်း တွေ့ရပါတယ်။ 

အချို့ကတော့ တရုတ်နိုင်ငံနဲ့ အမေရိကန် တို့ရဲ့ အားပြိုင်မှုကြားက မြန်မာ့အရေးက အသုံးချခံ ဖြစ်ရတယ်ဆိုတဲ့ သဘောမျိုးလည်း သုံးသပ်တာတွေလည်း တွေ့ရမှာပါ။ ဒီရှုထောင့် အကဲဖြတ်ချက် ၂ ခုလုံးက တစိတ်တပိုင်းသာမှန်ပြီး တချို့သော အခြေအနေတွေမှာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်နေတဲ့ အနေအထားမျိုးထိတောင် ဖြစ်နိုင်ပါတယ်။ 

အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ အားပြိုင်မှုဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာ အနေအထားနဲ့ ကမ္ဘာနေရာ အနှံ့အပြားမှာ အသီးသီးမှာ ရှိနေတာ မှန်ပေမယ့် အမေရိကန်အဖို့ မြန်မာ့အရေးက တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးကိစ္စတခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တောင်တရုတ်ပင်လယ် အရေးလို ကိစ္စမှာ ဖိလစ်ပိုင်ဟာ အမေရိကန် ဘက်ကနေ ထိပ်တိုက်ရင်ဆိုင်မယ့် နိုင်ငံသဖွယ် ဖြစ်နေတာမျိုး ဖြစ်ပေမယ့် မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင် စနစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG လက်အောက်က PDF တွေရဲ့ စစ်မက်ဖြစ်ပွားမှုဟာ အမေရိကန် အဖို့ တိုက်ရိုက် အကျိုးစီးပွား မဟုတ်ဘူးလို့ ယူဆကောင်း ယူဆမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်လို အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ရင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ဖို့ အခင်းအကျင်းမျိုး မရှိတဲ့ သဘောဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

အခြားတဖက်မှာ စစ်ကောင်စီအနေနဲ့ ရုရှားနိုင်ငံကိုလည်း ပိုမိုနီးကပ်အောင် ဆက်ဆံ၊ ယူကရိန်းစစ်ပွဲ လိုမျိုးကိုတောင် ထောက်ခံတာတွေ လုပ်ပေမယ့် ရုရှားအနေနဲ့တော့ ၄င်းရဲ့ မဟာဗျူဟာ အကျိုးစီးပွား ကြီးကြီးမားမား မရှိတဲ့ မြန်မာစစ်ကောင်စီ အစိုးရလိုမျိုးကို အလိုက်အထိုက်သဘောမျိုးသာ ဆက်ဆံတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီအခင်းအကျင်းတွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အမှန်တကယ်တော့ ပြည်တွင်းက အင်အားစုတွေကသာ မိမိတို့ ရည်မှန်းချက်၊ ဖြစ်စေချင်တဲ့ တည်ဆောက်ချင်တဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း တွေးဆပုံဖော်ထားဖို့ လိုအပ်သလို ပြည်တွင်းက အင်အားစုတွေ အချင်းချင်းအကြား ဘယ်လို အခြေအနေမျိုး၊ ဘယ်လို အဆင့်မျိုးမှာ နိုင်ငံရေးအရ အဖြေတခု ရဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ပြည်ပက အကြောင်းအရာတွေ၊ အကူအညီတွေ၊ ပါဝင်စွက်ဖက်မှုတွေကို မျှော်လင့်တာ၊ ငြင်းပယ်တာ၊ အပြစ်တင်တာထက် ပြည်တွင်းက အင်အားစုတွေရဲ့ အနေအထား ပြည်သူလူထုရဲ့ ခံနိုင်ရည်စွမ်းအား တွေကို ထည့်သွင်း တွက်ချက်ကာ စစ်ရေးနဲ့ အားလုံးကို ဖြေရှင်းမယ်ဆိုတဲ့ စစ်ဝါဒလိုမျိုး မဟုတ်တဲ့ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်မှုမျိုး လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar