Breaking News

လှကျော်ဇော - သတင်းတု-သတင်းမှားများ - Faked News




လှကျော်ဇော - သတင်းတု-သတင်းမှားများ - Faked News

(မိိုးမခ) ဧပြီ ၁၈၊ ၂၀၂၀

တရုတ်ပြည်မှာ ကိုဗစ်၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အကြီးအကျယ် လုံးပန်းနေစဉ်ကာလ ၂၀၂၀ ဖေဖေါ်ဝါရီ လဆန်းပိုင်း တရုတ်လူမှုကွန်ရက်တွေမှာ သတင်းတပုဒ် ပေါ်ဖူးပါတယ်။

အဲဒီကာလက ဝူဟန့်မြို့ကို ပိတ်ဆို့လိုက်ကြောင်း (ဇန်နဝါရီ - ၂၃ရက်) ကြေညာပြီးချိန်ပါ။ တရားဝင်ပိတ်ဆို့ကြောင်း ကြေညာတာ ဝူဟန့်တမြို့တည်းဖြစ်ပေမယ့် တရုတ်တပြည်လုံးက မြို့နယ်တိုင်း ရပ်ကွက်တိုင်းကိုယ့်နည်းကိုယ်ဟန်နဲ့  ပိတ်ဆို့မှုအဆင့်အမျိုးမျိုးကို လိုအပ်မှုနဲ့အညီ လုပ်ဆောင်ကြပါတယ်။ လူတိုင်းနည်းပါး ကိုယ့်အသိနဲ့ ကိုယ်ဒေသအစိုးရ ရဲ့တောင်းဆိုချက်အတိုင်း လိုက်နာလုပ်ဆောင်ကြပါတယ်။

ဒါကြောင့်ပဲ ကမ္ဘာကျန်းမာရေးအဖွဲ့က လာရောက်လေ့လာစစ်ဆေးသူများက အစိုးရနဲ့ပြည်သူ တထပ်တည်းရှိတာ ကမ္ဘာပေါ်မှာ တရုတ်ပြည်တပြည်ပဲ ရှိတယ်လို့ ချီးကျူးတာပါ။

ဒါပေမယ့် စုန်းပြူးများ ရှိပါတယ်။

ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ သတင်းတပုဒ်ကတေ့ာ ...

ခေါင်းစဉ်က ကွာရမ်တင်းလုပ်ခံထားရပေမယ့် မလိုက်နာသူများကို ရဲကပစ်ခတ်သတ်ဖြတ်နေခြင်း ... တဲ့။

ပြီးတော့ ဓာတ်ပုံ (၂) ပုံ ပါပါတယ်။

တပုံက တိုက်တာအိမ်ခြေတွေနဲဲ့ ပြည့်နေတဲ့ရပ်ကွက်အဝင်မှာ နှာခေါင်းစည်းတွေနဲ့ရဲ (၂) ယောက်သေနတ်တွေအသင့်ကိုင်ပြီး ဝင်လာနေတဲ့ပုံ။

နောက်တပုံက လူတယောက် သွေးအိုင်ထဲမှာ လဲကျ (သေဆုံး)နေပြီး ဘေးမှာလည်း လူနာတင်ယာဉ်တစီးရပ်ထားပါတယ်။

နေ့စွဲ၊ နေရပ်၊ လိပ်စာ၊ တင်ထားသူအချက်အလက် မပါပါ။

ဒါပေမဲ့ ဒီသတင်းကို တရုတ်တပြည်လုံးက လူအတော်တာ်များများက စိတ်ဆိုးမာန်ဆိုးနဲ့ အရေးယူပေးဖို့တောင်းဆိုပြီး အဆင့်ဆင်လိုက်ဖြန့်ပါတယ်။ ဒါပေမယ့် မူလတင်သူကိုတော့ လိုက်မရပါဘူး။ ဒီတော့ ဟူပေပြည်နယ်အစိုးရက (တမင်ဖွနေမှန်းသိပေမယ့်) သတင်းစာတိုက်တတိုက်က သတင်းထောက်တချို့ကို ဒီသတင်းဇာစ်မြစ်ကို လိုက်ခိုင်းရပါတော့တယ်။

တရုတ်ပြည်မှာက CCTV ဗွီဒီယိုသတင်းလိုက်မှုက နေရာတိုင်းမှာရှိတော့ အစိုးရခွင့်ပြုချက်နဲ့ဆိုရင် အဲဒီအခွေတွေ ပြန်ဖွင့်ခိုင်းလို့ရပါတယ်။

ပထမပုံမှာတင်ထားတဲ့ပုံက ရပ်ကွက်အနေအထားကို ကြည့်ပြီး ဘယ်ရပ်ကွက်က ဖြစ်လောက်တယ် ဆိုတာတွက်ချက်ကြတယ်။ ပြီး အဲဒီ ရပ်ကွက်အလိုက် လိုက်မေးမြန်းစုံစမ်းတော့ ရပ်ကွက်တကွက်မှာ အဖြေသွားတွေ့တယ်။

အဲဒီကာလ အဲဒီရပ်ကွက်ထဲ ခွေးရူးတေကာင်ဝင်လာလို့ ရပ်ကွက်လူထုက သက်ဆိုင်ရာရဲဌာနကို အကူအညီတောင်းဖြေရှင်းခိုင်းလို့ အဲဒီရဲတွေရပ်ကွက်ထဲ သေနတ်ကိုင်ဝင်လာပြီး ခွေးကိုပစ်ခတ် ဖမ်းဆီးရတာပါ။ အဲဒီဗွီဒီယိုတခွေလုံး ရလိုက်တော့ ပထမပုံအတွက််တော့ ရှင်းသွားပြီ။

ဒုတိယပုံကလိုက်ရတာ နည်းနည်းခက်တယ်။ ဒါပေမဲ့ သတင်းထောက်က ဓာတ်ပုံကို သေသေချာချာစစ်ေဆးကြည့်တော့ လူနာတင်ကားတပိုင်လေးမှာ အဲဒီအရပ်နာမည် တဝက်ပေါ်နေတယ်။ ပေါ်နေတဲ့အမည်နဲ့ဆက်စပ်တဲ့ အရပ်တွေမှာ ကားလမ်းမတော်တဆမှုတွေ ရှိမရှိ လိုက်တော့ နောက်တနယ်ကမော်တော်ဆိုင်ကယ်နဲ့လူကို ကားကတိုက်ပြေးတာ၊ လူက အဲဒီမှာပွဲချင်းပြီးပဲ။ ဒါကို လူနာတင်ကားက လာခေါ်တာ။ အဲဒီအခွေလည်း ရလိုက်တော့မှ - အဲဒီအခွေ (၂) ခွေလုံး သတင်းကွန်ရက်ပေါ် တင်ရှင်းရတော့တယ်။

တကယ်တော့ အဲဒီအဖြစ်အပျက် (၂) ရပ် ဟာ တနေ့တည်းလည်း မဟုတ်၊ တနေရာတည်းလည်း မဟုတ်၊ဆက်စပ် လုပ်ကြံ တင်ထားတာပါ။

ဒီတော့အစိုးရက ဒီလိုလူတွေကို ပညာပေးထားပါတယ်။

လူမှုကွန်ရက်တွေပေါ်က သတင်းတွေကို ထပ်ဆင့်ဝေမျှတော့မယ် ဆိုရင် ...

၁။ သတင်းရင်းမြစ် စိတ်ချရမှု ရှိ မရှိ။ (ဒါက လွယ်ပါတယ်။ သတင်းတင်သူဟာ မိမိတင်တဲ့သတင်းအပေါ်တာဝန်ယူတဲ့ပုံ ရှိရတယ်) နေ့စွဲ၊ နေရာတိကျမှု ရှိရမယ်။

၂။ သတင်းအချက်အလက် မှန်ကန်နိုင်မှု ရှိ မရှိ။(နေရာအမှားမျိုး ဖြစ်နိုင်််််တယ်)

၃။ သိပွံနည်းကျဖြစ်နိုင်မဖြစ်နိုင်။(တချို့ချဲ့ကားမှုတွေ ပါနိုင်)။

၄။ သတင်းက ပေးမယ့်သတင်းစကားဟာ လူတွေအတွက် အကျိုးရှိ မရှိ။  (တမင် ဖွတာဖြစ်နိုင်) တချို့ တမင်သက်သက် ရည်ရွယ်ချက်ရှိ (စီးပွားရေးအရ၊ နိုင်ငံရေးအရ) ရှိရှိ လုပ်တာတွေဖြစ်နိုင်။ (ulterior motive)

တွေ့တာနဲ့ မိမိက သေသေချာချာ မစဉ်းစားပဲ ဆက်တင်ရင် စတင်တဲ့သူရဲ့ စေတနာ (ဝေဒနာ) ကို (မသိမသာ) unwittingly ဆက်ဖြန့်ပေးသူ ဖြစ်သွားတတ်ပါတယ် ... တဲ့။

မှတ်ချက်။သတင်းမှားတင်သူများကို အရေးယူတဲ့ဥပဒေအမျိုးမျိုးလည်း နိုင်ငံတော်တော်များများမှာ ပြဌာန်းထားပေမယ့် အခုလို အတတ်ပညာတွေ တိုးတက်လာတဲ့ခေတ်ကြီးမှာ အတော်ခက်လာနေပါတယ်။)

ဒါ့ကြောင့် သတင်းတွေအပေါ် ဘယ်လိုကြည့်မြင်ရမယ် ဆိုတာ ဘယ်ဟာတွေဟာ ဘယ်လိုမှားတာ ဆိုတာတွေကို အောက်ပါလင့်ခ်မှာ ရှင်းပြထားပါတယ်။ လေ့လာသင့်တယ်ထင်ပါတယ်။

https://www.chinadaily.com.cn/…/WS5e55b1a4a31012821727a49e_…

၁၆-၄-၂၀၂၀