Breaking News

ကိုသန်းလွင် - နာခံလိုမှု၏သဘာဝ


ကိုသန်းလွင် - နာခံလိုမှု၏သဘာဝ

(မိုးမခ) မတ် ၁၉ ၊ ၂၀၂၄

( ၁ )

လူတို့၏သမိုင်းသည် ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှုများနှင့် ပြည့်နှက်နေပါ သည်။ ထိုအနိဋ္ဌာရုံများကိုပြန်ကြည့်လိုက်တိုင်း အဘယ်ကြောင့် ထိုမတရားမှုများကို စောစော စီးစီး ချုပ်ငြိမ်းအောင် မပြုလုပ်ခဲ့ကြပါသနည်းဟု မေးမိတတ်ကြပါသည်။ မည်သည့်နည်းဖြင့် ထိုအနိဋ္ဌာရုံများကို ကျော်ဖြတ်ခဲ့ကြသည်ကိုလည်း တွေးမိကောင်းတွေးမိကြပါလိမ့်မည်။

လက်တွေ့တွင် ဖြစ်ရပ်များမှာ ပို၍ရှုပ်ထွေးပါသည်။ သို့သော် အရေးကြီးဆုံးအပိုင်းမှာ ကျွန်တော်တို့တွင် ရှိသော ဦးနှောက်များ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ ပြဿနာများမှာ တဖြည်းဖြည်း သေးငယ်ရာမှ စပါသည်။ ထို့နောက် တဖြည်းဖြည်း ကြီးထွားလာပြီး ဆန့်ကျင်အားများ တဖြည်းဖြည်း လျော့နည်းလာသောအခါ လက်ခံနိုင်ရန် အခွင့်အရေးက ပိုမိုများပြားလာတတ်ပါသည်။ ပိုမိုဆိုးလာသောအခါ နေ့ခင်းကြောင်တောင်တွင် ပို၍ရဲတင်းလာပြီး ကြောက်မက်ဖွယ်ရာများကို ဖန်တီးလာနိုင်ပါသည်။ ထိုအဖြစ်ကို ဖြစ်ရိုးဖြစ်စဉ်တခုကို တွေ့ရသလို ယူဆပါလျှင် တွေးရဲစရာ မရှိတော့ပါ။

( ၂ )

ဤအဖြစ်အပျက်ကို နျူရိုသိပ္ပံဆရာတို့က ဦးနှောက်၏ ဆန်းကြယ်မှုဟု ပြောကြပါသည်။ ကျွန်တော်တို့၏ ဦးနှောက်များက ထိုအဖြစ်အပျက်များကို လက်ခံနိုင်ခြင်းက ဆန်းကြယ်ပါသည်။ ဦးနှောက်၏ လက်ခံနိုင်စွမ်းအားဟု ပြောရပါမည်။ တဖြည်းဖြည်းချင်းသာ ပြောင်းလဲလာသည့် အခြေအနေများကို ဦးနှောက်က လက်ခံနိုင်စွမ်းရှိပါသည်။

သင်သည် ကော်ဖီနံ့သင်းသင်းမွှေးနေသည့် ကော်ဖီဆိုင်ထဲသို့ ဝင်သွားသည် ဆိုပါစို့။ ပထမတွင် ကော်ဖီနံ့သည် လှိုင်လှိုင်မွှေးနေပါလိမ့်မည်။ သို့သော် မိနစ် ၂၀ မျှ ကြာသွားပြီဆိုလျှင် မွှေးနေသော ကော်ဖီနံ့မှာ မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် ရနံ့ကို သိသော (Olfactory neurons) များသည် မပွင့်လာတော့ဘဲ ရပ်တန့်သွားသောကြောင့် ဖြစ်ပါသည်။ ရနံ့သည် ယဉ်သွားပြီး အထူးတလည် အနံ့မရတော့ခြင်း ဖြစ်ပါသည်။ ဆေးလိပ်ငွေ့ မီးခိုးငွေ့များ ဖုံးလွမ်းနေသော အခန်းတွင်း ဝင်သွားလျှင်လည်း ထိုနည်းတူ မီးခိုးငွေ့ကို ခဏအကြာတွင် မရတော့ပါ၊

ထို့အတူ ကြားခါစက ဆူညံ၍ ပွက်လောရိုက်နေသော လေအေးစက်မှ မော်တာလည်သံသည် ကျွန်တော်တို့၏ ဦးနှောက်က ဘက်ဂရောင်း ဆူညံသံများကို စစ်ထုတ်ပစ်နိုင်သောကြောင့် ခဏကြာသောအခါ လူကို အနှောင့်အယှက်မပေးတော့ပါ။ သင့်ဦးနှောက်သည် လောလောဆယ် ပြောင်းလဲသွားသည့် အရာကိုသာ သိနိုင်ပါသည်။ အမြဲတစေ ဖြစ်နေသည့် အကြောင်းအရာကိုမူ မသိနိုင်ပါ။

ဖားတစ်ကောင်ကို ရေနွေးပွက်ပွက်ဆူထဲသို့ ထည့်လိုက်သောအခါ ပူလောင်သဖြင့် ခုန်ထွက်ပါလိမ့်မည်။ သို့သော် ရေအေးထဲကိုထည့်ပြီး တဖြည်းဖြည်းအပူချိန်ကို မြှင့်ပေးပါက ရေဆူလာသည့်တိုင်အပူချိန် ပြောင်းလဲလာခြင်းကို မသိနိုင်ပါ။ ဤဥပမာကို ဆူနေသောရေထဲကဖား (boiling frog) ဟု ခေါ်ကြပါသည်။

နေမြဲသဘာ၀ (Habituation) ဆိုခြင်းမှာ ကျွန်တော်တို့၏ ဘိုင်အိုလိုဂျီ သဘောသဘာ၀ ဖြစ်ပါသည်။ ခြေနှစ်ချောင်းသတ္တဝါ၊ ခေါင်းရှိသော သတ္တဝါတို့နှင့် အခြား လူဝံ၊ ဆင်၊ ခွေး၊ ငှက်၊ ဖားပြုတ်၊ ငါးနှင့် ကြွက်တို့၏သဘာဝလည်း ဖြစ်သည်။ စစ်ပွဲ၊ ခြစားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အစွန်းရောက်ဝါဒ၊ သတင်းမှားကို ဖြန့်ချိခြင်းတို့တွင်လည်း ဤနေမြဲသဘာဝကို တွေ့ရသည်။ ဤအလေ့အထကြောင့် လူသားမဆန်သော ဖြစ်ရပ်များကို ရှုတ်ချရန် ပျက်ကွက်ကြသည့်အပြင် မကောင်းသော စိတ်ထားဖြင့် တဦးပေါ်တဦး မကောင်းတာ လုပ်နေခြင်းကိုလည်း တားမြစ်ရန် ပျက်ကွက်နေကြသည်။ မသိရုံမျှမက ထိုမကောင်းမှုထဲတွင် မိမိကိုယ်တိုင် ပါဝင်ပတ်သက်နေကြသည်။ 

ဒေါက်တာရှားရော့ (Dr.Sharot) ဓာတ်ခွဲခန်းမှ လေ့လာမှုတခုတွင် လူတို့သည် လိမ်လည်လှည့်ဖြားခြင်း အလုပ်ကို မိမိတို့၏ နေမြဲအလုပ်တစ်ခုအဖြစ် ဆက်လက်လုပ်ကိုင်နေကြကြောင်း တွေ့ရှိခဲ့ရပါသည်။ ဗော်လန်တီယာ တစ်ဦးသည် တစ်ဦးပေါ်တစ်ဦး အခွင့်အရေးယူရန် လိမ်လည်နေသည်ကို တွေ့ရသည်ကို တွေ့နိုင်သည်။ စမ်းသပ်သူတစ်ဦးသည် ပထမသေးငယ်သော လိမ်လည်မှုတခုကို လုပ်သည်။ ထိုအခါ ပိုက်ဆံအနည်းငယ်ရသည်။ လိမ်လည်မှုမှာ ပိုမိုကြီးထွားလာလေလေ ပိုက်ဆံပိုရလေ ဖြစ်လာသည်။ ပထမဦးဆုံး လိမ်ညာပြောစဉ်ကထက် မကောင်းမှုကို ဆန့်ကျင်အားနည်းလာသည်။ ထို့နောက် နေမြဲသဘာဝကို ရောက်သွားပြီး လိမ်ညာမှုမှာ အရာမထင်တော့ဘဲ ဆက် လက်၍သာ လိမ်ညာနေတော့သည်။

ဤကဲ့သို့ အသေးအဖွဲကိစ္စများတွင်သာ လိမ်ညာနေကြသည် မဟုတ်။ မီဂရန် (Stanley Milgram) ၏ လေ့လာမှုတွင် အာဏာရှင်စနစ် ဖွံ့ဖြိုးလာခြင်းနှင့် ပတ်သက်နေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက ဂျာမနီနိုင်ငံတွင် အာဏာရှင်စနစ်သည် တစတစ အမြစ်တွယ်ခဲ့သည်။

မီဂရန်က သာမာန်လူများသည် အဘယ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုကိုနှင့် မတရားလုပ်မှုများကို လက်သင့်ခံကြကြောင်း သိလိုခဲ့သည်။ အာဏာနှင့် သြဇာရှိသူတို့အပေါ် အရိုအသေပေးကာ လိုက် လျောမှုများ ဖြစ်သည်။ သူ၏စမ်းသပ်မှုမှာ လူတို့၏ နာခံရိုသေတတ်မှုအကြောင်း ပြောပြခဲ့ပါ သည်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ မီဂရမ်က နေမြဲနေတတ်မှု၏သဘာဝကို ပြောပြခဲ့သည်။

ရိုးရိုးသာမန်လူများသည် လျှပ်စစ်ရှော့(Shock)ကို သြဇာအာဏာရှိသူများက ခိုင်းစေခဲ့လျှင် အခြားလူများအပေါ် သုံးရန်အသင့်ရှိကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်ရှော့ကိုပေးသည့်ကိရိယာမှာ ဒိုင်ခွက်သာ ပါပြီး တကယ်လျှပ်စစ်က ထွက်မလာပါ။ သို့သော် ထိုအကြာင်းကို ဗော်လန်တီယာများ မသိကြ။ ဒိုင်ခွက်နှင့် တဖြည်းဖြည်း ဗို့အားတိုးမြှင့်၍ ပေးသည်။

ဗို့အားကို တဆင့်တဆင့်သာ တိုးမြှင့်စေခြင်းမှာ နေမြဲအခြေအနေကို ရောက်စေရန် ဖြစ်ပါသည်။ လျှပ်စစ်ရှော့ပေးခြင်းကို အစပထမတွင် မကောင်းတာ လုပ်ပါသည်ဟု ထင်မိပါလိမ့်မည်။ သို့သော် တဆင့်ခြင်းသာ တိုးမြှင့်သွားခြင်းကြောင့် သူတို့တွင် မတရားလုပ်မှုမှာ မသိသာလှပါ။ မီးအားတိုးမြှင့်လာသည့်အခါ မကောင်းတာ လုပ်မိပြီဟု ထင်ကောင်းထင်ပါလိမ့်မည်။ သို့သော် နေမြဲလုပ်မြဲသဘာဝသို့ ရောက်သွားပါပြီ။

သူ၏ စမ်းသပ်မှုမှာ ဗော်လန်တီယာများသည် မေးခွန်းတစ်ခုတွင် ရွေးစရာ လေးခု ပါပြီး စမ်းသပ်ခံသူက ရွေးပေးရသည်။ အဖြေမှားလျှင် လျှပ်စစ်ရှော့ပေးရသည်။ နောက်ဆုံးတွင် နံရံကို ရိုက်ပုတ် ၍ တောင်းပန်နေသည့်တိုင် လျှော့ပေးသူကကျေနပ်အားရစွာ လျှပ်စစ်ရှော့ကို ပေးစေခြင်းဖြစ်ပါသည်။ ဤစမ်းသပ်မှုက ဓာတ်ခွဲခန်းအပြင်ဘက်တွင်လည်း လူများသည် အဘယ်သို့ မကောင်းမှုကို ကျူးလွန်ကြကြောင်း လိမ်ညာခြင်း၊ ရက်စက်ခြင်းအပြင် အခြားကြောက်စရာကောင်းသော အပြုအမှုများ ပြုလုပ်ရန် သိမ်းသွင်းနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင်။ 

ထိုကဲ့သို့ပင် နာဇီပါတီဝင် တစ်ဦးသည် ယခင်ကထက် ပို၍ဆိုးသော အပြုအမူတစ်ခုထက် တစ်ခုပို၍ ဆိုးသွမ်းသော အမှုများကို ကျူးလွန်ကြကြောင်း ပြောပြသည်။ ထိုခေတ်၏ အဆိုးရွားဆုံးအခြေအနေကိုသာ လူထုက စတင် တွေ့ရှိခဲ့ရပါလျှင် အလွန်တုန်လှုပ်မိကြမှာ သေချာပါသည်။ သို့သော် တကယ် လက်တွေ့တွင် ဤသို့မဖြစ်ခဲ့ဘဲ တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်မှုများမှာ တဆင့်ချင်းတိုးပွားလာသဖြင့် လူထုက ခံနိုင်ကြခြင်းဖြစ်ပါသည်။ အဖြစ်အပျက်တစ်ခုစီမှာ နောက် တစ်ခုက ပို၍ဆိုးရွားလာသည်ကို ခံနိုင်ရည်ရှိစေရန် ဖြစ်သည်။ 

နေမြဲဖြစ်နေသည့် မှားယွင်းသည့် အယူအဆကို ဆန့်ကျင်သူများ ပေါ်ပေါက်ခဲ့ပါသည်။ မာလာလာ၊ (Marlala  Yousafzai) ဂန္ဓီကြီး၊ နယ်ဆင်မန်ဒဲလားတို့သည် ရက်စက်မှုများကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်ခဲ့ကြပါသည်။ ထိုကဲ့သို့သောလူများ လူသိမများလှဘဲ သင့်မိသားစုနှင့် ပတ်ဝန်းကျင်တွင် ရှိကောင်းရှိနိုင်ပါသည်။

ဂျွန်စတူးဝပ်မေးလ် (John Stuart Mill) က နေမြဲဖြစ်နေသော အခြေအနေနှင့် ပတ်သက်၍ ဤသို့ ပြောခဲ့ပါသည်။ “လူတစ်ဦး၏ အယူအဆ၊ အမြင်၊ ခံယူချက်နှင့် အခြေအနေကို ပြင်ပသို့ထွက်ပြီး ပြင်ပလူတစ်ဦးအနေဖြင့် ရှုမြင်နိုင်ရန် လိုအပ်ကြောင်း။ ထိုမှတဆင့် ထိုလူ၏အမြင်၊ အယူအဆကို ပြုပြင်ရန်လိုသည်ဟု ထင်မြင်ယူဆလျှင် ထိုအယူအဆကို ပြောင်းလဲပြစ်ရန် လိုကြောင်း။ အပြင်အယူအဆတို့ကို ကွဲပြားသောအမြင်နှင့် ကြည့်ရန် (diversify) လုပ်ရန် လိုသည်ဟု ပြောဖူးသည်။ အပြင်မှကြည့်သူသည် စွန့်စားတီထွင်သူတစ်ဦးအနေဖြင့် ရှုမြင်တတ်ရမည်ဟု သွန်သင်ခဲ့သည်။

( ၃ )

လူတစ်ဦးသည် မိမိနှင့် ယဉ်ကျေးမှု မတူသူ၊ လုပ်နည်းလုပ်ဟန် မတူသူ၊ ကွဲပြားခြားနားသည့် အစိုးရတို့ကို ကြည့်ရှုရရန် လိုအပ်ပါသည်။ မိမိပတ်ဝန်းကျင်မှာရှိသည့် မတရားမှုများသည် ၎င်းတို့တည်ရှိမှုမှာ သဘာဝအတိုင်း မဟုတ်ကြောင်း၊ မလွဲမသွေ လက်ခံရမည့် အခြေအနေမဟုတ်ကြောင်းကို သိရှိရမည်။ နိုင်ငံခြား တိုင်းပြည်များကို လည်ပတ်ခြင်းဖြင့် မိမိတို့၏ နေမြဲသဘာဝရှိသော အခြေအနေများကို နားလည်ရန် လိုအပ်သည်။ ယဉ်ကျေးမှု မတူ ကွဲပြားသည့် ဓလေ့ထုံးစံတခုကို အဝေးမှ အမြင်အသစ်ဖြင့် ရှုမြင်သင့်ပါသည်။

ကျွန်တော်တို့သည် ခြစားခြင်း၊ ဆေးစွဲ၍ သေဆုံးခြင်း၊ တိရစ္ဆာန်များကို သနားညှာတာမှုမရှိခြင်း၊ သေနတ်ဖြင့် အကြမ်းဖက်ခြင်း ကိစ္စများကို ကြည့်၍ အံ့အားသင့်ခြင်းမရှိ၊ ဘာမှမထူးခြားသော ဖြစ်ရပ်ဟု မြင်ခြင်းကို စွန့်လွှတ်ရန် လိုသည်။ လူ့သဘာဝ၊ ပတ်ဝန်းကျင်က လက်ခံထားသော ဓလေ့ထုံးစံများကို လက်ခံထားခြင်းမှာ ဖြစ်သင့်၏၊ မဖြစ်သင့်၏ကို ခွဲခြမ်းစိတ်ဖြာသောအမြင်ဖြင့် ရှုမြင်သင့်ပါသည်။

ကိုသန်းလွင်

Ref: Ignoring the horrors around us, ByTali Sharot NY Times February 27 2024.

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar