Breaking News

အောင်မော်ဦး - “တရားလက်လွတ် လူ့အဖွဲ့အစည်းမဖြစ်ဖို့”


အောင်မော်ဦး  - “တရားလက်လွတ် လူ့အဖွဲ့အစည်းမဖြစ်ဖို့” 

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၀

အမျိုးသမီးတယောက် မုဒိန်းကျင့်ခံရတာဟာ လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတခု မုဒိန်းကျင့်ခံရတာပါပဲ။ ဒီလို မုဒိန်းမှုဟာ ရဲတပ်ဖွဲ့ထဲမှာရှိသလို၊ စစ်တပ်ထဲမှာလည်း ရှိနိုင်တာပါပဲ။ ခု ရဲတပ်ဖွဲ့ဝင် ရဲမေတွေက ဘဝရော အသက်ပါရင်းပြီး မဖွယ်မရာအဓမ္မမှုကြီးကို ဖော်ထုတ်လိုက်ကြပါပြီ။ ဒါဆို စစ်သမီးတွေကရော ဘယ်တော့ ဖော်ထုတ်လာကြလေမလဲ။ အခြား ဌာနဆိုင်ရာတွေမှာရော မရှိနိုင်ဘူးလား။ အနည်းဆုံး ကာအိန္ဒြေထိပါးစော်ကားခံရတာမျိုး အပါအဝင်ပေါ့။ 

ဘတ်စ်ကားစီးရင်တောင် လိင်မှုဆိုင်ရာစော်ကားခံနေကြရတဲ့ လူ့အဖွဲ့အစည်းမှာ အာဏာရှိသူတွေက အုပ်စုဖွဲ့ပြီး ကျူးလွန်ခဲ့ကြတဲ့ ဒီလိုမဖွယ်မရာ ရာဇဝတ်မှုကြီးအပေါ် ရဲမေမို့လို့၊ စစ်သမီးမို့လို့ ဆိုပြီး ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံ၊ နည်းတောင်နည်းသေးတယ်ဆိုတာမျိုး သဘောမထားကောင်းပါဘူး။ ဒါ့အပြင် အဓမ္မပြုကျင့်ခံကြရတဲ့ သူတို့တတွေကို ရှုတ်ချတာ၊ ထေ့ငေါ့လှောင်ပြောင်တာ၊ တံတွေးခွက်ထဲ ပက်လက်မျောအောင်လုပ်တာမျိုးဟာ အစော်ကားခံကြရတဲ့သူတွေကို ထပ်ပြီးစော်ကားရာရောက်ပါတယ်။ နောက်ထပ်ဖော်ထုတ်လာကြမယ့် အခြား ခံနေကြရသူတွေကိုလည်း ကိုယ့်ကိုယ်ကိုယ်သတ်သေအောင် ကြိုးကွင်းစွပ်လိုက်သလိုပါပဲ။ 

လူနည်းစု တိုင်းရင်းသူတွေဟာ (သူတို့အခေါ်) ဗမာစစ်သားတွေရဲ့ မုဒိန်းကျင့်မှုကို မျိုးဆက်နဲ့အမျှခံနေကြရပါတယ်ဆိုရင် ခင်ဗျားတို့ယုံမလား။ သူတို့သွားတဲ့ ရှေ့တန်းဆိုတာ အဲဒီ လူနည်းစု တိုင်းရင်းသူတွေနေကြတဲ့ တောင်ပေါ်ဒေသပါ။ အဲဒီမှာ (သူတို့အခေါ်) ဗမာစစ်သားတွေဟာ မြီးကောင်ပေါက်အရွယ်ကနေ၊ အမေအရွယ်၊ အဖွားအရွယ်အထိ တွေ့သမျှ မုဒိန်းကျင့်ကြပါတယ်ဆိုရင် ခင်ဗျားတို့ယုံမလား။ ရှေ့တန်းပြန်စစ်သားတွေဆိုပြီး ခင်ဗျားတို့က ပန်းကုံးတွေစွပ်ပြီး ကြိုဆိုကြတာမြင်တော့ ကျနော်တို့ ရင်နာရတယ်။ 

ခံရတဲ့သူတွေဘက်ကနေရမယ့်အစား ခံရတဲ့သူတွေအပေါ်မှာတောင် လှောင်ပြောင်စော်ကားကြတဲ့သူတွေကိုတွေ့ရတော့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ တော်တော်ကြောက်စရာကောင်းလှပါလားလို့ ဆင်ခြင်မိပါတယ်။ ဘယ်လို စိတ်ထားမျိုး၊ ဘယ်လို နှလုံးသားမျိုးနဲ့များ ဒီလို လှောင်ပြောင်စော်ကားရက်ကြတာပါလဲ။ 

ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ အထိန်းအကွပ်ဟာ ဘာပါလဲ။ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ (Binding) စည်းနှောင်အားဟာ ဘာပါလဲ။ ဘာသာရေးအဆုံးအမလား၊ တရားဓမ္မလား၊ တရားဥပဒေလား၊ နိုင်ငံတော်စနစ်လား။ လူတဦးချင်းစီရဲ့ စောင့်စည်းအပ်တဲ့ ကျင့်ဝတ်ဟာ ဘာပါလဲ။ လူတဦးချင်းစီရဲ့ စံ၊ တန်ဖိုးထားမှုဟာ ဘာပါလဲ။ 

ကျနော့်သမီးဟာ သူတို့ထဲကတယောက်၊ ခင်ဗျားသမီးဟာ သူတို့ထဲကတယောက်။ ကျနော့်ဇနီးဟာ သူတို့ထဲက တယောက်၊ ခင်ဗျားဇနီးဟာ သူတို့ထဲကတယောက်။ အဲဒီလို တွေးကြည့်ပါ။ အဲဒီလိုတွေးပြီဆိုတာနဲ့ ဒါကို ငါတို့ဘယ်လိုကာကွယ်ကြမလဲဆိုပြီး ခင်ဗျားစဉ်းစားတော့မယ်။ ခင်ဗျားဘေးကလူလည်း စဉ်းစားတော့မယ်။ ခင်ဗျားအိမ်၊ ခင်ဗျားရပ်၊ ခင်ဗျားရွာ၊ ခင်ဗျားတိုင်းပြည်လည်း စဉ်းစားတော့မယ်။ 

အထွေထွေစိတ်ကျရောဂါကို ရရှိနေစေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်တွေနဲ့ ဖိုမကိစ္စအပေါ် တင်းကျပ်လွန်းလှတဲ့ ထုံးတမ်းစဉ်လာအယူတိမ်းမှုတွေကြောင့် မုဒိန်းမှုတွေဟာ ပိုပိုများလာရသလားဆိုတာကိုတော့ ပညာရှင်တွေပဲ ပြောနိုင်ကြမယ်ထင်ပါတယ်။ ဥပဒေဆိုတာက ဖမ်းဆီးရုံနဲ့ ပြစ်ဒဏ်ပေးရုံမျှပါပဲ။ တကယ့်တကယ်က တရားလက်လွတ် လူ့အဖွဲ့အစည်းမျိုးမဖြစ်ဖို့ ခင်ဗျားတို့ ကျနော်တို့မှာ လူပီသတဲ့ လူစိတ် ဘယ်လောက်များများရှိကြသလဲဆိုတဲ့ အချက်လို့ပဲ ထင်မိပါတယ်။ 

အောင်မော်ဦး 
ဇွန်၊ ၂၄၊ ၂၀၂၀။