Breaking News

ဇင်လင်း - ဆိုရှယ်မီဒီယာလွှမ်းမိုးမှု ဒစ်ဂျစ်တယ်နည်းပညာပြဿနာ နှင့် တိုက်ပွဲများကြားက ရွေးကောက်ပွဲများ


ဇင်လင်း - ဆိုရှယ်မီဒီယာလွှမ်းမိုးမှု ဒစ်ဂျစ်တယ်နည်းပညာပြဿနာ နှင့် တိုက်ပွဲများကြားက ရွေးကောက်ပွဲများ

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၀

မြန်မာ့ ပြည်တွင်း နိုင်ငံရေးအခြေအနေသည် ယခုတလောတွင် အတော်ပင် လှုပ်လှုပ်ရွရွဖြစ်လာသည်။ ကိုဗစ်-၁၉ ကပ် ရောဂါဘေးအလွန်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရမည့်အနေအထားနှင့် ဆိုရှယ် မီဒီယာ၏ အကျိုးဆက်များကြောင့် ဝေဖန်သံများ ဆူညံလာသည်။ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း နိုဝင်ဘာလတွင် ကျင်းပ မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မကြာသေးမီက မီဒီယာများအား ပြောကြားခဲ့သည်။ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်ဘက်က ပြင်ဆင်ထားမှုအခြေအနေနှင့် နိုင်ငံရေးပါတီများဘက်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်မီ ဆောင်ရွက်ရန် နိုင်ငံရေးပါတီ(၃၀) တို့က ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ ခွင့် တောင်းခံစာ ပေးပို့ထားသည်။ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခွင့် တောင်းခံစာကို ဇွန်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်ကာကွယ်ရေး စစ်ဦးချုပ်ရုံးတို့ကိုပါ ပေးပို့ခဲ့ သည်ဟု ဆိုသည်။

သို့ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ ပစ်သံခတ်သံများ က ထွက်ပေါ်နေဆဲရှိနေသည်။ မူဆယ်မြို့နယ်အတွင်းရှိ KIA တပ်မဟာ (၆) တပ်ရင်း (၉) အခြေစိုက်စခန်း ထန်းဖါတောင် (Htan Hpa Bum) ကို မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းက ဇွန်လ (၆)နှင့်(၇)ရက်တွင် ၂ ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KNG သတင်း၌ ဖေါ်ပြသည်။ သီတင်းနှစ်ပတ်အတွင်း အစိုးရတပ်နှင့် ကချင်တပ် ဖွဲ့(KIA)တို့အကြား ဒုတိယအကြိမ် တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ဇွန်လ(၁၇) ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သည်။ KIA တပ်မဟာ(၄) တပ်ရင်း(၈)နယ်မြေ ကာလိုင် (Kaleng) ကျေးရွာအုပ်စု နောင်မော့တောင် (Nawng Maw Bum)သို့ တပ်မတော် စစ်ကြောင်းထိုးလာသဖြင့် KIA က ခုခံရာမှ တိုက်ပွဲဖြစ်ပွားရသည်ဟု ဆိုသည်။

ဤအတောအတွင်း KIA နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိ သူက ပြောကြောင်း၊ KIA ပြောရေးဆိုခွင့်ရှိသူကမူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အားလုံးကို လက်မခံပါက အပစ်ရပ်စဲရေး လုပ်ဆောင်ရန် အခက်အခဲရှိကြောင်းပြောသည်ဟု ဇွန်လ ၁၁ ရက်နေ့RFA သတင်းက ဖေါ်ပြသည်။ တပ်မတော်နှင့် KIA အကြား ၂၀၁၁ ဇွန်လ ၉ ရက်မှစတင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်တိုက်ပွဲများ ၉ နှစ်ပြည့်မြောက်ခဲ့ခြင်းနှင့်ပတ်သက်၍ RFA က မေးမြန်းရာ တပ်မတော် ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် KIA ပြောခွင့်ရှိ သူ ဗိုလ်မှူးကြီးနော်ဘူတို့က အထက်ပါအတိုင်း ပြောခဲ့ကြခြင်းဖြစ်သည်။ KIA နှင့် ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တပ်မတော်က အပစ်ရပ် ကြေညာခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက် နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။ နှစ်ဖက် စည်းကမ်းလိုက်နာမှု ရှိလျှင် KIA နှင့် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်နိုင်မည့် အလားအလာရှိသည်ဟု ဆိုသည်။

KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးဆွေးနွေးရန်မှာ KIO/KIA ၏ ရည်မှန်းချက် ဖြစ်သည် ဟုဆိုသည်။ KIA သည် တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့နှင့် မဟာမိတ်ဖြစ်၍ ယင်း အဖွဲ့များနှင့်အတူ အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ရန် ညှိနှိုင်းခဲ့သည်။ ၂၀၁၉ အတွင်း အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့တို့အကြား အပစ်ရပ်စဲရေးဆွေးနွေးပွဲ ၅ ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးပွဲရလဒ်မကောင်းဘဲ ရပ်ဆိုင်းနေသည် မှာ ၆ လခန့်ရှိပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးလုပ်ရာတွင် အားလုံးပါဝင်ရေး မူဝါဒကို KIO/KIA က ဆုပ်ကိုင်ထားသည် ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ လက်ရှိတွင် အစိုးနှင့် KIA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အကြား ဆွေးနွေးပွဲများ ပြန်စနိုင်ရေး ကြိုးပမ်းနေခြင်းကို ကြိုဆိုကြောင်း၊ အွန်လိုင်းက ဖြစ်စေ၊ လူချင်းတွေ့ဆုံ၍ ဖြစ်စေ ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ သို့သော် လက်ရှိ NCA စာချုပ်တွင် ပါဝင်ထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများသည်ပင်လျှင် နိုင်ငံရေးဆွေးနွေးမှု အဆင်မပြေသဖြင့် KIA အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးရန် အဆင်မပြေသေးဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
မည်သို့ဆိုစေ သတင်းကောင်းတစ်ခုမှာ မြန်မာအစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIA၊ AA၊ TNLA နှင့် MNDAA တို့ အား တွေ့ဆုံဆွေးနွေးရန် ယခု လဆန်းပိုင်းက ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် များ တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က PCG (Peacetalk Creation Group) ခေါ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ မှတဆင့် ဖိတ်ကြားခဲ့သည်ဟု PCG အဖွဲ့ဝင် ဦးစန်းအောင်က RFA သို့ ဇွန်လ ၁၁ ရက်နေ့က ပြောကြောင်း သိရသည်။

AA ပြောခွင့်ရ ခိုင်သုခက အစိုးရ၏ ဖိတ်ကြားချက်ကို ဇွန်လ ၅ ရက်နေ့က ရရှိခဲ့ပြီး၊ အပြန်အလှန်ညှိနှိုင်းနေကြောင်း၊ အစိုးရဘက်က ကျိုင်းတုံ၌ တွေ့ရန် ကမ်းလှမ်းခဲ့ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြဿနာကြောင့် AA အဖွဲ့အနေဖြင့် သွားရောက်ရန် အခက်အခဲရှိကြောင်း၊ ထို့ပြင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာထား၍ လုံခြုံရေးအရ စဉ်းစားနေရကြောင်း၊ အင်တာနက်မှ ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးခြင်းထက် လူချင်းတွေ့ဆုံဆွေးနွေးရေးကို AA အဖွဲ့က လိုလားကြောင်း RFA သတင်းအရ သိရသည်။ လက်ရှိအခြေအနေတွင် အစိုးရဘက်က ပီပီပြင်ပြင်လုပ်ဆောင်မှု အားနည်း နေပြီး၊ ယုံကြည်မှု တည်ဆောက်ရန် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ရန်လိုကြောင်း PCG အဖွဲ့ဝင် ဦးစန်းအောင်က ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာသူများ ခိုလှုံရန်ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်း အရေအတွက် (၁၁၁) ခု ရှိနေပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) က ကောက်ယူထားသော အချက်အလက်များအရ သိရသည်။ အဆိုပါ ဒုက္ခသည်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁၀ ခု၊ ကျောက်တော်မြို့နယ်တွင် ၂၀ ခု၊ မြောက်ဦးမြို့နယ်တွင် ၂၇ ခု၊ မင်းပြားမြို့နယ်တွင် ၉ ခု၊ မြေပုံမြို့နယ်တွင် ၁၈ ခု၊ ရသေ့တောင်မြို့နယ်တွင် ၂၅ ခု၊ ဘူးသီးတောင် မြို့နယ်တွင် ၈ ခု၊ မောင်တောမြို့နယ်တွင် ၂ ခု၊ စစ်တွေမြို့ပေါ်တွင် ၁၈ ခုနှင့် ပေါက်တောတွင် ၄ ခု ဖြစ်သည်ဟု REC က ထုတ်ပြန်ထားသည်။ ထိုစစ်ဘေးရှောင်စခန်းများ အနက် အချို့စစ်ရှောင်စခန်းများတွင် လူပေါင်းထောင်ချီထိ နေထိုင်ကြပြီး လက်ရှိ ရခိုင်ပြည်နယ် တွင် စစ်ဘေးရှောင် ဦးရေစုစုပေါင်း ၂ သိန်းခန့် ရှိနေသည်ဟု သိရသည်။

ဤအတောအတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လတွင် ကျင်းပရန် ဇွန်လ ၁၀ရက် Online အစည်း အဝေး၌ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(NCA-S EAO) က ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ၂၁ ရာစုပင်လုံ စတုတ္တ အစည်းအဝေးကို လာမည့် ဇူလိုင်လအတွင်း ကျင်းပရန် အစိုးရက အဆိုပြုထားသည့်အပေါ် NCA-S EAO ၁၀ ဖွဲ့ က သြဂုတ်လတွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ကျမတို့မှာ ပြင်ဆင်စရာတွေအများကြီး ရှိနေပါသေးတယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ်ဆိုရင် Accord-3 ထွက်လာမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စုသဘောတူညီချက် အပိုင်း(၃) Accord-3 မှာ ဘယ်လို အကြောင်းအရာ တွေ ပါလာမလဲ။ အဲဒီအကြောင်းအရာတွေကို NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့အတွင်းမှာ ကိုယ်တို့ ၁၀ ဖွဲ့ အချင်းချင်း အကြားမှာ စိတ်ကျေနပ်အောင်ညှိဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုပါဦးမယ်။”ဟု ဒေါ်စောမြရာဇာလင်းက မွန်သတင်း အေဂျင်စီသို့ ပြောသည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ EAOs အစည်းအဝေး၊ UPDJC အစည်းအဝေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM များ ကျင်းပ ရန်လည်း လိုအပ်သဖြင့် အချိန်ယူရဦးမည်ဟု ဆိုသည်။

ယခုဖေါ်ပြခဲ့သည့် နိုင်ငံရေးနောက်ခံ အခင်းအကျင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ အကြား ပေါ်ပေါက်နေသည့် အဖုအထစ်များဖြစ်သည်။ ယင်း အဖုအထစ်များသည် ၂၀၂၀ ရွေးကောက်ပွဲ အဆင်ပြေ ချော မွေ့ရေးအတွက် ကြိုတင် ဖယ်ရှားရမည့် အရာများ ဖြစ်သည်။ ယခင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်ပေါင်း ၃၈ မြို့နယ် ရှိခဲ့ပြီး၊ ရှမ်းပြည်နယ်၌ ၇ မြို့နယ် လုံးဝ မကျင်းပနိုင်ခဲ့ဟု ဆိုသည်။ ‘ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်’ (UWSA) လက်အောက်ရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် ၄ ခုတွင် လုံးဝ ရွေးကောက်ပွဲများ မကျင်းပနိုင်ခဲ့။ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့သည် ‘ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း’ ရှိ ပန်ဆန်းမြို့ (Panghsang) UWSA ဗဟိုရုံးချုပ်သို့ သွား ရောက်ခဲ့ကြောင်း သိရသည်။ ‘ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ’ (UWSP) ဒုဥက္ကဋ္ဌ ရှောက်မင်လျံ (Xiao Minliang) ၊ ဒုဥက္ကဋ္ဌ ကျောက် ကော်အန်း (Zhao Guo-ang) ၊ ဒုစစ်သေနာပတိချုပ် ကျောက်ကျုံးတန် (Zhao Zhongdang) ၊ ဒုအထွေထွေ အတွင်းရေး မှူးချုပ် ပေါက်ယူရီ(Bao Youyi) ၊ တို့နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း Wa State TV က ကြေညာခဲ့သည်။ ‘ဝပြည်နယ်’ တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်မည်ဟု ရှောက်မင်လျံက ကတိပြုခဲ့ကြောင်း ဧရာဝတီသတင်းအရ သိရသည်။ UWSA ဆက်ဆံရေး အရာရှိ ဦးညီရန်းက ဝဒေသတွင် ရွေးကောက်ပွဲ ကျင်းပရန် အစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး အသေးစိတ် အစီအစဉ်ကို ကြေညာမည်ဟု ဆိုသည်။ ဝဒေသတွင် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စအတွက် အစိုးရနှင့် UWSP တို့ သဘောတူညီမှု ရရှိခဲ့ခြင်းမှာ ထူးခြားသည့် တိုးတက်မှုဟု ဆိုနိုင်သည်။

အခြားတစ်ဖက်၌ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာပေါင်း ၇၃ ခုမှ အုပ်ချုပ်ရေးမှူး ၆၀ ဦးက နုတ်ထွက်စာ တင်ခဲ့သည်ဟု မြေပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဧရာဝတီ သတင်း သို့ ပြောကြားကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တို့ ကြားက ပဋိပက္ခ ရိုက်ခတ်မှု ကြောင့် ဆက်လက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် နုတ်ထွက်စာတင်ခြင်း ဖြစ်ကြောင်း ကာယကံရှင် အုပ်ချုပ်ရေးမှူး အချို့က ဧရာဝတီသို့ အတည်ပြုပြောကြောင်း သိရသည်။ နုတ်ထွက်စာတင်ခဲ့ကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့၏ အကြားတွင် အဖမ်းခံရမည် စိုးသဖြင့် ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု ဆိုသည်။ သက်ဆိုင်ရာအစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးများကို စာနာထောက်ထားရန်နှင့် ဖမ်းထားသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အမြန်ုဆုံးပြန်လွှတ်ပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တောင်းဆိုလျှက် ရှိသည်။
ယင်းသို့သော အခြေအနေများကြောင့် ရခိုင်တွင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေမှာ မရေမရာ ရှိနေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည့်အပြင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ပိုဆိုးသည်မှာ အင်တာနက် လိုင်းဖြတ်တောက်ခံထားရသောကြောင့် ပြည်သူအများ သိသင့်သိထိုက်သော သတင်းများ မှောင်ကျနေရသည်။ ယင်း အခြေအနေကြောင့် ထိုမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းနိုင်ရေးအတွက် အခက်အခဲအများအပြား ကြုံနိုင်သည်။

ထို့အပြင် အင်တာနက်ပြဿနာနှင့် တစ်ဆက်တစ်စပ်တည်း စဉ်းစားစရာ ကိစ္စတစ်ခုရှိသေးသည်။ ‘လူမှုမီဒီယာလွှမ်းမိုးမှု’ (The Impact of Social Media) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဖြစ်မနေ ထည့်သွင်း စဉ်းစားရန် ဖြစ်သည်။ အခြားနိုင်ငံများ၏ အတွေ့အကြုံများအရ Facebook နှင့် Twitter တို့သည် ရွေးကောက်ပွဲများ အပေါ်အလွန် လွှမ်းမိုးမှုရှိကြောင်းသိရသည်။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတိုင်းတွင် Facebook အကောင့်များရှိကြကြောင်း နိုင်ငံတကာအတွေ့အကြုံများက သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ ကာလ တွင် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများပြီးလျှင် အရေးအပါဆုံးသူများမှာ သတင်းထောက်များနှင့် သတင်းစာ၊ သတင်းမီဒီယာများဖြစ်သည်။

ယနေ့ခေတ်တွင် သတင်းထောက်တိုင်းနှင့် သတင်းမီဒီယာတိုင်းသည် Facebook နှင့် Twitter အကောင့်များ အသုံးပြုနေ ကြသည်ကို ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အထူးသတိချပ်သင့်သည်။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များသည် မဲဆွယ်ကာလ မတိုင်မီကပင် ပြည်သူအများ၏ အာရုံစိုက်မှု ရရှိစေရန် Social Media ကို အသုံးပြု နေကြသည်။ မြန်မာနိုင်ငံ၌ ၂၀၂၀ ဇန္နဝါရီလ စာရင်းဇယားအရ ဆိုရှယ်မီဒီယာ Facebook အသုံးပြုသူ ၂၂ သန်း ရှိသည်။ မိုဘိုင်းဖုန်း အရေအတွက် ၆၈ သန်းကျော်ရှိသည်။ နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံမည့်ကိုယ်စားလှယ်များနှင့် မဲဆွယ်သူ များအနေဖြင့် Facebook နှင့် အင်တာနက်ကို အသုံးပြု၍ သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း Live Streaming များကို စတင်သုံးစွဲနေကြပြီဖြစ်သည်။ အထူးသဖြင့် မိုဘိုင်းဖုန်း၊ Facebook၊ Youtube နှင့် Whatsapp စသည်တို့ကို အသုံးပြု၍ ကိုယ်စားလှယ်လောင်းများက မဲဆွယ်မှု ပြုလုပ်ကြမည်ဖြစ်ရာ၊ ရွေးကောက်ပွဲ အသုံးစရိတ် မှန်ကန်စွာ ဖေါ်ပြရေးကိစ္စအတွက် အငြင်းပွားဖွယ်ဖြစ်လာနိုင်သည်။ ရွေးကောက်ပွဲကော်မရှင် က Facebook တာဝန်ရှိ သူများနှင့် ဆွေးနွေးထားပြီးဖြစ်၍ Facebook ပေါ်မှ သတင်းအမှားများ၊ လုပ်ကြံ သတင်းများနှင့် အမုန်းစကားများကို ကြီးကြပ်ရန် စိစစ်ရေးအဖွဲ့ ဖွဲ့သွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဖေဖေါ်ဝါရီ ၆ ရက်နေ့သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၅ လ ခန့်မျှသာလိုတော့သည်။ ယခုအထိ Digital Technology နည်းပညာရှုထောင့်မှ ဆိုရှယ် မီဒီယာနှင့် အင်တာနက်အလွဲသုံးမှု စောင့်ကြည့်ရေးအဖွဲ့ကို မည်သို့သော ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထား ကြောင်း မသိရသေးပေ။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များသည် လူမှုမီဒီယာ အသုံးပြုခြင်း အားဖြင့် အချိန်တိုတိုအတွင် စရိတ်သက်သာစွာ ကြေညာချက်များ ဖြန့်ဖြူးနိုင်ရုံမက၊ မဲဆန္ဒရှင် များနှင့် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မည်လည်းဖြစ်သည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် ဆိုရှယ်မီဒီယာ စင်မြင့်(Social Media Platform) သည် ကောင်းကျိုးနှင့် ဆိုပြစ်များကို တစ်ပြိုင်နက်တည်း ဆောင်ယူလာမည်သောကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပင်မသမားရိုးကျမီဒီယာ(Mainstream Media) ထက်ပင် ပိုမို၍ အလေးဂရုပြု စောင့်ကြည့်ရမည့် ကဏ္ဍ ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရွေးကောက်ပွဲ မသမာမှုများ ကျူးလွန် ပါကလည်း မြန်မာနိုင်ငံတွင် ယခုအထိ cyber crime နှင့် data protection တို့အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ ခိုင်ခိုင်ခန့်ခန့် မရှိသေးပေ။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပေါ်မှ အမုန်းစကားနှင့် သတင်း အတုအယောင် ပြဿနာများကို တတ်နိုင်သမျှ စောင့်ကြည့် အရေးယူရန် တာဝန်ယူရပေတော့မည်။

(ဇွန်လ ၂၅၊ ၂၀၂၀။ ကြာသပတေးနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး)