Breaking News

မောင်စွမ်းရည် - ကဗျာဆရာနှင့် နိုင်ငံရေးသမား (မင်းသုဝဏ်နှင့် အောင်ဆန်း)



မောင်စွမ်းရည် - ကဗျာဆရာနှင့် နိုင်ငံရေးသမား (မင်းသုဝဏ်နှင့် အောင်ဆန်း)

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၀


စာရေးဆရာနှင့် နိုင်ငံရေးသမား… ဘာဆိုင်တုံးလို့ မေးချင်တွေ ရှိနိုင်ပါတယ်။ မေးနိုင်ပါတယ်။ မေးချင်စရာလည်း ကောင်းပါတယ်။

မြန်မာပြည်မှာ စာပေနဲ့ နိုင်ငံ‌ရေး ဘာဆိုင်တုံး၊ တခြားစီလို့ သတ်မှတ် ခြားနားထားတတ်သူတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေက စာနယ်ဇင်းသမားတွေ၊ စာရေးဆရာတွေကို သူတို့ရဲ့ ခိုင်းဖတ်၊ သူတို့ရဲ့ လက်ကိုင်တုတ်တွေလို အထက်စီးက ထင်မှတ်နေတတ်ကြပါတယ်။

စာရေးဆရာများကလည်း နိုင်ငံရေးသမားတွေက စာရေးဆရာတွေရဲ့ အထက်ကနေ ဩဇာပေးလာ တာမျိုးကို မကြိုက်ဘူး။ ဆရာပေါ် ဆရာလုပ်တာ မကြိုက်ဘူး။

တကယ်တော့ စာရေးဆရာရော၊ နိုင်ငံရေးသမားရော လူထဲက လူတွေသာ ဖြစ်လို့ လူထုနဲ့ မကင်းကွာ ကောင်းပေမဲ့ သူတို့ချင်း အလုပ်နယ်ပယ်၊ အလုပ်သဘာဝချင်းက မတူကြတဲ့အတွက် သူ့နေရာနဲ့သူ နေကြတာပဲ ကောင်းပါတယ်။ ကိုနု၊ ကိုအောင်ဆန်းတို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်တွေအနေနဲ့ သပိတ်မှောက်တဲ့ကာလ ၁၉၃၆ မှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က တက္ကသိုလ်မှာ ဆရာတွေ ဖြစ်နေပါပြီ။ ဆရာမင်းသုဝဏ်နဲ့ ကိုအောင်ဆန်းနဲ့ဆိုရင် ဆရာ တပည့်တွေ ဖြစ်နေကြပါပြီ။ ဆရာ တပည့်အဖြစ် ရင်းနှီးခဲ့ကြပါတယ်။ အလုပ်နယ်ပယ်ချင်း မတူခဲ့ကြပါ။

အဲဒီခေတ်က ထုံးစံအတိုင်းက ကျောင်းသားတွေက ကျောင်းသားတွေက သပိတ်မှောက်ရင် ရွှေတိဂုံ ကုန်းပေါ်ကို သွားပြီး သပိတ်စခန်းဖွင့်လေ့ရှိကြပါတယ်။ ဦးဘဦးတို့ ခေတ်ကလည်း ရွှေတိဂုံ ကုန်းတော်ပေါ်မှာ သပိတ်စခန်းဖွင့်ခဲ့လို့ ရွှေတိဂုံဘုရားရဲ့ အနောက်တောင်ထောင့်မှာ ဗိုလ်နေဝင်း ခေတ်ကျမှ သပိတ်မှောက် အထိမ်းအမှတ် ကျောက်တိုင်ထူခဲ့တာ ရှိနေပါတယ်။

ကိုနု၊ ကိုအောင်ဆန်းတို့ရဲ့ သပိတ်စခန်းကို တက္ကသိုလ်က ဆရာတွေ လာရောက်အားပေးခဲ့တာကို အဲဒီခေတ်က သတင်းစာတွေမှာ ပြန်လှန်ရင် တွေ့နိုင်စရာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆရာတို့ နှစ်ဦး သပိတ်စခန်းကို လာရောက်အားပေးခဲ့ကြောင်း သိထားပြီး ဖြစ်ရတာကတော့ သပိတ်မှောက် ကျောင်းသူ မအမာ (နောင်အခါ လူထုဒေါ်အမာ ဖြစ်လာသူ)ရဲ့ အမှတ်တရစာအုပ်ကလေးထဲမှာ ဆရာ နှစ်ဦးက အမှတ်တရ စာရေးပေးခဲ့လို့ပါပဲ။ ဒီအကြောင်းကို လူထုဒေါ်အမာက ပြန်လည်တင်ပြဖူးပါ တယ်။ ကျွန်တော်တို့ခေတ်မှာ ဆရာက တပည့်ရဲ့ သပိတ်စခန်းကို လှည့်ကြည့်ခွင့်ပင် မရှိခဲ့ပါ။

ကိုလိုနီအစိုးရရဲ့ လက်အောက်မှာ ကိုအောင်ဆန်းက သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးလုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်နဲ့ တော်လှန်ရေးတွေ လုပ်ခဲ့တယ်။ ဖက်ဆစ် အပြေး၊ နယ်ချဲ့ ပြန်အဝင်မှာ အစိုးရအဖွဲ့ ဖွဲ့တော့ ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီး ဦးအောင်ဆန်း ဖြစ်လာခဲ့ပါတယ်။ အတွင်းဝန်ရုံး ကြီးမှာ အစည်းအဝေး လုပ်ကြတော့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒီးဒုတ်ဦးဘချို၊ ဆရာမင်းထင် တို့ အတွင်းဝန်ရုံး အပေါ်ထပ် ဝရန်တာမှာ စကားဝိုင်းဖွဲ့နေချိန်အတွင်း အစည်းအဝေး ခဏနားချိန် တခုမှာ နိုင်ငံရေးသမားကြီး ဖြစ်နေတဲ့ ဦးအောင်ဆန်းကလည်း ပါဝင်ပြီး အာလာပသလ္လာပစကားတွေ ပြောခဲ့ကြောင်း ဆရာမောင်ထင်က ရေးဖူးပါတယ်။ ဦးအောင်ဆန်းကလည်း “ကျွန်တော်လည်း နိုင်ငံရေးကိစ္စတွေ ပြီးလို့ အနားယူရင် ဆရာတို့နဲ့အတူ စာပေလောကထဲ ဝင်ပြီး စာရေးတော့မယ်” လို့ သူ့ရဲ့ အနာဂတ် စိတ်ကူးယဉ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ဖူးတယ်လို့ ဆရာဦးထင်ဖတ် (သတင်းစာဆရာ၊ ဝတ္ထုရေးဆရာကြီး မောင်ထင်) က ‘နိုင်ငံသုခမိန်’ ဆိုတဲ့ အမည်ပေးပြီး ဦးအောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ဖော်ကျူးခဲ့ဖူးပါတယ်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဟာ စာပေ ‘ဇ’ ရှိသူတဦး ဖြစ်ပါတယ်။ တက္ကသိုလ်မှာ အိုးဝေ မဂ္ဂဇင်း စာတည်း တာဝန်ပေးအပ်ခြင်းခံရတယ်ဆိုတာ စာပေသမားအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း သာဓက ဖြစ်ပါတယ်။ ဦးအောင်ဆန်းသာ နိုင်ငံရေးသမားဘဝနဲ့ လုပ်ကြံတာ မခံရဘူး ဆိုရင် စာပေလောကကို ဦးဆောင်နေမှာ မလွဲပါဘူးလို့ ခန့်မှန်းနိုင်ပါတယ်။ သူဟာ စာရေးဆရာ၊ ပြဇာတ်ရေးဆရာ ဦးနု၊ သတင်းစာဆရာ ဦးညိုမြ၊ တက်ဘုန်းကြီးသိန်းဖေ၊ သတင်းစာဆရာ၊ စာရေးဆရာ အင်းလျားဆောင်သူ မအမာ(လူထုဒေါ်အမာ)တို့နဲ့ တက္ကသိုလ်မှာ ပူးတွဲလာခဲ့သူလည်း ဖြစ်ပါတယ်။ လုပ်ကြံခြင်းမခံရရင် ဆရာဒဂုန်တာရာတို့နဲ့အတူ စာပေလောကမှာ တိုးတက်တဲ့ စာရေးဆရာတယောက်အဖြစ် ရပ်တည်ပြီး စာပေအမျိုးမျိုး ရေးသားနေမှာဖြစ်တယ်လို့ ယုံကြည်မိပါ တယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာဦးအောင်ဆန်း ဘာစာတွေ ရေးမလဲ။ တကသ၊ ဗကသ အတွေ့အကြုံတွေ၊ တို့ဗမာအစည်းအရုံး၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဖဆပလ စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ သမိုင်း၊ ဂျပန်ပြည်မှာ စစ်ပညာသင်ကြရပုံ၊ ထိုင်းနိုင်ငံမှာ ဗမာ့တပ်မတော် ဖွဲ့စည်းပုံ စတဲ့ သူ့ရဲ့ နိုင်ငံရေးခရီးစဉ်၊ နိုင်ငံရေး အတွေ့အကြုံတွေ၊ ရမ်းဂါးညီလာခံ၊ ကန္ဒီစာချုပ်၊ စက္ကူဖြူစီမံကိန်း၊ အောင်ဆန်း-အက်တလီ စာချုပ်၊ ဘိလပ်ခရီး စတဲ့ အကြောင်းအရာတွေ စသဖြင့် တွေးမကုန် ရေးမကုန် ဖြစ်နေပါလိမ့်မယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးဒီးဒုတ်ဦးဘချို၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ထင်၊ ဆရာဒဂုန်တာရာ၊ သခင်ဗဟိန်း စသူတို့ရဲ့ ရုပ်ပုံတွေအပြင် သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ရွှေမှစလို့ နောက်ဆုံး ဂဠုန်ဦးစောအကြောင်းတောင် ပါချင်ပါဦးမှာပါ။ ဦးအောင်ဆန်းရဲ့ စာအုပ်တွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က အမှာစာရေးပြီး ဆရာဒဂုန်တာရာ၊ ဆရာဦးသိန်းဖေမြင့်၊ သခင်ဗဟိန်း စသူတို့က စာအုပ် ဝေဖန်စာတွေ ရေးကောင်း ရေးနေကြပါလိမ့်မယ်။ ဒါပေမဲ့ အများ သိကြတဲ့အတိုင်း ဂဠဒန်စော အာဏာရူးက စာရေးဆရာ ဦးအောင်ဆန်းရဲ့ အနာဂတ်ခရီးစဉ်ကို ဖြတ်တောက်ပိတ်ဆို့ခဲ့ပါပြီ။

ကိုအောင်ဆန်းရဲ့ဆရာ မင်းသုဝဏ်လည်း စာပေပညာရှင်ဘဝမှာ ဘဝခရီးလမ်း အကွေ့အကောက်၊ အဖုအထစ်တွေ အများကြီး ကြုံတွေ့ခဲ့ရရှာပါတယ်။ မြန်မာပညာရှင်ဟာ မြန်မာပြည်မှာ ပါမောက္ခ လုပ်ခွင့်မရဘဲ ကိုအောင်ဆန်း ရောက်ခဲ့တဲ့ ဂျပန်ကိုတောင် သွားရောက်ပြီး မြန်မာစာပါမောက္ခ လုပ်လိုက်ရပါသေးတယ်။ ဂျပန်က ပြန်လာပြီး ဆရာ့မွေးနေ့တိုင်း ထမနဲပွဲ လုပ်တော့ စာရေးဆရာ မိတ်ဆွေတွေ၊ တပည့်တွေနဲ့ နှစ်စဉ် တရင်းတနှီး ဆုံရပါတယ်။ ဦးအောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်လည်း ဆရာ့မွေးနေ့မှာ လာရောက်ကန်တော့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲကို ဝင်လာခဲ့ပါတယ်။ ဒီမိုကရေစီ လမ်းစကို အမိအရ ဆုပ်ကိုင်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်တဲ့အခါ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ နိုင်ငံရေးသမားကြီးတွေနဲ့ အထူးသဖြင့် စာရေးဆရာတွေ၊ ကဗျာဆရာတွေ အားလုံးလောက် ပါဝင်အားပေးလာကြပါတယ်။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဦးဝင်းတင်၊ ဦးမိုးသူ၊ မောင်စူးစမ်း၊ မုံရွာတင်ရွှေ၊ တင်မိုး၊ ဂုဏ်ထူးသိန်းနိုင်၊ စာရေးဆရာမ စန်းစန်းနွဲ့၊ ရွှေကူမေနှင်း စသဖြင့် စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာတွေ စုစည်းပါဝင်လာခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ကြမယ်ဆိုတော့ တချို့ စာရေးဆရာတွေပါ ရွေးကောက်ပွဲ ဝင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်တော့ ကိုအောင်ဆန်းနဲ့အတူ သပိတ်မှောက်ခဲ့သူ အင်းလျားဆောင်သူ မအမာကို သွားရောက်တွေ့ဆုံတဲ့အခါ စာနယ်ဇင်းတွေမှာ သားအမိတွေ ပြန်လည်တွေ့ဆုံပွဲလို လှုပ်ရှားသွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးလှုပ်ရှားရေး တွေမှာ ကဗျာဆရာ ကြည်အောင်တို့၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့လည်း ရှေ့တန်းက ပါဝင်လာခဲ့ ကြပါတယ်။

ရန်ကုန်မှာ မန္တလေး စာပေသမားတွေ ဖြစ်ကြတဲ့ မောင်သာနိုး၊ တင်မိုး၊ မောင်မိုးသူ၊ မောင်တင်ရွှေ(မုံရွာ)၊ မောင်စွမ်းရည်တို့လည်း ဆရာကြီးမင်းသုဝဏ် အိမ်ကို မကြာခဏ စုဝေးသွားရောက်ကြပြီး နိုင်ငံရေးအခြေအနေတွေလည်း ဆွေးနွေးကြပါတယ်။ တနေ့တော့ ဆရာကြီး မင်းသုဝဏ်က “ငါ့သူငယ်ချင်းရဲ့ သမီးကိုယ်တိုင် နိုင်ငံရေး လှုပ်ရှားမှုကို ဦးဆောင်နေတာဆိုတော့ ငါ မပါလို့ ဘယ်ဖြစ်မလဲ” လို့ ကျွန်တော်တို့ကို ပြောဆိုကြေညာပြီး ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်က ပါဝင်အရွေးခံဖို့ ကြေညာလိုက်ပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ တင်မိုး မပါရှိခဲ့ပါ။ ဒီသတင်းကို ကျွန်တော်က သူငယ်ချင်း တင်မိုးဆီ သွားပြီး သတင်းပေးပါတယ်။ တင်မိုးက “မင်း နားကြားလွဲတာနေမှာ၊ ဆရာမင်းသုဝဏ်နဲ့ ဦးအောင်ဆန်းနဲ့က ဆရာတပည့်ပါ။ သူငယ်ချင်း မဟုတ်ပါဘူး” လို့ ကျွန်တော့်စကားကို ပြင်ပါတယ်။ “ငါကိုယ်တိုင် နားနဲ့ ဆတ်ဆတ်ကြားခဲ့တာ၊ ငါ့သူငယ်ချင်း အောင်ဆန်းရဲ့သမီး လို့ ပြောတာ၊ ငါ မပြင်ဘူး၊ ဆရာ့ကို မင်းကိုယ်တိုင် မေးကြည့်”လို့ ပြန်ပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာကြီးမင်းသုဝဏ်ဟာ ရွေးကောက်ပွဲ ဝင်ခဲ့လို့ နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့တတွေ ဆရာ့အိမ်ကို ဂုဏ်ပြုစကားပြောဖို့ သွားကြတော့ တင်မိုးက “ငါတို့ ကဗျာဆရာကြီးကို ငါတို့အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ငါတို့ရဲ့ ဒီမိုကရေစီသမ္မတကြီးအဖြစ် တင်မြှောက်ကြမယ်”လို့ အားရပါးရ ဝင်ပြောလိုက်တော့ ဆရာကြီးမင်းသုဝဏ်က မျက်နှာကြီး ရဲခနဲ ဖြစ်သွားပြီး “ဟေ့ ဘဂျမ်း၊ အဲဒီလို မဦးမချွတ်တွေ လျှောက်မပြောနဲ့” လို့ လှမ်းအော်ပြီး ကန့်ကွက် ရှာပါတယ်။ တင်မိုးကတော့ သူ့ဆရာကို သမ္မတအဖြစ်က တပြားသားမှ မလျှော့ပါ။ ဆရာကြီး မင်းသုဝဏ်ကသာ ရှက်အမ်းအမ်းမျက်နှာကြီးနဲ့ မနေတတ် မထိုင်တတ် ဖြစ်သွားတော့တယ်။

ဒါပေမဲ့ အများသိကြတဲ့အတိုင်းပါပဲ။ သောင်ပြို ကမ်းပြို အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ ကဖျက်ယဖျက် လုပ်မှုကြောင့် အစိုးရအဖွဲ့ မဖွဲ့လိုက်ရပါ။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာတွေ အများစုကတော့ နိုင်ငံရေးသမားတွေ ဖြစ်ကုန်ကြပါတယ်။ စစ်အာဏာရှင်ရဲ့ဘက်မှာတော့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်လူထွက်၊ အငြိမ်းစားတွေပဲ ကျန်ရှိပါတယ်။ သူတို့က ၂၀၀၈ ခုနှစ်မှာ လူထုက ‘နာဂစ်ဥပဒေ’လို့ နာမည်ပေးတာခံရတဲ့ အခြေခံဥပဒေကို နာဂစ်လူသေကောင်တွေရဲ့ အပုပ်နံ့တွေ ခံယူရင်း စက်ပုန်းခုတ် ရေးဆွဲခဲ့ကြပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲကို နာဂစ်ဥပဒေနဲ့ ကျင်းပပြီး လွှတ်တော်ထဲမှာ မဲနဲ့ ရွေးကောက်ခံရခြင်းမရှိတဲ့ စစ်ယူနီဖောင်းဝတ်တွေ က ၂၅ ရာခိုင်နှုန်း ဝင်ရောက်ပြီး အခံ့သား ထိုင်နေလိုက်ကြပါတယ်။

နောက် ရွေးကောက်ပွဲမှာပဲ သောင်ပြို ကမ်းပြိုပါပဲ။ ကမ္ဘာတုန်အောင် ဆိုသလို NLD ကပဲ အနိုင်ရခဲ့ပါ တယ်။ သမ္မတအဖြစ် ဦးထင်ကျော်တဲ့။ ကဗျာဆရာကြီးရဲ့သားဖြစ်သူက သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးကို သမ္မတမဖြစ်နိုင်အောင် ၂၀၀၈ ခြေ/ဥ က ဟန့်တားထားခဲ့ပါတယ်။

ဦးအောင်ဆန်းတို့ လက်ထက်ကနေ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ထက်အထိ စစ်အာဏာပိုင်တို့က နှောင့်ယှက်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့က လက်တွဲပြီး လွှတ်တော်ထဲကို ဝင်နိုင်ခဲ့ပါတယ်။ တင်မိုး နိမိတ်ဖတ်သလို ကဗျာဆရာကြီးကိုယ်တိုင် သမ္မတ မဖြစ်ခဲ့ပေမယ့် သူ့သားက ဒီမိုကရေစီလမ်းကြောင်းသစ် အစမှာ အဦးဆုံး သမ္မတဖြစ်ခဲ့ပါတယ်။ အဖေ့လက်ထက်က သားလက်ထက်ထိ ရေစက်အလျဉ်ဟာ မပြတ်ခဲ့ပါ။ ကဗျာဆရာကြီး မင်းသုဝဏ် ရဲ့ စံနမူနာအတိုင်း ကဗျာဆရာများကလည်း ဦးအောင်ဆန်းရဲ့သမီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီပန်းတိုင်သစ်ဆီကို မမှိတ်မသုန် လက်တွဲချီတက်နေကြပါပြီ။

“ဒီမိုကရေစီ မုချအောင်ရမည်”

မောင်စွမ်းရည်

၁၆ မတ် ၂၀၂၀