Breaking News

ကြေးမုံအေး - ရွှေမြင်တင်ဘုရားပွဲတော် သွားကြမယ်

Photo- Credit
ရွှေမြင်တင်ဘုရားပွဲတော် သွားကြမယ်
ကြေးမုံအေး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၀

        အကြားအာရုံထဲမှာ ပွဲခင်းဆီက လွင့်မျောလာတဲ့ နှစ်ပါးသွားသီချင်းသံ တစ်ပိုင်းတစ်စကြောင့် ကျွန်မ ဖျတ်ခနဲ လန့်နိုးသွားပါတယ် ။ ဘယ်နှနာရီရှိသွားပါလိမ့်။ အနားကဖုန်းလေးကို လက်နဲ့စမ်းပြီးဖွင့်ကြည့်လိုက်တော့ ၄ နာရီနဲ့မိနစ်စွန်း။အင်း. စောနေသေးလားမသိ ။ ပြန်အိပ်ရင်ကောင်းမလား ။  ညက စတိတ်ရှိုးပြီးမှ ပွဲခင်းထဲကပြန်လာတာမို့ အိပ်ရေးက သိပ်မဝချင်သေး။ ဒါပေမဲ့ မနက်မိုးလင်းအမီ ကျွန်မ ချက်စရာပြုတ်စရာတွေ ရှိနေသေးတော့ လူးလဲထလိုက်ရပါတယ်။ခြင်ထောင်ကိုအသာလှပ်ပြီး အနားမှာ ကပ်အိပ်နေတဲ့ ဦးလေးအငယ်ရဲ့မိန်းမ နိုးသွားမှာစိုးလို့  ကုတင်ပေါ်ကနေ အသာအယာ ဆင်းလာခဲ့ရတယ် ။

       ပထမဆုံး ကျောင်းနောက်ဖေးအဖီလေးထဲက မီးခလုတ်ကိုဖွင့်ပြီး ထမင်းချက်ဖို့ ပြင်ဆင်လိုက်တယ် ။ ထင်းတွေကို ညနေကထဲက အနားမှာ စုပုံထားပြီးသား။ လာမဲ့ဧည့်သည်အနည်းအများပေါ်  မူတည်ပြီး ထမင်း ချက်ရမှာမို့ အခုလောလောဆယ် ထင်းနဲ့ချက်ဖို့အတွက် ဆန်နိုဆီဗူးခြောက်ဗူးလောက်ကို ဆန် အရင်ဆေး လိုက်တယ်။ ပြီးမှ ပေါင်းအိုးနှစ်အိုးနဲ့ ဆက်တည်ရုံပေါ့။ ကျောင်းရှေ့ ဇရပ်ထဲမှာ ဖယောင်းပုဆိုးနဲ့ ကော်ဇောခင်းပြီး အိပ်နေကြတဲ့ ဦးလေးအငယ်နဲ့သူ့သားတွေ မနိုးအောင်တော့ ခြေသံကို လုံအောင်ထိန်းပြီး လှုပ်ရှားသွားလာရတာပေါ့‌လေ။
         ဒီလိုနဲ့ ထမင်းတစ်အိုးကို မီးကျီးခဲတွေထုတ်ပြီး နှပ်နေချိန်မှာပဲ  ဦးလေးရဲ့မိန်းမ နိုးလာခဲ့ပါတယ်။
      " ဟောတော် ...နန္ဒာ  ထမင်းအိုးတောင် ငှဲ့ပြီးသွားပြီလား။ တို့တော့ မနှိုးဘဲနဲ့ ။ ကဲ  တို့ဘာလုပ်ပေးရမလဲ  ပြော "
       "အင်း ဒါဆိုလဲ ချဉ်ရေ ချက်ရအောင်ဗျာ၊  ချဉ်ပေါင်ရွက်တွေရေဆေးပေး"
        တကယ်တော့ မနေ့ညဦးပိုင်းကတည်းက မနက်ချက်ရပြုတ်ရမဲ့ ကိစ္စတွေအတွက် အားလုံးအဆင်သင့် ပြင်ဆင်ထားပြီးသားပါ။

        " ချဉ်ရေချက်ကတော့အေ  ငါ့တူမကို ဘယ်သူမှ မမီပါဘူး။ မနှစ်ကလည်းချဉ်ရေချက်ကလေးကောင်းလွန်းလို့တဲ့။ စားသွားတဲ့လူတိုင်းက ပြောကြတာ "   
         "ဟုတ်ပါတယ်၊ ဟုတ်ပါတယ် "

         နှစ်ယောက်သား ခပ်အုပ်အုပ်ရယ်မောရင်း ချဉ်ရေချက်ဖို့ လှုပ်ရှားကြပြီ။
         ချဉ်ရေအိုး ပွက်လုပွက်ခင်မှာပဲ ဦးလေးဘုန်းကြီးနိုးလာပြီး တောင်ပေါ်ဇရပ်တစ်ခုက အာရုံဆွမ်းကပ်ပင့်ထားလို့ သွားဘုန်းဦးမယ်ဆိုပြီး ကြွသွားလေရဲ့။
         မကြာခင်ရှေ့ဆင့်နောက်ဆင့်မှာပဲ ဦးလေးအငယ်နဲ့ သူ့သားညီနောင်နှစ်ပါးလည်း နိုးလာခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ ပွဲခင်းဆီက  "အောင်ပါစေ " သီချင်းသံကိုခပ်သဲ့သဲ့လေး ကြားလိုက်ရပါတယ်။‌ ပွဲသိမ်းသွားပြီ ပေါ့ ။
         ဝီရိယပိုသူ တချို့တလေက  စောပင်စောငြားသော်လည်းပဲ ဆွမ်းတော်ပွဲတွေနဲ့အတူ တောင်ပေါ်တက်လာကြတာကို စတွေ့နေရပါပြီ။
" ရောင်နီပျိုးချိန်"  ခေါ်မလား။ ကောင်းကင်အနားစွန်းကို မျှော်ကြည့်လိုက်တော့ အရှေ့တောင်‌ထောင့်ဆီမှာ နီဝါဝါ ရောင်စဉ်အမျှင်အတန်းလေးတွေဟာ  ရောထွေးယှက်ဖြာ ဖိတ်လျှံကျလာခဲ့ပြီ။

        ခွင်ပေါ်ကချဉ်ရေကို မြည်းစမ်းကြည့်ပြီး စိတ်တိုင်းကျသွားတာနဲ့ မီးဖိုပေါ်ကချ၊ နောက်တစ်အိုးဆက်ပြင်ရပါတယ်။ ဝက်သား၊ ကြက်သားနဲ့ ငါးတွေကို  ရွာကနေ လုံးပြီးယူလာတာမို့ ဒီနေ့မနက်ခင်းရောက်တဲ့အခါ ခရမ်းချဉ်သီး၊ကြက်သွန်နီဖြူ၊ ချင်း၊ မဆလာနဲ့ ပြန်ချက်ရပါတယ်။ ဒါတောင်မှ ငရုတ်သီးကြော်က မေမေကြော်ပေးလိုက်ပြီးသား အရန်သင့်မို့  မဲတင်းစရာမလိုတော့ပြီ။
      ပြီးတော့ အစိမ်းကြော်နဲ့ ပဲနှပ်။ အရသာရှိတဲ့ ပဲနှပ်တစ်ခွက်ရဖို့ကို နည်းနည်းအချိန်ပေးရပါတယ်။ ချွေးတလုံးလုံးနဲ့ ကျောင်းရှေ့ကျောင်းနောက် ကျောင်းမီးဖိုဆောင်လေးကို ခေါက်တုံ့ခေါက်ပြန် ကူးနေရတာမို့ ကျွန်မပူအိုက်စပြုလာပါပြီ။ ချွေးသီးချွေးပေါက်တွေလည်း ကိုယ်ပေါမှာ စို့တက်လာပါပြီ။

        "ဟေး.….ဝေး...ဟေး"
        "လာဟေ့ ... မြန်မြန်တက်ခဲ့ကြ"
         ဟော.… လူတွေ လာကုန်ကြပြီ။ တောင်ပေါ်တက်လာတဲ့သူတွေ တစ်ယောက်စ နှစ်ယောက်စ  တစ်ဖွဲ့စ နှစ်ဖွဲ့စကို မြင်တွေ့နေရပြီ။
         ပဲနှပ်ထားတဲ့မြေအိုးကိုကြည့်ရင်း ကိုယ်လက်သန့်စင်ဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးရပါပြီ။ (တောင်ပေါ်မှာက ရေ မီးလျှပ်စစ် အကုန်ပြည့်စုံဖူလုံစွာရနေပါပြီ)  ဟိုတစ်ချိန်တုန်းကတော့ ရေမီးအတွက်အင်မတန်ခက်ခဲဒုက္ခရောက်ခဲ့ရတာပါ။
         အေးစိမ့်နေတဲ့ တောင်ပေါ်ရေဟာ ကျွန်မကို ခဏတွင်းမှာပဲ လန်းဆန်းမူတွေ ချက်ချင်းပေးစွမ်းနိုင်ပါတယ်။ နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီထိုးပြီးသွားပြီ။
         " ကလေးတွေ ...ကလေးတွေ.. လဲမယ်နော်။ ဖြည်းဖြည်းတက်ကြ။ မပြေးနဲ့"
         " ဟေး ..ညည်းတို့ ဘာနဲ့လာတာလဲအေ့ "
         " ငါတို့ ဇရပ်လဲ လာခဲ့ဦး‌နော်။ ရွှေရင်အေး တိုက်မှာဟေ့"

          တဝုန်းဝုန်း ပြေးတက်လာကြတဲ့ခြေသံတွေနဲ့အတူ ကန်တော့ပွဲ ဆွမ်းတော်ပွဲကိုယ်စီရွက်တက်လာကြသူတွေကို  အုပ်စုလိုက် အဖွဲ့လိုက် တပျော်တပါးမြင်တွေ့နေရပါပြီ။ကျွန်မ အိပ်ရာထခါစတုန်းက တိတ်ဆိတ်နေတဲ့ တောင်ပေါ်ကျောင်းတိုက်တခွင်ဟာ မနက်အာရုဏ်ကျင်းလာတာနဲ့အမျှ လူသံကားသံ ဆိုင်ကယ်သံများနဲ့ ဆူညံလှုပ်ခတ်လာခဲ့ပြီ။ 
        သနပ်ခါးကို မြန်မြန်ဆန်ဆန်ကောက်လိမ်းပြီး တည်လက်စ ဟင်းအိုးရှိရာကို ပြေးရပြန်ပါတယ်။
        " ဟေး နန္ဒာ ၊ ဘာတွေချက်နေတာတုန်းဟ။ မကျက်သေးဘူးလား "
        " အဲ ...မမစိုး ..မကျက်သေးဘူး‌ဗျ။အပြန်ကျရင် ဒီမှာထမင်းဝင်စားနော်"
        " မသိသေးဘူးဟေ့။သိပ်တော့မမျှော်နဲ့ ။ကြုံတဲ့ဆီက စားလာခဲ့မှာ "

        ကျွန်မဦးလေးဘုန်းကြီးကျောင်းတိုက်လေးဟာ တောင်ပေါ်တက်တဲ့စောင်းတန်းနဲ့ ကပ်လျက်ရှိနေတာမို့ တောင်ပေါ်ကို တက်လာသူမှန်သမျှ အကုန်လုံးကို မြင်တွေ့နေရပါတယ်။
        အဲဒီအချိန်မှာပဲ ဦးလေးတို့လင်မယားပြန်ရောက်လာပြီး ကျွန်မတို့ စတုဒီသာကျွေးမဲ့ ချင်းချဉ်သုပ်ဖို့ လုပ်ငန်း စကြပါတော့တယ်။ ချင်းချဉ်တွေကို ဇလုံကြီးတစ်ခုထဲထည့်၊ ဟင်းချိုမှုန့်နဲ့‌နယ်၊ နှမ်းလှော် ပဲကြော်အစုံနဲ့ ဆီကျက်ဆမ်း ရောသမမွှေပြီး ဇွန်းငါးချောင်းလောက်တပ် စောင်းတန်းပေါ်က အုတ်ခုံလေးမှာ သွားချထားလိုက်ပါတယ်။ ရေအိုးလေးတစ်လုံးပါ ပါရတာပေါ့ ။

        အဲဒီလို တောင်ပေါ်တက်ရာ လမ်းတစ်လျှောက်မှာ လက်ဖက်သုပ်၊ ချင်းသုပ်၊ အချိုရည်မျိုးစုံ၊ နာနတ် သီး၊ သရက်ကင်း၊ ကောက်ညင်းပေါင်း။ စုံနေတာပါပဲ။ ကိုယ်တတ်နိုင်ရာလေးတွေ ကုသိုလ်ဖြစ်စတုဒီသာ ကျွေးမွေးဒါနပြုနေကြတာဟာ တကယ့်ကို ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေပါ။
       ဓာတ်ဗူးတွေထဲ ရေနွေးတွေလိုက်ထည့်ရင်း ဧည့်သည်တွေ ဧည့်ခံလိုက်၊ ကျောင်းနောက်က ပန်းကန်အိုးခွက်ဆေးကြောရာ အုတ်ကန်နဲ့ ထမင်းချက်တဲ့နေရာလေးကိုလည်း လွန်းထိုးသလို ပြေးလိုက်လွှားလိုက်နဲ့ တစ်ချက်ကလေး မနားရပါဘူး။
      " စေတီမှာတော့ တစ်နှစ်တစ်ခါဆုတောင်းမယ် .....လွမ်းဆွေးခြင်းဝဋ်တပည့်တော်ကြေပါရစေ ..... မှိုင်းညို့ရီမှောင်..... အနောက်တောင်ဆီမှာ ..... "
    ဟော.. ကျွန်မတို့ကျောင်းတိုက်အပေါ်တည့်တည့်ဇရပ်အုတ်တိုက်ဆီက ဖွင့်လိုက်တဲ့ ဗညားဟန်ရဲ့သီချင်းသံ။
        "အခုတစ်ခါ လှုဒါန်းလာတဲ့ ကုသိုလ်ရှင်စေတနာရှင်ကတော့ မုံရွာမြို့မှ ..... .....အလှုတော်ငွေ ၅ဝဝဝကျပ် ပါခဗျ " " ဆက်လက်ပြီးတော့ ..... ..... ချောင်းဦးမြို့မှ ..... ..... အလှုတော်ငွေ ..... ..... -သာဓုပါခင်ဗျာ ..... သာဓုပါခင်ဗျ" တောင်ထိပ်ဘုရား အာရုံခံတန်ဆောင်းဆီက အသံချက်စက်နဲ့ ဆက်တိုက်ထွက်ပေါ်လာတဲ့  ဘုရားဂေါပကတွေရဲ့ အော်သံတွေက စူးစူးရှရှ ကျယ်ကျယ်လောင်လောင် ။ မပြတ်တမ်း ကြားရတော့မယ်  ဒီ‌နေ့တစ်နေ့လုံးမှာ ။
    "  အချစ်လေးရေ "  " အပြာရောင်လေးနဲ့သိပ်ကိုလှ" "ဟေ့  ကိုယ့်ကိုစောင့်ဦးလေ "
အဲဒါကတော့ စောင်းတန်းအုတ်ခုံပေါ် ထိုင်ပြီး လှေကားထစ်အတိုင်းတက်လာကြတဲ့ေ ကာင်မလေးတွေကို ကောင်လေးတွေက ကျီဆယ်နောက်ပြောင်နေကြတဲ့ စကားသံတွေပါ။ပွဲတော်ရက်အတွင်း ဘယ်သူကမှစိတ်ဆိုးရန်ဖြစ်ခြင်းမရှိကြပါဘူး။
လူငယ်သဘာဝ အပျော်သဘော စနေနောက်နေခြင်းမျှသာ။

       ကွေ့ဝိုက်မတ်စောက်လှတဲ့ စောင်းတန်းတစ်လျောက် အုပ်လိုက်အုပ်လိုက်တက်လာကြတဲ့လူတွေ။ ကလေး၊ လူကြီး၊ လူငယ်၊ လူလတ်က‌နေ အဘွား အဘိုး ဦးလေး၊ ဦးကြီးအရွယ်အထိ ဝတ်ကောင်းစားလှတွေနဲ့ အရောင်စုံအသွေးစုံ။ စကားသံတွေက တီးတိုးတဖုံ ကျယ်ကျယ်တလှည့်။ တစ်သုတ်ပြီးတစ်သုတ် အလျိုအလျို တက်လာကြတဲ့လူတွေဆိုတာ များပြားလွန်းလို့  ကြည့်နေရင်းကြည့်နေရင်းမှာပဲ ကျွန်မမျက်စိတွေမူးနောက်လာခဲ့ပါတယ်။ အဲလောက်ထိကို ပွဲတော်ရက်လာတဲ့ လူတွေက များပြားစည်ကားလှပါတယ်
       ဖြတ်သွားသမျှလူတွေထဲမှာ ခင်မင်သူမိတ်ဆွေတွေပါလာလို့ မြင်လိုက်မိလျှင် လှမ်းအော်နှုတ်ဆက်ရတာလည်း အလုပ်တစ်ခု။ "မုန့်စားဝင်ပါဦး " " လာပါဦး" "ထိုင်ပါဦး"  "အမောဖြေပါဦး" ပေါ့။
      တချို့ဝင်ထိုင်နားကြ။ ဘုန်းကြီးလာကန်တော့တဲ့သူတွေကို မုန့်ကျွေးတန်ကျွေး။ ထမင်းကျွေးရမဲ့ဧည့်သည်ကို ထမင်းပွဲ ပြင်ကျွေး။ ကျွန်မတို့မှာ တစ်နေကုန်မအားလပ်နိုင်အောင်ပါပဲ။ 
        နေမွန်းမတည့်ခင်မှာပဲ မုံရွာမြို့က မိတ်ဆွေတစ်ဦးဟာ စတုဒီသာကျွေးမဲ့ ဇီးယိုပုံးကြီးနဲ့အတူ ရောက်ရှိလာခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်းပါပဲ။ သူတို့ရဲ့ဇီးယိုဟာ အင်မတန်ကောင်းမွန်တဲ့ စပယ်ရှယ်ဇီးယိုပါ။ ရွှေမြင်တင်ဘုရားပွဲရောက်တိုင်း အဲဒီဇီးယိုကို ထူးထူးခြားခြားသတိရ တမ်းတမိတာကလည်း ရယ်ချင်စရာပါပဲ။ စားဖူးတဲ့လူတိုင်းက "ဇီးယိုလေးကကောင်းလိုက်တာ" လို့ နာမည်ကောင်းရတဲ့ဇီးယိုလေးပေါ့။

        မွန်းလွဲပြီးနောက်ပိုင်းမှာတော့ တောင်ပေါ်ကပြန်ဆင်းလာသူတွေ များလာပါပြီ။  အပြန်မှ ကျွန်မတို့ကျောင်းတိုက်ကို ဝင်လာသူတွေကို တဖန်ကျွေးမွေးဧည့်ခံရပြန်ပါတယ်။ အဲဒီအချိန်မှာ တောင်အောက်ကို ခဏဆင်းကြည့်မယ်ဆိုရင်တော့ လူတွေ ရူပ်ထွေးစည်ကားနေမယ်ဆိုတာ အသေအချာပါပဲ။ အဝတ်အထည်ဆိုင်အစ  ဦးထုပ်ဖိနပ်ဆိုင်အလယ်  ဆန်ကောဆန်ကာ သင်ဖြူးဖျာဆိုင်အဆုံးဆိုင်ခန်းလေးတွေဆိုတာ အစီီအရီ။ တောင်ခြေရွာပွဲဝိုင်းတည်ရှိရာကိုသွားတဲ့လမ်းဘေးနဲ့ အရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီးတွေအောက်မှာတော့ စားအိုးစားခွက်ကိုယ်စီနဲ့ ချက်ပြုတ်စားသောက်ရင်း အပျင်းပြေ ပိုကာဒေါင်းနေကြသူတွေ၊ ဝတ်ကောင်းစားလှတွေနဲ့ ဟန်ရေးပြနေကြတဲ့ ညိုမြတွေ၊ လူကြီးတွေကိုလက်ဆွဲပြီး ကစားစရာအရုပ်နဲ့ မုန့်ပူဆာနေတဲ့ ကလေးများကို ပျားပန်းခပ်မျှ မြင်တွေ့ရမှာဖြစ်ပါတယ်။

         ရွာနီးချုပ်စပ်တချို့က လှည်းများနဲ့လာလေ့ရှိပြီး ကြာကန်ကြီးရဲ့ကန်ပေါင်ပတ်လည်တဝိုက်မှာ လှည်းချွတ်ကြ။ ပါလာတဲ့မိုးကာစများခင်းပြီး စားကြသောက်ကြနဲ့။ တချို့က ဆိုက်တွဲ၊တချို့လည်း ဆိုင်ကယ် ကားရှိသူများက ကားနှင့်တဖုံ ပွဲတော်ရက်က ၃ ရက်ကြာတာမို့ ယာယီလာဖွင်ကြတဲ့လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင် အကြော်ဆိုင်လေးတွေကအစ မိုးပျံပူဖောင်းသည်အထိ တွေ့မြင်ရမှာဖြစ်ပါတယ်။

          တောင်တော်ရဲ့နာမည်ကျော် ကြာကန်ကြီးထဲမှာတော့ ပန်းနုရောင်ခရမ်းနုရောင်ကြာပန်းတွေပြည့် လျှမ်းနေလေရဲ့။ ကြာပန်းခူးနေတဲ့ကလေးလူကြီးတွေဆိုတာ တက်ကြွရွှင်မြူးလို့။ တချို့နှစ်တွေမှာတော့ ဘာဖြစ်တယ်မသိ။ကြာတွေမပွင့်ကြပါ။ ကြာမပွင့်လည်းပွဲတော်ရက်ရောက်ရင်တော့ တိုးမပေါက်အောင် စည် ကားနေဆဲပါပဲ။ ခြင်္သေ့ကြီးနှစ်ကောင် ထိုင်နေတဲ့ မုခ်ဦးကနေ လှမ်းမျော်ကြည့်လိုက်ရင် အနည်းငယ်မတ် စောက်နေတဲ့ စောင်းတန်းလှေကားထစ်တွေဟာ မျက်စိတစ်ဆုံး ရှည်လျားလို့။

         ညနေပိုင်းဧည့်ပါးသွားတဲ့အချိန်ရောက်တော့ ဘုရားပန်းနဲ့ အလှုတော်ငွေထည့်ဖို့အတွက် တောင်ပေါ်/တောင်ထိပ်ဘုရားဆီ တစ်ယောက်ထဲ အေးအေးဆေးဆေးတက်လာခဲ့ပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ လူသိပ်မရှုပ်တော့တဲ့အတွက် ဝတ်ပြုလို့ အေးချမ်းတဲ့အချိန်ပါပဲ။ ဘုရားကေ ရှးဟောင်ဆင်းတု‌တော်ဖြစ်ပြီး တန်ခိုးကြီးမားတယ်လို့ အဆိုရှိပါတယ်။ ဘုရားပွဲ ဖြစ်မြောက်ကျင်းပခဲ့တာလည်း နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိခဲ့ပါပြီ။ ဘုရားပွဲရက်ရောက်တာနဲ့တပြိုင်နက် ကျွန်မတို့ရွာကလေးဟာ မီးခိုးတိတ်ငြိမ်ကျသွားလိုက်ပုံများ ရွာထဲ ကျီးစောင့်ကြက်နှင် နေရာမရွေ့နိုင်တဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ရစ်ခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ရွာနဲ့ အနီးတဝိုက်က ရွာတွေရော မုံရွာမြို့နဲ့ ချောင်းဦးမြို့နယ်တွေကအစ လာရောက်ဖူးမျှော်လည်ကြပတ်ကြနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘုရားပွဲလေးတစ်ခုပါ။ ဘုရားကုန်းတော်တည်ရှိရာ တောင်ထိပ်ကတော့ နွယ်ခွေတောင်တန်းတွေရဲ့အဆက်ပေါ့။ တောင်တော်နဲ့အနီးနားဝန်းကျင်မှာလည်း ခမောက်တောင်၊ခွက်ဆေးကန်နဲ့ ကျောက်တုံးကျောက်စွယ်ကြီးကနေ ကျောက်စက်ရေ တစက်စက်ကျနေတဲ့ မျက်ပြည်ယို ( အော်ဟစ်ငိုယိုပြလိုက်ရင် ရေတွေက ပိုပိုကျလာလေ့ရှိတယ်ဆိုတာကြောင့် အဲဒီနားမှာ တချို့လူရွှတ်လူနောက်ကလေးတွေက ဟန်ဆောင်အော်ဟစ်ငိုပြလေ့ရှိကြတယ်) ကျန်စစ်သားရဲ့ဆင်ခြေရာ မြင်းခြေရာ ကျန်ရစ်နေတယ်ဆိုတဲ့ "ဆင်ခြေရာ မြင်းခြေရာ "။ ဒါတွေက တောင်တော်နဲ့ တစ်မိုင်သာသာအကွာအဝေးမှာ ရှိနေပါသေးတယ်။ မရောက်ဖူးသေးတဲ့ လူတချို့နဲ့ ကလေးတွေကတော့ နှစ်စဉ်နှစ်တိုင်း အဲဒီနေရာအထိ ရေသန့်ဗူးပိုက်ပြီး မငြီးမငြူ သွားကြစမြဲ ။မောရပန်းရကောင်းမှန်းလည်းမသိ။ ရောင်စုံထီးလေးတွေနဲ့ ပျိုပျိုမေများ။ ဘောင်းဘီဖင်ကျပ် လျှာထိုးဦးထုပ်ကိုယ်စီနဲ့ ဂေါ်မောင်မောင်များ။ အဖွဲ့လိုက်အဖွဲ့လိုက် အလျိုလျို ခရီးဆန့်နေကြပုံဟာ တောင်ထိပ်ပေါ်ကနေလှမ်းကြည့်လိုက််လျင် ဆေးရောင်စုံကျဲပက်ထားတဲ့ ရှုမျှော်ခင်းပန်းချီကားတစ်ချပ်လိုပါပဲ။

        လူကြီးတွေကတော့ ဇရာရဲ့ဖိစီးလာမှုကြောင့် သိပ်ပြီး မသွားနိုင်ကြတော့ပါ ။ သူတို့ငယ်ငယ်အရွယ် ကောင်းစဉ်က ပျှော်ရွှင်စွာဖြတ်သန်းပြီးဖြစ်ပါလိမ့်မယ်။
ဘုရားပြသာဒ်အတွင်းက အောင်စည်တော်ကြီးကို တစ်ချက်တီးပြီး- တောင်ပိုင်ဘိုးဘိုးကြီးနဲ့ တောင်တော်သခင်မနန်းကို ပန်းနဲ့ဝတ္တုငွေ နည်းနည်းကပ်လှုပူဇော်ကာ လှေကားထစ်တွေကို တစ်လှမ်းချင်း .. တစ်လှမ်းချင်း။
       တောင်ပေါ်ကနေ တောင်အောက်ကို ပြန်ဆင်းနေတဲ့ ကားတွေ၊ဆိုင်ကယ်တွေ လူတွေကိုငေးမောရင်း။ဟိုးဝေးဝေးက ပြေလျော့လျော့ နွယ်ခွေတောင်တန်းကြီးကိုမိန်းမောရင်း ။   မီးရောင်တွေ ဟိုတစ်စ ဒီတစ်စ လင်းလက်လာပြီဖြစ်တဲ့ မုံရွာမြိုနယ် ဗောဓိတစ်ထောင်ဘုရားတွေဆီက ရောင်စုံမီးပွင့်တွေကို ကြည့်ငေးရင်း။

     တဖြည်းဖြည်းတိုးတိတ်ဆိတ်ငြိမ်သွားတဲ့ တောင်ပေါ်တောင်အောက် စောင်းတန်းတွေ ဇရပ်တွေ ကျောင်း ဆောင်တွေကို ငဲ့စောင်းကြည့်ရင်း။ ပွဲတော်ရက်ကျင်းပမယ့် နောင်နှစ်ဝါဆိုလကို စိတ်ကူးတွေယဉ်ရင်း။  နောင်နှစ်တွေထဲမှာလည်း လာရဦးမှာပဲလေလို့ မျော်တွေးရင်ခုန်ရင်း....ငယ်ငယ်တုန်းက မူလတန်းဖတ် စာထဲမှာ သင်ခဲ့ဖူးတဲ့ " ဘယ်သွားနေလဲ ... မရွှေဖဲ ... ဘုရားပွဲ ကို လှည်းနဲ့ဆို "  ဘာဝယ်ခဲ့လဲ ... မရွှေဖဲ " ဆိုတဲ့ ချစ်စရာ့ကဗျာလေးကို သတိရနေမိပါတော့တယ်။   ။

ကြေးမုံအေး