Breaking News

မောင်မောင်မြင့် - ကပ္ပလီကျွန်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်ခဲ့ဖူးပါသလား?

ပုံ- ၁
ကပ္ပလီကျွန်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်ခဲ့ဖူးပါသလား?
မောင်မောင်မြင့်
(မိုးမခ) ဧပြီ ၄၊ ၂၀၂၃

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်းစုတွေထဲမှာ ကိုကိုးကျွန်းစု၊ အန်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု) နဲ့ နီကိုဘာကျွန်းစု ဆိုပြီး ကျွန်းအုပ်စု သုံးစုရှိပါတယ်။ အဲဒီအနက် (လက်ရှိဖွဲ့စည်းပုံအရ) ကျွန်းငယ် ၁၂ ကျွန်းပါတဲ့ ကိုကိုးကျွန်းစုသာလျှင် မြန်မာပိုင်ဖြစ်ပြီး၊ ကျွန်းကြီးကျွန်းငယ်ပေါင်း ၂ဝဝ ကျော်ပါတဲ့ အန်ဒမန်ကျွန်းစုနဲ့ နီကိုဘာကျွန်းစုတွေကို အိန္ဒိယနိုင်ငံက ပိုင်ဆိုင်ပါတယ်။ ဒီကျွန်းစုတန်းတခုလုံးဟာ ရခိုင်ရိုးမတောင်တန်းကြီးရဲ့အဆက်ဖြစ်တယ်လို့ ယူဆရပြီး၊ ပထဝီအနေအထားအရ အိန္ဒိယနိုင်ငံထက် မြန်မာနိုင်ငံနဲ့ ပိုနီးပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းအရတော့ အန်ဒမန်ကျွန်းစုနဲ့ နီကိုဘာကျွန်းစုတွေကို မြန်မာက ဘယ်သောအခါကမှ ပိုင်ဆိုင်ဖူးခဲ့ခြင်း မရှိပါဘူး။ 

ရှေးခေတ်အမည်နာမ သမိုင်းကြောင်းအရ ဆိုရင်တော့ - ဒီနေ့ခေတ် အန်ဒမန်ကျွန်းကို ဟနုမန်ကျွန်း သို့မဟုတ် ဟန်ဒူမန်ကျွန်း (Handuman) ဆိုတဲ့ နာမည်နဲ့ အိန္ဒိယနိုင်ငံရဲ့ ရာမယနခေတ် (ဘီစီ ၇ ရာစုနဲ့ ၄ ရာစုကြား) မှာက တည်းက သုံးစွဲခဲ့တာ တွေ့ရပါတယ်။ အေဒီ ၁ ရာစုခေတ်မှာတော့ ဒီကျွန်းစုကို အာဂါဒေမွန်-အာဂါဒေမန် (Agadaemon Angademan) လို့ ခေါ်ဆိုခဲ့ကြောင်း ရောမခေတ် နက္ခတ္တဗေဒနဲ့ ပထဝီပညာရှင် တော်လမီ  (Ptolemy) က မှတ်တမ်းတင်ခဲ့ပါတယ်။ အေဒီ ၃ ရာစုနဲ့ ၅ ရာစုနှစ်များအတွင်း ရေးသားခဲ့တဲ့ သီရိလင်္ကာ ဒီပဝံသနဲ့ မဟာဝံသဗုဒ္ဓကျမ်းစာတွေမှာတော့ ဒီကျွန်းစုတွေအားလုံးကိုရည်ညွှန်းပြီး ပါဠိဘာသာနဲ့ နဂ္ဂဒီပ (Naggadipa) ကျွန်းစုလို့ ခေါ်ဆိုခဲ့တာ တွေ့ရပါတယ်။ အေဒီ ၁၀ ရာစုနှစ်၊ အိန္ဒိယတောင်ပိုင်းက ချိုလအင်ပါယာ (Chola Empire) ခေတ်မှာတော့ ဒီကျွန်းစုတွေကို ချိုလ (ရှေးဦးတမီလ်) ဘာသာစကားနဲ့ နာကာဗာရမ် (Nakkavaram) လို့ ခေါ်တွင်ခဲ့ပါတယ်။ အေဒီ ၁၃ ရာစုခေတ် အီတလီကမ္ဘာလှည့်ခရီးသည် မာကိုပိုလို (Marco Polo) ကလည်း သူ့ရဲ့ ခရီးသွားမှတ်တမ်းမှာ ဒီကျွန်းတွေကို ရည်ညွှန်းပြီး နီကူဗယ်ရန် (Necuverann) လို့ ဖေါ်ပြခဲ့ပါတယ်။ ပါဠိစကားလုံး နဂ္ဂနဲ့ ချိုလစကားလုံး နာကာဗာ ဆိုတာတွေဟာ "အကာအကွယ်မဲ့သော၊ ကိုယ်လုံး တီးဖြစ်သော" လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီခေတ် ဌာနေကျွန်းသားတွေရဲ့ အဝတ်အစားမ၀တ်ကြတဲ့ သဘာဝကို ရည်ညွှန်းပြီး ခေါ်ဆိုခဲ့တာလို့ ယူဆရပါတယ်။ ကိုလိုနီခေတ်အရောက်မှာတော့ အင်္ဂလိပ်တွေက အိန္ဒိယအမည် နာကာဗာရမ်ကနေ နီကိုဘာ (Nicobar) လို့ ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ နှောင်းခေတ် မှတ်တမ်းတွေထဲမှာတော့ - အန်ဒမန်ကျွန်းအကြောင်းကို အာရပ်လူမျိုး ပင်လယ်ခရီးသည်နှစ်ဦးက အေဒီ ၈၇၁ ခုနှစ်မှာ မှတ် တမ်းတင်ခဲ့သလို၊ အေဒီ ၁၃ ရာစုနှစ်နဲ့ ၁၅ ရာစုနှစ်တွေမှာ ရေးသားခဲ့တဲ့ တရုတ်မှတ်တမ်းတွေနဲ့ မြေပုံတွေမှာလည်း ဒီကျွန်းတွေကို ယန်တိုမန် (Yàntuómán) ဆိုတဲ့ နာမည်နဲ့ တွေ့ရပါတယ်။ ကိုကိုးကျွန်းနဲ့ ပတ်သက်လို့တော့ - ကိုလိုနီခေတ်ဦးပိုင်းကာလမှာ ပေါ်တူဂီသင်္ဘောတွေဟာ အဲဒီကျွန်းစုမှာ အ၀င်အထွက်ရှိခဲ့ပါတယ်။ ကိုကိုး (Coco) ဆိုတဲ့ ဝေါဟာရဟာ ပေါ်တူဂီဘာသာစကားမှာ အုန်းသီးလို့ အဓိပ္ပါယ်ရပါတယ်။ 

မျိုးရိုးဆက်နွယ်မှုအားဖြင့်တော့ ရှေးဦး သီရိလင်္ကာလူမျိုးတွေက နီကိုဘာကျွန်းသားတွေကို သူတို့ရဲ့ မျိုးနွယ်တွေလို့ ယူဆခဲ့ကြပါတယ်။ မနုဿဗေဒအရတော့ ဒီကျွန်းစုတွေအားလုံးက ကျွန်းသားတွေကို အိန္ဒိယသမုဒ္ဒရာနဲ့ အရှေ့တောင်အာရှက ကျွန်းစုငယ်တွေမှာ တွေ့ရတဲ့ ကျွန်းသားတွေနဲ့အတူ နီဂရစ်တို (Negrito) လို့ခေါ်တဲ့ မျိုးနွယ်စုထဲကို ထည့်သွင်းထားပါတယ်။ မြန်မာ၊ ထိုင်းနဲ့ မလေးရှားမှာ တွေ့ရတဲ့ ဆလုံကျွန်းသားများလည်း ဒီအုပ်စုထဲမှာပဲ ပါဝင်ပါတယ်။

အုပ်ချုပ်ရေးသမိုင်းအားဖြင့်တော့ - ဒီကျွန်းစုတွေကို ၁၈ ရာစုနှစ်အထိ ဘယ်ဘုရင် ဘယ်အစိုးရကမှ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားမရှိပါဘူး။ အကြောင်းကတော့ ဌာနေကျွန်းသားတွေဟာ တခြားဘယ်သူ့ကိုမှ ကျွန်းတွေပေါ်ကို ခြေအချမခံပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်တဲ့အပြင်၊ ကျွန်းတွေပေါ်မှာ ရောဂါဘယထူပြောလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယတောင်ပိုင်း ချိုလအင်ပါယာ (Chola Empire) ခေတ်၊ အေဒီ ၁၀ ရာစုနှစ်အတွင်းမှာတော့ ဒုတိယမြောက် ရာဂျင်ဒရာဘုရင် (Rajendra Il) က သူ့ရဲ့ ရေတပ်လှေနဲ့ ရွက် သင်္ဘောကြီးတွေကို ဒီကျွန်းစုတွေပေါ်မှာ အခြေချပြီး၊ အင်ဒိုနီးရှား ဆူမတြားကျွန်းက သီရိဝိဇယအင်ပါယာ (Sriwijaya Empie) ကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေ ရှိပါတယ်။ အေဒီ ၁၇ ရာစုခေတ် အိန္ဒိယက မာရတအင်ပါယာ (Maratha Empire) ခေတ်မှာလည်း ဒီကျွန်းတွေပေါ်မှာ ရေတပ်စိုးမိုးမှု တည်ထောင်ခဲ့ပြီး၊ မာရတအင်ပါယာပိုင်နယ်မြေတွေအဖြစ် ကြေငြာခဲ့ဖူးပါတယ်။
ပုံ- ၂ 

ကိုကိုးကျွန်းစုနဲ့ အန်ဒမန်ကျွန်းစုတွေကို ဗြိတိသျှ-အရှေ့အိန္ဒိယကုမ္ပဏီက ၁၈ ရာစုနှစ် အစောပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး၊ ၁၇၈၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရရဲ့ ဗြိတိသျှ-အိန္ဒိယအင်ပါယာအောက်က ဘင်္ဂလားပြည်နယ်အုပ်ချုပ်ရေး (Presidency of Bengal Province) ထဲကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အန်ဒမန်ကျွန်းမကြီးနားက ချန်တန်ကျွန်း (Chantam island) မှာ ရေတပ်စခန်းတခုနဲ့ အကျဉ်းစခန်းတခုကို တည်ထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါဘယကြောင့် အကျဉ်းသားနဲ့ ၀န်ထမ်းတွေ အသေအပျောက်များတဲ့အတွက် ၂ နှစ်အကြာမှာ အကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီ ချန်တန်ကျွန်းဟာ နောင်အခါမှာ အန်ဒမန်ကျွန်းရဲ့ မြို့တော် ပို့ဘလဲယား (Port Blair) ဖြစ်လာပါတယ်။ ဒီနောက်နောက်ထပ် နှစ်ပေါင်း ၆၀ နီးပါးအကြာ၊ ၁၈၅၈ ခုနှစ်မှာတော့ အဲဒီနေရာမှာပဲ အကျဉ်းစခန်းကို ပြန်လည်တည်ထောင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအနောက်ခြမ်းက နိုင်ငံရေးအကျဉ်းသားတွေကို ချုပ်နှောင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေဟာ ၁၈၂၄ ခုနှစ်မှာ အရှေ့အိန္ဒိယကုမ္ပဏီရဲ့ ဘင်္ဂလားတပ်မကြီးနဲ့ မဒရပ်တပ်မကြီးတွေကို သုံးပြီး မြန်မာနိုင်ငံအောက်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်စဉ်က အန်ဒမန်ကျွန်းမကြီးပေါ်က ပို့ကွန်းဝါးလစ် (Port Cornwallis) ဆိပ်ကမ်းကို အသုံးပြုခဲ့ပါတယ်။ 

နီကိုဘာကျွန်းစုကိုတော့ ဒိန်းမတ်-အရှေ့အိန္ဒိယကုမ္ပဏီက ၁၇၅၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပေမဲ့ ငှက်ဖျားနဲ့ တခြားရောဂါတွေ ထူပြောကူးစက်မှုကြောင့် လက်တွေ့အားဖြင့် အုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒီကျွန်းကို ဒိန်းမတ်နိုင်ငံက စွန့်လွှတ်သွားပြီဆိုတဲ့အထင်နဲ့ သြစကြီးယားနိုင်ငံက ၁၇၇၈ ခုနှစ်နဲ့ ၁၇၈၃ ခုနှစ်တွေအတွင်းမှာ ကို လိုနီပြုဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အီတလီအစိုးရကလည်း ဒီကျွန်းကို ၁၈၆၄ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံဆီကနေ ၀ယ်ဖို့ကြိုးစားခဲ့ပေမဲ့ အစိုးရပြုတ်ကျသွားခဲ့လို့ မဝယ်ဖြစ်လိုက်ပါဘူး။ နောက်ဆုံး ၁၈၆၈ ခုနှစ်ကျမှ အင်္ဂလိပ်တွေက ဒိန်းမတ်နိုင်ငံဆီကနေ ၀ယ်ယူလိုက်ပြီး သူ့ရဲ့ ဗြိတိသျှ-အိန္ဒိယအင်ပါယာအောက်ကို ထည့်သွင်းခဲ့ပါတယ်။ 

အင်္ဂလိပ်တွေဟာ မြန်မာပြည်အောက်ပိုင်းကိုစတင်သိမ်းပိုက်ခဲ့ချိန်ကတည်းက မြန်မာနယ်မြေတွေကို ဗြိတိသျှ-အိန္ဒိယအင်ပါယာအောက်မှာ ထည့်သွင်းပြီး ဘင်္ဂလားဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်မှာ ထားခဲ့ပါတယ်။ ၁၈၈၂ ခုနှစ်အရောက်မှာတော့ ကိုကိုးကျွန်းစုရဲ့ အုပ်ချုပ်ရေးကို အောက်မြန်မာနိုင်ငံရဲ့ ဗြိတိသျှကော်မရှင်နာမင်းကြီး ချားလ်ဘားနဒ် (Charles Bernard) လက်အောက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကိုကိုးကျွန်းကို အင်္ဂလိပ်တွေ ပိုင်ဆိုင်ထားဆဲကာလ ၁၉၃၀ ခုနှစ်မှာ (အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်က ရန်ကုန်၊ မော်လမြိုင်နဲ့ မြိတ်မြို့တွေမှာ အခြေစိုက်ပြီး ပင်လယ်ပြင်ကုန်သွယ်ရေး လုပ်နေတဲ့) အိန္ဒိယ ဂူဂျရာတီလူမျိုး ဂျာဝက်မိသားစု (Jawet family)ကို နှစ်ရှည်စာချုပ်နဲ့အငှားချပြီး စီးပွားရေးလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ အင်္ဂလိပ်အစိုးရဟာ ၁၉၃၅ ခုနှစ် မြန်မာအစိုးရအက်ဥပဒေ (Government of Burma Act, 1935) ကို ထုတ်ပြန်ပြီး၊ မြန်မာပြည်ကို ဗြိတိသျှ-မြန်မာနယ်မြေအဖြစ် ဗြိတိသျှ-အိန္ဒိယနယ်မြေထဲကနေ ခွဲထုတ်ခဲ့ပါတယ်။ ဒီနောက် ၁၉၃၇ ခုနှစ်မှာ ကိုကိုးကျွန်းစုကို ဗြိတိသျှ-မြန်မာဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ နဲ့ ၁၉၄၅ ခုနှစ် အတွင်းမှာတော့ ကိုကိုးကျွန်းစု၊ အန်ဒမန်ကျွန်းစုနဲ့ နီကိုဘာကျွန်း စုတွေကို ဂျပန်ရေတပ်က သိမ်းပိုက်ထားခဲ့ပါတယ်။ ဂျပန်တွေ စစ်ရှုံးပြီးတဲ့နောက်မှာ အဲဒီကျွန်းစုတွေရဲ့ အုပ် ချုပ်ရေးဟာ အင်္ဂလိပ်အစိုးရလက်ထဲကို ပြန်ရောက်လာပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ၊ မြန်မာနိုင်ငံ လွတ် လပ်ရေးရချိန်မှာတော့ ကိုကိုးကျွန်းစုဟာ မြန်မာပိုင်နက်နယ်မြေထဲမှာ ပါဝင်လာခဲ့ပါတယ်။ ကျန်တဲ့ အန်ဒမန်နဲ့ နီကိုဘာကျွန်းစုတွေကတော့ အဲဒီနှစ် သြဂုတ်လမှာ လွတ်လပ်သွားတဲ့ အိန္ဒိယနိုင်ငံသစ်ရဲ့ ပိုင်နက်နယ်မြေတွေ ဖြစ်လာကြပါတယ်။
ပုံ- ၃

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရခေတ်မှာတော့ ကိုကိုးကျွန်းမှာ အကျဉ်းထောင် ဆောက်လုပ်ပြီး ကျောင်းသားခေါင်းဆောင်တွေ၊ သတင်းစာဆရာတွေနဲ့ နိုင်ငံရေးသမားတွေကို ချုပ်နှောင်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီခေတ် ၁၉၆၉ ခုနှစ်မှာလည်း တသက်တကျွန်း ထောင်ဒဏ်ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းအကျဉ်းထောင်ဆီထပ်မံပို့ဆောင်ပြီး ချုပ်နှောင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီခေတ်မှာ ဒီကျွန်းကို တကျွန်းလို့ လူသိများခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကိုကိုးကျွန်းစုကို ရန်ကုန်တိုင်းရဲ့ မြို့နယ်တခုအဖြစ် သတ်မှတ်ထားပါတယ်။

၁- ပုံထဲမှာ အိန္ဒိယပိုင် အန်ဒမန်ကျွန်းစုတွေနဲ့ နီကိုဘာကျွန်းစုတွေကိုသာ မြင်ရပါတယ်။ မြန်မာပိုင် ကိုကိုးကျွန်းက သေးလွန်းလို့ ဒီပုံမှာ မမြင်ရပါဘူး။
၂- မြန်မာပိုင် ကိုကိုးကျွန်းစု
၃- အိန္ဒိယပိုင် အန်ဒမန်နဲ့ နီကိုဘာကျွန်းစု
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar