Breaking News

မောင်လူပေ - ကိုရိုနာပိုး အာရှမှာ ကူးစက်မှု တိုး



မောင်လူပေ - ကိုရိုနာပိုး အာရှမှာ ကူးစက်မှု တိုး
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၀


တစ်ရက်အတွင်း ကူးစက်မှုအသစ် နှစ်သိန်းရှစ်သောင်းကျော်တွေ့ရှိပြီး ခြောက်ထောင်ကျော် သေဆုံးသည်။ ကူးစက်ခံ (၂၈)သန်းနှင့် သေဆုံးသူကိုးသိန်းကျော် ရှိလာသည်။ သန်းနှစ်ဆယ်ခန့် သက်သာပျောက်ကင်းခဲ့သည်။

ဗိုင်းရပ်ပိုးသည် ဦးနှောက်ထဲအထိ ဝင်ရောက်နိုင်သဖြင့် ပြန်လည်ပျောက်ကင်းသူများမှာ နာတာရှည်ခေါင်းကိုက်ခြင်း၊ ကာလတိုမေ့လျှော့ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်သည်ဟု အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ်၏ ရှေးဦးလေ့လာချက်တစ်ခုအရ သိရသည်။

စမ်းသပ်မှုခေတ္တရပ်ဆိုင်းထားသော AstraZeneca ကာကွယ်ဆေးသည် လက်တွေ့တွင် အလုပ်ဖြစ်မဖြစ်ကို နှစ်မကုန်မီ သိရမည်ဟု ဆေးကုမ္ပဏီ၏ ထိပ်တန်းတာဝန်ရှိသူက ဆိုသည်။

စင်္ကာပူလေကြောင်းလိုင်း၏ အလုပ်နေရာ (၄၃၀၀)ကို လျှော့ချမည်ဟု SIA က ကြေညာသည်။ အလုပ်နေရာများ၏ ၂၀% ရှိသည်။ အလုပ်နေရာ ၁၉၀၀ ကို လျှော့ချပြီးနောက် ထပ်မံ လျှော့ချခြင်း ဖြစ်သည်။ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ အထိနာလျှက်ရှိသည်။

အိန္ဒိယတွင် တစ်ရက်အတွင်းမှာ ကူးစက်သူ ကိုးသောင်းခွဲကျော် စံချိန်တင်တွေ့ရှိခဲ့သည်။ ကူးစက်ခံ လေးသန်းခွဲနီးပါးအထိ ရှိလာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာကို လော့ခ်ဒေါင်းချလိုက်ကြောင်း မြို့တော်ဝန်ကကြေညာသည်။ အရေးကြီးလုပ်ငန်း(၁၁)မျိုးမှအပ ကျန်လုပ်ငန်းများ ပိတ်ရမည်ဖြစ်သည်။ ဤသို့ မထိန်းချုပ်ပါက (၁၂)ရက်နေ့ရောက်လျှင် ဆေးရုံများတွင် မနိုင်မနင်းဖြစ်တော့မည်ဟု ခန့်မှန်းမော်ဒယ်တစ်ခုက ဆိုထားသည်။ ဖျော်ဖြေရေးလုပ်ငန်းအားလုံးရပ်ဆိုင်းထားပြီး လူစုဝေးခြင်းများကိုလည်း တားမြစ်ထားသည်။ ဘာသာရေး ဝတ်ပြုခြင်းများကိုလည်း ပိတ်ပင်ထားသည်။ ရောဂါကြောင့် (၈၃၀၀)ကျော် သေဆုံးခဲ့သည်။

မြန်မာပြည်တွင် တစ်ရက်အတွင်း (၂၆၂)ဦး ကူးစက်မှုတွေ့ရှိခဲ့သဖြင့် ကူးစက်ခံ (၂,၁၅၀)ဦးရှိကာ (၁၄)ဦးသေဆုံးခဲ့သည်။