Breaking News

မောင်ရစ် - သပိတ်မှောက်ခြင်း၊ အရှက်ခွဲခြင်းနဲ့ အမည်ပြောင်ပေးခြင်း



မောင်ရစ် - သပိတ်မှောက်ခြင်း၊ အရှက်ခွဲခြင်းနဲ့ အမည်ပြောင်ပေးခြင်း

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၀

အမေရိကားမှာတော့ လက်ရှိသမတကြီးလက်ထက်မှာ ကိုဗစ်မတိုင်ခင်ကတည်းက အငြင်းပွားစရာတွေ အများကြီးဖြစ်ခဲ့တယ်။ ကိုဗစ်လည်း ဖြစ်ရော လူဘောင်လောကမှာ ပဋိက္ခတွေ တိုးသည်ထက်တိုးတာပဲ။ ထင်ရှားတဲ့ဥပမာတခုကတော့ မျက်နှာဖုံး တပ်ခြင်း မတပ်ခြင်းကိစ္စ။ ၂၀၁၆ ရွေးကောက်ပွဲနိုင်ပြီး အမေရိကန်မှာ သမတဖြစ်လာသူကြီးက ပြည်တွင်းမှာ ရှေးရိုးစွဲ လက်ယာစွန်း အရေးကိစ္စတွေကို ရှေ့တန်းတင်ပါတယ်။ နိုင်ငံတကာနဲ့လည်း ဆက်ဆံရေး ပြတ်တောက်လာတယ်။ အဲသည်မှာ မခံမရပ်နိုင် တုန့်ပြန်ကြတဲ့ မျိုးဆက်ကတော့ လူငယ်မျိုးဆက်တွေ ဖြစ်ပါတယ်။ လူကြီးတွေထက်စာရင် လူငယ်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်တုန့်ပြန်မှုတွေ လုပ်ကြတယ်။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ လူငယ်မျိူးဆက်သစ်တွေကြား ထင်ရှားလှုပ်ခတ်တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင် - Me Too ဆိုတဲ့ အမျိုးသမီးလိင်အကြမ်းဖက်ခံရတာကို တွန်းလှန်ခြင်း၊ Inequlity လူတွေ တန်းတူမှုမရှိဘဲ ခွဲခြား ဆက်ဆံခံရခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟချက် ကြီးမားခြင်းကို ရှုတ်ချခြင်း၊ Black Lives Matter ဆိုတဲ့ လူမျိုးရေး အသားအရောင် ခွဲခြမ်းမှုကို တွန်းလှန်ခြင်း၊ Minimum Pay Raise အနည်းဆုံးလုပ်ခတိုးမြှင့်ပေးဖို့ အရေး၊ Universal Health Care လူတိုင်း ကျန်းမာရေးအာမခံချက် ရှိဖို့ အရေး စတာတွေဟာ မျိုးဆက်သစ်တွေရဲ့ လက်ရှိအရေး အနာဂတ်အရေးဖြစ်လာပါတယ်။

သည်တော့ အဲသည်အရေးတွေမှာ အကဲဆတ်လာတဲ့ မျိုးဆက်သစ်ဟာ လက်ရှိအမေရိကန်သမတကြီးလို သူမကြိုက်ရင် မကြိုက်သလို ဟန်မဆောင်ဘဲ ဟောဟောဒိုင်းဒိုင်း တုတ်ထိုးအိုးပေါက် ပြောဆို လုပ်ကိုင်သလိုမျိုးပဲ တင်းမာတဲ့ တုန့်ပြန်မှုတွေ လုပ်လာကြတယ်။ အထိမခံရွှေပန်းကန်တွေ ဖြစ်လာကြတယ်လို့ သတင်းသမားတွေက သုံးသပ်ကြပါတယ်။

သူတို့ကြောင့် ထင်ရှားလာတဲ့ ခေတ်ပေါ်ဝေါဟာရအသုံးတွေကတော့ - Cancle Culture နဲ့ Public Shame-ing ဆိုတာ ၂ ခုကို ကောက်နုတ်ပြချင်ပါတယ်။

Cancel Culture ဆိုတာက လက်ရှိလက်ခံထားပြီးသား အလေ့အထ ထုံးစံ အကြိုက်တခုခုကို ပစ်ပယ်လိုက်တာ ရုတ်သိမ်းလိုက်တာပါ။ သပိတ်မှောက်ပစ်လိုက်တာ။ အင်္ဂလိပ်လိုဆိုရင်တော့ cancel လုပ်တယ်ပေါ့။ လူငယ်မျိုးဆက်သစ်တွေဟာ သူတို့ မကြိုက်တော့ဘူး၊ လက်မခံတော့ဘူး ဆိုတာနဲ့ အခြားပရိသတ်တွေကိုပါ လိုက်လံ စည်းရုံးပြီးတော့ အဲသည် အဆိုတော်၊ အစားအသောက်၊ ပညာရှင်၊ စာအုပ်၊ အနုပညာ ဘယ်အရာကိုမဆို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြတော့တာ အကျင့်ကြီး ဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ လက်ရှိသမတကြီးရဲ့ သမီး၏ ဖက်ရှင်လုပ်ငန်းတွေ ပစ္စည်းတွေကို သူတို့က မကြိုက်တော့ဘူး ဆိုပြီး cancel လုပ်ပစ်ကြတယ်။ စကားပြောမှား ဆိုးမှားရှိတဲ့ နာမည်ကြီးတွေဆိုရင်လည်း မကြိုက်တော့ဘူး၊ အားမပေးတော့ဘူး ဆိုပြီး cancel လုပ် သပိတ်မှောက်ပစ်ကြတယ်။ တလောက မြန်မာပြည်မှာလည်း အဆိုတော်တဦးရဲ့ MTV က နိုင်ငံတော်အတိုင်ပင်ခံကို စော်ကားသရော်လို့ မြန်မာလူငယ်ပရိသတ်က သပိတ်မှောက်ကြ cancel လုပ်ကြတာမျိုးပေါ့။

နောက်တခုကတော့ Public shamming လူကြားထဲ အရှက်ခွဲခြင်း။ သီးခံအားနာတဲ့စိတ် ကုန်ခမ်းနေတဲ့ မျိုးဆက်ဟာ မျက်စိရှေ့မှာ မတော်မတည့် အမှားအယွင်း စော်ကားမှုတွေ ပြစ်တင်ပြောဆိုမှုတွေကို ကြုံရတာနဲ့ ချက်ခြင်း ဆိုရှယ်မီဒီယာပေါ် တင်ပြီး လူထုကို ချပြပြီး အဲသည်အပြစ်ကျုးလွန်သူကို အရှက်ခွဲပစ်ကြတာမျိုးပါ။ ဥပမာ တခုပြရရင် အမေရိကားမှာ အာရှသားတွေကို ရထားပေါ်မှာ လူတချို့က မင်းတို့ ပြန်သွား၊ ဒီမှာမနေနဲ့၊ အမှိုက်သရိုက်တွေလို့ စော်ကားတာကို ဗီဒီယိုရိုက် ဖေ့စ်ဘွတ်တင်လိုက်တဲ့အခါ မီဒီယာတွေမှာကော ခေါင်းဆောင်တွေကပါ တွေ့ရှိသွားပြီး အဆိုပါလူတွေ ပြစ်တင်ရှုတ်ချကန့်ကွက်ခံကြရပါတယ်။ ဒီလို အရှက်ခွဲခံရတော့မှလည်း သည်လိုလူတွေ အရှိန်သတ်သွားကြတာမျိုး ရှိပါတယ်။ မြန်မာပြည်မှာလည်း ရိုင်းစိုင်းကြမ်းတမ်းမှုတွေ ဒုစရိုက်မှုတွေကို ဖေ့စ်ဘွတ်ပေါ် ရိုက်တင်ကြလို့ လူအများကြားမှာ အရှက်ကွဲကြတာတွေ တွေ့ဖူးကြမယ် ထင်ပါတယ်။

အခု အပေါ်က ၂ ခုက အင်္ဂလိပ်လိုဆိုရင် cancel culture and public shame-ing - မြန်မာလိုဆိုရင်တော့ သပိတ်မှောက်ခြင်းနဲ့ အရှက်ခွဲခြင်းဆိုတဲ့ ခေတ်စားလာတဲ့ အကျင့်၂ခုပါ။ နောက်ဆုံးပြောချင်တာကတော့ အမည်ပြောင်ပေးခြင်း။ အင်္ဂလိပ်လိုဆိုရင် calling names လို့ ပြောရမယ်။ တကယ်က calling names ဆိုတာ နာမည်ခေါ်တာမဟုတ်ဘူး၊ မအေ နှမကိုင်တုတ်ပြီး ဆဲရေးတာကို call names လုပ်တယ်ဆိုရမယ်။ သို့သော် အခုခေတ်စားတာက ဆဲတဲ့အဆင့်ထိမဟုတ်ဘူး၊ အမည်ပြောင်ပေးခြင်းလို့ ဆိုရမယ်။

ဖြစ်ပုံက သည်လို … ကိုဗစ်ကာလမှာ တလွဲကောင်တွေ တလွဲကောင်မတွေ လူပုံအလည်မှာ မရှက်မကြောက် ပြောကြ ဆိုကြတယ်။ မျက်နှာဖုံး မတပ်ဘူး၊ သူများတွေ တပ်ခိုင်းရင် ဆဲဆိုပြီး ရန်ရှာကြတယ်။ လူဖြူမတွေ လူဖြူထီးတွေထဲကအချို့ဟာ အထူးသဖြင့် အခွင့်ထူးခံတွေလို မောက်မာရိုင်းစိုင်းကြတယ်။ သည်လိုလူမျိုးတွေကို ကျန်သူတွေက အမည်ပြောင်တွေ ပေးထားကြတယ်။ အမေရိကန်မှာ အဲသည်လို လူတွေကို Karen & Kyle တွေတဲ့။ ကဲရင်နဲ့ကိုင်းလ် လို့ သူတို့ကို ခေါ်ကြတယ်။ မြန်မာပြည်မှာဆိုရင် ဗိုလ်ရူးတွေကို မောင်သောင်းဖေလို့ ခေါ်သလိုမျိုး။ ယဉ်ယဉ်လေးနဲ့ နှိပ်ကွပ်နည်းပေါ့။ ဘယ်လိုလုပ် ကဲရင်နဲ့ ကိုင်းလ်လို့ အမည်ပြောင်ပေးတာလဲ။

၁၉၆၀ ၇၀ ခုနှစ်တွေတုန်းက အမေရိကားမှာ အများစုကင်ပွန်းတတ်ကြတဲ့ ကလေးအမည်က မိန်းကလေးဆိုရင် Karen ယောက်ျားလေးဆိုရင် kyle လို့ အဲသည်ခေတ်က ပေးတာ ခေတ်စားခဲ့တယ်။ လူဖြူတွေကြားထဲမှာ နာမည်မေးလိုက် - Karen and Kyle တွေချည်း များတယ်လို့ အဲသည်တုန်းက ဟာသပြောစမှတ်ရှိခဲ့တယ်။ အခုတော့ အဲသည်လို ခပ်ကြောင်ကြောင် မောက်မာရိုင်းစိုင်းတဲ့ အဖြူဂုဏ်မောက်သူတွေကို လူငယ်မျိုးဆက်သစ်တွေက နာမည်ပြောင်အဖြစ် ကဲရင်တွေ ကိုင်းလ်တွေလို့ ခေါ်ကြတော့တာပဲ။ အဲသည်လို အပြောခံရရင် အဲသည်လူတွေဟာ ဆတ်ဆတ်ခါ နာကြတယ်တဲ့။ မြန်မာပြည်မှာဆိုရင်တော့ နီပေါတွေ၊ ကြံ့ဖွတ်တွေ လို့ အမည်ပြောင်ပေးကြ၊ ခေါ်ကြတာကို အခေါ်ခံရသူတွေက မကြိုက်ကြသလိုပေါ့။ ဒါကတော့ နောက်ဆုံးခေတ်စားတဲ့ အခေါ်အဝေါ် - အမည်ပြောင်ပေးခြင်း။

ကပ်ဆိုက်ပြီး ပဋိ့ပက္ခ အကြပ်အတည်းတွေအောက်မှာ ပိတ်မိနေတဲ့ မျိုးဆက်ဟာ မျော်လင့်ချက် မရှိသလို ဖြစ်နေပါတယ်။ ခေါင်းဆောင်ကောင်းတွေက ထွက်ပေါက်နဲ့ အနာဂတ်ကို ဦးဆောင်မှု ပေးဖို့ လိုအပ်ချက်ဟာကွက်ကြီး ဖြစ်နေတယ်။ နေရာတကာမှာ အားလုံးက ဆရာကြီးတွေချည်း၊ လူမိုက်တွေချည်း၊ လူပေါတွေချည်း ဆိုတော့ မင်းလည်း အသုံးမကျဘူး၊ ငါလည်း အသုံးမကျဘူး ဆိုရမလို ဖြစ်နေတယ်။ သည်အချိန်မှာ ခေတ်စားတဲ့ အကျင့်စရိုက်ဟာ ခေတ်ကို ပြဌာန်းပါတယ်။ သပိတ်မှောက်တယ်၊ အရှက်ခွဲတယ်၊ အမည်ပြောင်ပေး စော်ကားမယ် ဒီလိုတွေချည်း ဖြစ်နေတယ်လို့ သတိချပ်ကြစေချင်ပါတယ်။

သည်အချိန်မှာ လူသားအချင်းချင်း သတ္တဝါအချင်းချင်း ကိုယ်ချင်းစာ ဂရုဏာထား မေတ္တာပွားကြတဲ့ စိတ်တွေ ပြန်လည် လေ့ကျင့် ပြန့်ပွားဖို့ လိုတယ်လို့ ခင်ဗျား မထင်ဘူး မဟုတ်လား။