Breaking News

ကိုသန်းလွင် - ဂရိ နှင့် တူရကီတို့အရေး



ကိုသန်းလွင် -  ဂရိ နှင့် တူရကီတို့အရေး

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၀

Ref: Turkish Greek Feud is too Hot , Editorial New York Times August 31 2020.

(၁)

ကမ္ဘာတစ်ဝှမ်းလုံး ကိုရိုနာဗိုင်းရပ်ကြောင့် ဒုက္ခရောက်နေချိန်တွင် နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သော ဂရိ နှင့်တူရကီတို့သည် အငြင်းပွားမှုပေါ်ပေါက်နေပြန်ပါသည်။ မူလ နှစ်နိုင်ငံပြဿနာက အသေး အကြီး မခွဲခြားနိုင် မီမှာပင် အခြားဘေးမှ နိုင်ငံများကပါ ပါဝင်လာပြန်သောအခါ ရှုတ်ထွေးမှုတွေဖြစ်ကုန်ကြရပြန်သည်။ ထိုအခက် အခဲပြဿနာများကို ဂျာမနီကနိုင်ငံတစ်ခုသာကြားမှဝင်ရောက်ဖြန်ဖြေနိုင်ရန် အနေအထားတွင် ရှိနေပါသည်။

ဂရိနိုင်ငံသည် အော်တိုမန်အင်ပိုင်ယာလက်အောက်မှ ၁၈၃၀ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် ဂရိနှင့်တူရကီ (Greco Turkish war) စစ်ဖြစ်ခဲ့သည်။ ၁၉၁၂ -၁၉၁၃ ခုနှစ်တွင်ဘော်လကင် (Balken war) စစ်ဖြစ်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဂရိတို့က တူရကီနိုင်ငံမြို့တော် ကွန်စတင်တီနိုပယ်ကို သိမ်းမည်ဟု ပထမ ကမ္ဘာစစ် (၁၉၁၄ - ၁၉၁၈) ထဲပါခဲ့ပြီးနာက်ဆုံးတွင် (၁၉၁၉ - ၂၂) အတွင်းစစ်ဖြစ်ရပြန်သည်။ နှစ်နိုင်ငံ မိတ်ဆွေအဖြစ် ၁၉၃၀ နှင့် ၁၉၄၀ တို့တွင်နေခဲ့ကြပြီး ၁၉၅၂ တွင်နှစ်နိုင်ငံလုံးနေတိုးအဖွဲ့ဝင် ဖြစ်လာကြပါသည်။ ၁၉၆၀ တွင်တူရကီမှ ဂရိလူမျိုးများကိုနှင်ထုတ်ခဲ့ပြီး ၁၉၇၄ ဆိုက်ပရပ်ဆွင် အာဏာသိမ်းမှုဖြစ်သောအခါ တူရကီ က ဆိုက်ပရပ်ကျွန်းမြောက်ပိုင်းကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ၁၉၉၉ ခုနှစ်များတွင်နှစ်နိုင်ငံသည် ဆက်ဆံရေး မှာ ကြမ်းတမ်းလွန်းသဖြင့်( earthquake Diplomacy) ဟုခေါ်ခဲ့ကြပြီး တူရကီတို့ ဥရောပကောင်စီဝင်ဖြစ်ရေးကို ဂရိတို့ကအပြင်းအထန် ကန့်ကွက်ခဲ့သည်။

(၂)

ယခုတစ်ကြိမ် ပြဿနာဖြစ်ရသည်မှာ “စွမ်းအင်”ဖြစ်ပါသည်။ မြေထဲပင်လယ်အရှေ့ပိုင်းတွင်လွန်ခဲ့သော ၁၀ နှစ်ခန့်က စ၍ သဘာဝဓာတ်ငွေ့တွေ့ရှိခဲ့သည်။ ဂရိကပြောသည်မှာ သူတို့ပိုင်သောကျွန်းများ မြောက်များစွာ ရှိသောအပိုင်းမှာ ဓာတ်ငွေ့များကို တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသဘာဝဓာတ်ငွေ့ကို သူတို့ပိုင်ဆိုင်သည် ဟုဆို၏။ ၄င်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကလည်းထောက်ခံကြပါသည်။ တူရကီက ထိုအချက် ကိုသဘောမတူညီနိုင်ခဲ့။ ဆိုက်ပရပ်ကျွန်းတဝိုက် ရေနံဓာတ်ငွေ့ရှာရာသို့ ရေနံရှာသောသင်္ဘောများနှင့်အတူ ၄င်း ရေတပ်ပိုင် စစ်သင်္ဘောများကို စေလွှတ်ခဲ့ပါသည်။

တူရကီနှင့် ဂရိတို့၏အငြင်းပွားမှုသည် ယခုမှ ဖြစ်ရသည်မဟုတ်ပါ။ ဖေါ်ပြခဲ့သည့်အတိုင်း ဂရိနှင့် တူရကီတို့ သည် ရှည်လျားသောသမိုင်းကြောင်းတလျောက် ငြင်းခုန်ခဲ့ကြပါသည်။ ယခုအရေးအခင်းကိုပိုမို ရှုတ်ထွေးစေ သည်ကတော့ သဘာဝဓာတ်ငွေ့သိုက်ကို အခြားနိုင်ငံများကပါ မျက်စိကျနေကြခြင်းဖြစ်ပါသည်။ ဖြစ်သင့်သည် မှာ ထို ဓာတ်ငွေ့ကို ထိုနိုင်ငံများစုပေါင်းတူးဖေါ်ကာ ရရှိလာသောဓာတ်ငွေ့ကို သူတို့အကြားမှ ခွဲဝေအသုံးပြုရန် သာဖြစ် ပါသည်။ ထိုနိုင်ငံများသည်ထိုသို့သော သဘောထားနှင့်လာရောက်တူးဖေါ်နေကြခြင်းဖြစ်ပါသည်။ ဂရိ၊ဆိုက်ပရပ် အစ္စရေး၊ အီဂျစ်၊ အီတလီ၊ ဂျော်ဒန်နှင့် ပါလစတိုင်းတို့ပင်ပါလိုက်ပါသေးသည်။

သို့သော် တူရကီအစိုးရက ထိုနိုင်ငံများ စုပေါင်းတူးဖေါ်ခြင်းတွင် ပါဝင်ပုံမရဟု သူ့ကိုယ်သူ ထင်ပုံရပါသည်။ အထူးသဖြင့်တူရကီသမ္မတအက်ဒဝန် (Recep Tayyip Erdogen) သည်သူ၏အာဏာရှင်ဆန်သောလုပ်ရပ်များ နှင့် ကန့်လန့်တိုက် နေသော လုပ်ရပ်များကို ဆီးရီးယား၊ လစ်ဗျားနှင့်တူရကီနိုင်ငံတို့တွင်ပြုမှုခဲ့ပါသည်။ ပြဿနာ ကို ပိုမိုရှုတ်ထွေးစေသည်မှာ တူရကီသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးဥရောပကောင်စီအဖွဲ့ဝင်မဟုတ်ခြင်း၊ ဆိုက် ပရပ်သည် ဥရောပကောင်စီတွင်ပါဝင်ပြီး နေတိုးအဖွဲ့ဝင်မဟုတ်ခြင်း။ ဂရိနိုင်ငံကမှု နေတိုးနှင့် ဥရောပကောင်စီ ၂ ခုစလုံးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။ ထို့ကြောင့် သစ္စာရှိပုံ (Loyality) ခြင်းမတူညီဘဲ ဖြစ်နေပါသည်။

ထို့ပြင် ဆိုက်ပရပ်နိုင်ငံတွင် တောင်ပိုင်းမြောက်ပိုင်းကွဲနေပြီး ဆိုက်ပရပ်တောင်ပိုင်းကို ဂရိတို့ကအုပ်ချုပ်ပါ သည်။ ဆိုက်ပရပ်မြောက်ပိုင်းကို တူရကီကအုပ်ချုပ်ပြီး ဤဖြစ်ရပ်ကို မည်သည့်နိုင်ငံကမှ အသိအမှတ်မပြုခြင်း တို့ဖြစ်နေကြပါသည်။

ဂျာမနီ၏ဖြန်ဖြေရေးအစီအစဉ်မှာ ဂရိက အီဂျစ်နိုင်ငံနှင့် ပူးပေါင်း၍ ပိုမိုကျယ်ပြန့်လာသော ဧရိယာရေပြင် ကို ရေနံရှာဖွေတော့မည်ဟု ကြေညာခြင်းကြောင့် ပျက်ပြားခဲ့ရပါသည်။ ဤသို့ကြေညာခြင်းမှာ တူရကီကလည်း အလားတူလစ်ဗျားနိုင်ငံနှင့် ပူးပေါင်း၍ သူတို့၏နယ်ဧရိယာကို တိုးမြင့်လိုက်ခြင်းကြောင့်ဖြစ်သည်။ တူရကီက ထို သို့ရှာဖွေစဉ်အတွင်းတွင် ထိုရေနံရှာဖွေသူများကို စောင့်ရှောက်ရန်ရေတပ်သင်္ဘောများကို စေလွှတ်ထားခြင်းပင် ဖြစ်သည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ဂရိစစ်သင်္ဘောနှင့်တူရကီစစ်သင်္ဘောတို့ဝင်တိုက်ကြသောအခါ ပဋိပက္ခဖြစ်မှု မှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ပြင်သစ်တို့က လစ်ဗျားတွင် ၄င်းတို့ဆန့်ကျင်သည့်အုပ်စုကို တူရကီကအကူအညီ ပေးနေခြင်းအား မကျေမနပ်ဖြစ်ရာ ဂရိနှင့် တူရကီအငြင်းပွားရာအရပ်သို့ ဖိုက်တာ လေယာဉ်နှစ်စင်းကိုအကူ အညီ ပေးရန်စေလွှတ်ခဲ့သည်။ စစ်သင်္ဘောတစ်စင်းကိုလည်း စေလွှတ်ပြီး၊ ယခုအချိန်တွင် ဂရိ၊ ဆိုက်ပရပ် နှင့် အီတလီတို့ပူးပေါင်းကာ စစ်ရေးလေ့ကျင့်နေသည်။

ထိုအတောအတွင်း ဂရိတို့က ၄င်း၏အနောက်ဘက်ကမ်းခြေတစ်လျှောက် ၄င်းပိုင်နက်အဖြစ် ပင်လယ်ပြင် ၁၂ မိုင်ရှိသည်ဟု ကြေညာခဲ့သည်။ အလားတူ ဆိုက်ပရပ်အရှေ့ဘက်ကမ်းခြေကို ကြေညာပါက တူရကီက လက်ခံနိုင်ဖွယ်မရှိချေ။

၁၉၉၆ ခုနှစ်က တူရကီနှင့် ဂရိတို့သည် စစ်ဖြစ်ခါနီးအထိအခြေအနေဆိုးရွားခဲ့ရာ ထိုစဉ်က အမေရိကန်၏ ဖြန်ဖြေမှုကြောင့်နေတိုးနှစ်နိုင်ငံအချင်းချင်းကိစ္စ ပြေငြိမ်းခဲ့ရသည်။သမ္မတထရမ့်ကတူရကီသမ္မတ အက်ဒဝန်ထံ ဖုန်းဆက်ပြီး ပြဿနာကို ပြေပြေလည်လည်ဖြေရှင်းရန်ပြောခဲ့သော်လည်း ဤသို့ဖုန်းခေါ်ခြင်း မှာအရာရောက် ခြင်းမရှိခဲ့ပေ။ အမေရိကန်တို့သည် သမ္မတထရမ့် ၏ အုပ်ချုပ်မှုအောက်တွင် စေ့စပ်ဖြေရှင်းပေး နိုင်စွမ်းအားမရှိ ဖြစ်နေသည်။ အချိန်ကလည်း မဲဆွယ်ရမည့်အချိန်ဖြစ်နေသဖြင့် သမ္မတအဖို့ သူတို့ အရေးကိစ္စကို ထည့်သွင်း စဉ်းစားနိုင်စွမ်းရှိမည်မဟုတ်ပေ။ ဗြိတိန်မှာလည်း ဥရောပယူနီယံမှ ထွက်ခွါပြီးဖြစ်နေသဖြင့် ၄င်း၏ အနေအထား မှာလည်း အားကိုးရန်မရှိပေ။ တူရကီအနေဖြင့် ဥရောပယူနီယံအတွင်းဝင်ရောက်ရန်စိတ်ဝင်စားခြင်းမရှိသော ကြောင့် ၄င်းတို့အနေဖြင့်လည်း သမ္မတအက်ဒဝန်အပေါ်သြဇာသက်ရောက်နိုင်စွမ်း မရှိပေ။

သို့ဖြစ်၍ ဥရောပကောင်စီ၏ နိုင်ငံများလှည့်ပတ်ရေးအစီအစဉ်အရ ခေါင်းဆောင်ဖြစ်နေသော ဂျာမနီ အပေါ်မှာသာ တူရကီနိုင်ငံကို အကျိုးအကြောင်းလျော်ညီစွာစဉ်းစားရေး ပြောကြားရန် တာဝန်ကျရောက်လျက်ရှိ သည်။ ထိုနှစ်နိုင်ငံဆွေးနွေးပွဲ စားပွဲပေါ်သို့ရောက်လာရေးအတွက် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မတ် (Heiko Maas) မှာ အင်ကာရာနှင့် အေသင်မြို့အကြား ခေါက်တုန့်ခေါက်ပြန်သွားပြီးဆွေးနွေးလျက်ရှိသည်။ ဂျာမနီနိုင်ငံ က လည်းအများ ကောင်းကျိုးသက်သက်အတွက်ချည်း ဤအရေးကိစ္စကိုကိုင်တွယ်ရခြင်းမဟုတ်ပေ။

တူရကီသည် ဆီးရီးယား စစ်ဘေးဒုက္ခသည်များကို ဥရောကပနိုင်ငံအနှံ့အပြားသို့ရောက်ရှိသွားအောင် တိုက်ထုတ် ပြစ်နိုင်သည်။ စစ်ပြေးဒုက္ခ သည်အများစု၏ဦးတည်ရာနိုင်ငံမှာဂျာမနီဖြစ်သည်။ ဂျာမနီမှာလောလော ဆယ် စစ်ပြေးဒုက္ခသည် ကဒ်လူမျိုး ၃ သန်းခန့်ရောက်ရှိပြီး ဖြစ်နေသည်။ အဓိပတိ အင်ဂျလာမာကယ်မှာ ၄င်း၏ စစ်ပြေး ဒုက္ခသည်များ လက်ခံပေးရေး ပေါ်လစီကို တိုင်းပြည်ကကန့်ကွက်ခဲ့ပြီးဖြစ်ရာ ဂျာမနီအနေဖြင့်ထပ်မံ လက်ခံနိုင်ဖွယ်ရာအကြောင်း မရှိတော့ပေ။ ဂျာမနီက တူရကီသို့ပြောလိုသည်မှာ နောက်ထပ် ( Immigration Crisis) မဖြစ်စေရန် အတွက် တူရကီက မိမိနိုင်ငံအတွင်းရှိနေသော စစ်ပြေးဒုက္ခသည်များကို ရန်မရှာရန်ပင်ဖြစ် ပါသည်။

(၃)

စစ်ဖြစ်သည်ဆိုသည်မှာ မည်သူကမှ မလိုလားသောအခြေအနေဖြစ်ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံအချင်းချင်း စစ်ဖြစ်ရသည်ဆိုသည်မှာ မည်သူမျှတွေးဆမထားသည့်အချက်ဖြစ်ပါသည်။ ဂျာမနီနိုင်ငံခြားဝန်ကြီးက “အသေး ငယ်ဆုံးမီးစကလေးကပင် ကြီးမားစွာတောက်လောင်နိုင်သည်” ဟုပြောကြားနေသည်။ အရှေ့မြေထဲ ပင်လယ် နယ်ပယ်တွင် ပဋိပက္ခဖြစ်မှုမှာ အားကြီးလှသည်။ ဂျာမနီက ဘက်အားလုံးသို့ သည်းခံကြရန်နှင့်စစ်လိုလားသည့် အမူအရာများကို ရပ်တန်းကရပ်ရန်မေတ္တာရပ်ခံထားသည်။

ယခုအချိန်ထိတော့ ပြဿနာဖြစ်သည့်နေရာများတွင် ရေနံရှာဖွေမှုလုပ်ငန်းအားလုံးရပ်ဆိုင်းကြရန်မေတ္တာ ရပ်ခံချက်ကို မည်သူမှ မလိုက်နာကြသေးပါ။ ထို့နောက်မှ သံတမန်တို့က လိုက်ပါဖြေရှင်း ကြရန်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Turkish Greek Feud is too Hot , Editorial New York Times August 31 2020.