Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ (၁)

U Ba Kyi (1912 - 2000) FORWARD, Signed Oil on board. 38.5 by 66 cm; 15 1/4 by 26 in.. Executed circa 1960s

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ

အခန်း (၁) - အမျိုးသားရေးဝါဒ ဇစ်မြစ် 

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၀  

[ ကမ္ဘာပေါ် သြဇာကြီးလှသည့် အမျိုးသားရေးဝါဒ ၏ ဇစ်မြစ်သည် မည်သည့်အရာနည်း။ မည်သည့်အတွက် အမျိုးသားရေး ဝါဒ သည် ဝုန်းကနဲ ပေါ်ထွက်လာလိုက်၊ အားပျော့ ပျောက်ကွယ်သွားလိုက်ဖြစ်နေရသနည်း။ ကိုလိုနီစနစ်က အမျိုးသားရေးဝါဒ အပေါ် မည်သို့ သက်ရောက်ခဲ့သနည်း။ အင်အားကောင်းလှသလို သတိဖြင့် ကိုင်တွယ်ရမည့် အမျိုးသားရေးဝါဒ အကြောင်း ပိုမိုနားလည်လိုလျှင် အမျိုးသားရေးဝါဒ ၏ အခြေခံအကျဆုံး အတွင်းကျဆုံး ဇစ်မြစ်များကို လေ့လာမှုမှ စတင်သင့်သည်။]

အမျိုးသားရေး ဝါဒ မည်သို့မည်ပုံ ပေါ်ထွန်းလာသည် ဆိုသည့် အချက် အပေါ် အမျိုးသားရေး ဝါဒ ဆိုင်ရာ သမိုင်း ပညာရှင် များကြား၌တွင်ပင် အငြင်းပွားလျက်ရှိသည်။ အမျိုးသားရေး ဝါဒ မည်သို့ ပေါ်ထွန်းလာသနည်း ဆိုသည့် မေးခွန်းကို အမျိုးသားရေး ဝါဒ ၏ သဘောသဘာဝ နှင့် အမျိုးသားရေး အမှတ်လက္ခဏာ၏ သရုပ် စသည်တို့ က အနီးစပ်ဆုံး အဖြေပေးနိုင်သည်။

အမျိုးသားရေး ဝါဒ မည်သို့ပေါ်ထွန်း သနည်း ဆိုသည့် အမေးကို အယူအဆ ၃ ချက် ဖြင့် အဖြေ ပေးနိုင်သည်ဟု ပညာရှင် အန်တိုနီ စမစ်က ဆိုသည်။ လူသားတို့ နှင့်အတူ အမျိုးသားရေး ဝါဒ တစ်ချိန်လုံးရှိနေသည် ဆိုသော အမြင်ကို ရှေးကနဦး အစ အယူအဆ ( Primordialism ) ကို လက်ခံသူများက ယုံကြည်သည်။ ယင်းအမြင်ကို အစွန်းရောက်လက်ခံသူများကမူ လူသားတို့၏ သွေးသားဗီဇ ထဲတွင်ပင် အမျိုးသားရေး ဝါဒ အယူအဆများရှိနေသည်ဟု ဆိုသည်။ ကြားကာလ အယူအဆ ( perennialism ) အရ အမျိုးသားရေး ဝါဒသည် ဇီဝရုပ် အပေါ် အခြေခံခြင်း မရှိ ၊ သဘာဝ အတိုင်း တည်ရှိနေသည့်အရာ မဟုတ် ၊ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာ ခန့်ကမှ ပေါ်ထွန်းလာသည့် အရာ တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ခေတ်သစ် အယူအဆ ( modernism ) ကို လက်ခံသူများ အလိုအရမူ အမျိုးသားရေး ဝါဒ သည် ခေတ်သစ်တွင် ပေါ်ထွန်းလာသည့် ဖြစ်စဉ် တစ်ရပ် ဟု ဆိုသည်။ သို့သော်လည်း မည်သည့် နေ့၊ မည်သည့် ရက်တွင် အမျိုးသားရေး ဝါဒ ပေါ်လာကြောင်း ခေတ်သစ် ဝါဒီများကြားတွင်ပင် အငြင်းပွားလျက်ရှိသလို ခေတ်သစ် ဆိုသည်မှာ မည်သို့သော သဘာဝ ရှိသည် ဆိုခြင်း အပေါ်ပါ သဘောတူညီချက် မရရှိသေးပေ။

စိတ်ပညာပိုင်းဆိုင်ရာ အမြင်အရမူ အမျိုးသားရေး ဝါဒ နှင့် ပတ်သတ်၍ ရှင်းလင်းစရာပင် မလိုဟု ဆိုသည်။ လူ့ အဖွဲ့အစည်းတွင်သာမက တိရိစ္ဆာန် အစုအဖွဲ့များတွင်ပင် အုပ်စု အပေါ် ခင်တွယ်သည့် ဗီဇ စိတ်ရှိသည်ဟု ဆိုသည်။ သို့သော် ယင်း အမြင်ဖြင့် ယနေ့ခေတ် အမျိုးသားရေး ဝါဒ ကို နားလည်ရန် ကြိုးပမ်းပါက အလုပ်ဖြစ်မည် မဟုတ်ပေ။

လူသားများ၏ ဗီဇ၊ ဆွေမျိုးများ နှင့် အုပ်စုဝင်များကို ဦးစားပေးလိုသည့် စိတ်၊ ဆက်သွယ်ပြောကြားမှု လုပ်ဆောင်ရေး နှင့် အဓိပ္ပာယ်ဖွင့်ဆိုရေး အတွက် တူညီသည့် ယဉ်ကျေးမှု လိုအပ်မှု စသည်တို့ကို ထည့်သွင်း တွက်ချက်ကြည့်ပါက အမျိုးသားရေး အုပ်စုများ နှင့် အမျိုးသားရေး ဝါဒ သည် ကြား ကာလ အယူအဆ ကို လက်ခံသူများ ပြောသလိုပင် ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေသည်ဟု ယူဆနိုင်သည်။ ထို့ အပြင် ကမ္ဘာတစ်ဝန်းရှိ နေရာ အသီးသီးတွင်လည်း တွေ့နိုင်သည်။ သို့သော်လည်း သဘာဝ အတိုင်း သူ့အလိုလို ပေါ်လာသည်ဟု မယူဆနိုင်ပေ။ ထို့ကြောင့် ရှေးကနဦး အစ နှင့် ကြားကာလ အယူအဆကြား ကွဲပြားမှု အနည်းငယ်သာ ရှိသည်ကို တွေ့နိုင်သည်။

အမျိုးသား ဝါဒ ဆိုင်ရာ ပညာရှင်များစွာသည် ခေတ်သစ် ဝါဒီများ ဖြစ်သည်။ ၎င်းတို့သည် အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာပုံကို ပုံစံ နှစ်မျိုးဖြင့် ရှင်းပြလေ့ရှိသည်။

ပထမ ရှင်းပြမှု ပုံစံသည် အမျိုးသားရေး ဝါဒ နှင့် အရင်းရှင် စီးပွားရေး စနစ်ကြား ဆက်နွယ်မှု ကို သုံးသပ်ပြသည်။ ကမ္ဘာကို အရှင်းရင်စနစ် လွမ်းမိုးနိုင်ရေး နှင့် ကမ္ဘာ တစ်ဝန်း ခြေဆန့်နိုင်ရေး တာဝန် ထမ်းဆောင်ရန် အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာခြင်းဟု ပညာရှင် အချို့က ဆိုသည်။ ပစ္စည်းမဲ့များကို သွေးခွဲသည့် တာဝန်ကို အမျိုးသားရေး ဝါဒက ထမ်းဆောင်သည်ဟု စံတော်ဝင် မာ့ခ် သီအိုရီက နားလည်ထားသည်။ ယင်းသို့ဖြင့် တော်လှန်ရေး ဆင်နွဲရေး လုံလောက်သည့် အင်အားစုများ ( Productive forces ) မပေါ်ထွန်းသေးသည့် ကာလတွင် လူတန်းစား သွေးစည်းညီညွတ် နိုင်ခြေကို နှောင့်နှေးစေသည်ဟု ဆိုသည်။ အမျိုးသားရေး စိတ်ဓာတ်သည် အမျိုးသားဈေးကွက်များ ပေါ်ထွန်းလာမှု သို့မဟုတ် အမျိုးသား စက်မှု လုပ်ငန်းများ ထူထောင်နိုင်မှု နှင့် ဆက်နွယ်နေသည်ဟုလည်း အချို့က ထောက်ပြလျက်ရှိသည်။

ဒုတိယ ရှင်းပြမှု ပုံစံအားဖြင့် အမျိုးသားရေး ဝါဒသည် နိုင်ငံတော် ပေါ်ထွန်းမှု နှင့် ဆက်နွယ်လျက် ရှိသည်ဟု ဆိုသည်။ အမျိုးသားရေး ဝါဒကို အသုံးချပြီး လူမှုရေးအရ သွေးစည်းညီညွတ်မှု ပေါ်အောင် လုပ်ဆောင်နိုင်သည်ဟု ၁၈ နှင့် ၁၉ ရာစုကာလ နိုင်ငံပြုပုဂ္ဂိုလ်များက ရှုမြင်ခဲ့သည်။ နိုင်ငံတော် တည်ရှိမှုကို အများပြည်သူ စိတ်ထဲတွင် တရားဝင်လက်ခံလာနိုင်ရေး အတွက်လည်း အမျိုးသားရေး ဝါဒကို ရည်ရွယ်ချက် ရှိရှိ အသုံးချခဲ့သည်။ နိ်ုင်ငံတော်များသည် အရင်းရှင် စီးပွားရေး စနစ်မှ တစ်ဆင့်ပေါ်ထွန်းလာသည်ဟု ဒုတိယ ရှင်းပြမှု ပုံစံကို လက်ခံသည့် ပညာရှင်များက ယုံကြည် ကြသည်။ ထို့ကြောင့် နိုင်ငံတော်သည် အရင်းရှင် စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု နှင့် နိုင်ငံရေး အမှတ်လက္ခဏာ ပေါ်ထွန်းမှုကြားတွင် ကြားခံ အဖြစ် ကပြလျက်ရှိသည်ဟုဆိုသည်။ မာ့ခ် ဝါဒ ၏ အပေါ်ထပ် အဆောက်အအုံ ဆိုသည့် အယူအဆမျိုးပင်ဖြစ်သည်။

နောက်ထပ် အမြင် တစ်မျိုးကို တင်ပြသူသည် ဘီနီဒစ် အန်ဒါဆန် ( Benedict Anderson ) ဖြစ်သည်။ အမျိုးသားရေး အုပ်စု တစ်ခုဆိုသည်မှာ Òစိတ်ကူး ပုံဖော်ထားသည့် အသိုက်အဝန်းÓ တစ်ခု ဖြစ်သည်ဟု အန်ဒါဆန်က ဆိုသည်။ ယင်းကဲ့သို့သော အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာရေး အတွက် အချက် ၂ ချက် လိုအပ်သည်။ ပထမ အချက်သည် Ò အရင်းရှင် ပုံနှိပ်စနစ်Ó ဖြစ်ပြီး အကျိုးအမြတ် ရရှိရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေး မီဒီယာများ လူထုကြား ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ လာမှုဖြစ်သည်။ သို့ဖြင့် Òအချုပ်အခြာ အာဏာÓ ပိုင်သည်ဟု မိမိကိုယ်ကိုယ် ခံယူထားသည့် Òစိတ်ကူးပုံဖော်ထားသည့် အသိုက်အဝန်း Ó တစ်ခု ပေါ်ထွန်းလာရသည်။ ယင်းမှ တစ်ဆင့် (အထက်အောက် အဆင့်လိုက် တည်ရှိနေသည့် )ရဲဘော်ရဲဘက် စိတ်ပေါ်ထွက်လာခြင်းဖြစ်သည်။ အရင်းရှင် ပုံနိုပ်စနစ်မှာ အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်မှု၏ အဆင့်တစ်ခုသာဖြစ်သဖြင့် အန်ဒါဆန်၏ အမြင်မှာ အရင်းရှင်စနစ်ကြောင့် အမျိုးသားရေး ဝါဒ ပေါ်ထွန်းရသည်ဆိုသော ပထမ ရှုမြင်ချက် နှင့် သိပ်မကွာလှပေ။

အန်ဒါဆန် ထောက်ပြထားသည့် အခြားသော အချက် တစ်ရပ်သည် နိုင်ငံရေးရာ အုပ်ချုပ်မှု စနစ်၏ သက်ရောက်မှု ဖြစ်သည်။ ဥပမာ အနေနှင့် လက်တင် အမေရိက ဒေသတွင်းရှိ စပိန် ကိုလိုနီအုပ်ချုပ် ရေး စနစ်ကို ရည်ညွန်းထားသည်။ အဆိုပါ ကိုလိုနီ အုပ်ချုပ်ရေး ပုံစံကြောင့် Ò စိတ်ကူးပုံဖော်ထားသော အသိုက်အဝန်းÓ တစ်ခု ပေါ်ထွန်းလာပြီး အမျိုးသားရေး လက္ခဏာ အဖြစ် အလျင်အမြန် ပြောင်းလဲ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

လူမှု အဆင့်အတန်း ကမောက်ကမဖြစ်မှု

အမျိုးသားရေး ဝါဒ ပေါ်ထွန်းမှု ကို ရှင်းပြသည့် အခြားသော ချဉ်းကပ်မှု ပုံစံသည် Òမူလ အကြောင်းတရားÓ များကို မရှာဖွေ။ အရင်းရှင်စနစ်ကြောင့် အမျိုးသားရေး ဝါဒ ပေါ်ထွန်းသည်၊ နိုင်ငံတော်ကြောင့် ပေါ်ထွန်းသည် စသည်တို့ ကို လက်မခံပေ။ ယင်းအစား စိတ်ကူးပုံဖော်မှုများ နှင့် လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းထားမှု ပုံစံများကြား Òဆက်နွယ်မှုÓကိုသာ ရှာသည်။

အမျိုးသားရေး ဝါဒ အပေါ် တစ်ဦးတစ်ယောက်က မည်သို့ရှုမြင်သည် စသည်ကိုသာ သုံးသပ်သည်။ ယင်း နှင့် အမျိုးသားရေး ဝါဒ၊ အမျိုးသား အမှတ်လက္ခဏာ ပေါ်ထွန်းမှုများ ချိတ်ဆက် နေသည်ဟု ခံယူသည်။ လူမှု အဆင့်အတန်း နှင့် အမှတ်အသား သရုပ် တို့သည် ရှုပ်ရှုပ်ထွေးထွေး ချိတ်ဆက်လျက်ရှိသည်။ အမျိုးသား အုပ်စု မထူထောင်နိုင်သေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်တွင် ရှေးအစဉ်အလာ လူမှု အဆင့်အတန်းများ ရုတ်တရပ် ကမောက်ကမ ဖြစ်ခြင်းကို ကြုံတွေ့လိုက်ရသည့် လူတန်းစားကသာ အမျိုးသားရေး ဝါဒ နှင့် အမျိုးသားရေး အမှတ်လက္ခဏာကို စတင်ကိုင်ဆွဲသည်ဟု သုတေသန လုပ်ဆောင်ချက်များတွင် ခိုင်ခိုင်မာမာ တွေ့ရှိထားသည်။ လူမှု အဆင့်အတန်း ပြောင်းလဲမှု ပြဿနာကို အမျိုးသားရေး ဝါဒက ဖြေရှင်းပေးနိုင်သဖြင့် ယင်းသို့ ကိုင်စွဲလာ ကြခြင်း ဖြစ်သည်။ အမျိုးသားရေး ဝါဒ အလိုအရ အမျိုးသားရေး အုပ်စုဝင်အားလုံးသည် တန်းတူညီမျှမှု ရှိသည်ဟု ခံယူထားသဖြင့် ဖြစ်သည်။ ထို့အပြင် ယင်း လူ့အဖွဲ့အစည်းတွင်းရှိ လူမှု အဆင့်အတန်း အခြေအနေများသည် Òတရားမျှတမှု မရှိÓ ဟု အမျိုးသားရေး ဝါဒ ကို အသုံးချပြီး ဝေဖန်ပြောကြားနိုင် ခြင်းကြောင့်လည်း ဖြစ်သည်။

အစဉ်အလာတည်ရှိလာသည့် အကျိုးအမြတ် ခံစားခွင့်များ ရုတ်ချည်း ပြောင်းလဲသွားခြင်း ကြောင့် တရားမျှတမှု မရှိဟူသော ခံစားချက် ပေါ်ထွက်မှုသည် အရေးကြီးသည့် အချက်ဖြစ်သည်။ ယင်းသို့သော ခံစားချက်ကြောင့် အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာရသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော အမျိုးသားရေး ဝါဒ သည် လူမှု ဖြစ်ပေါ် တိုးတက်မှု အခြေအနေ အလိုက် ပေါ်ထွန်းလာရသော Òသဘာဝ ဖြစ်စဉ်Ó မဟုတ်ပေ။ ခံစားချက် အပေါ် အခြေခံ ပေါ်ထွက်လာသည့် အိုင်ဒီယာ ဖြစ်သည်။

အမျိုးသားရေး ဝါဒ နှင့် အမျိုးသား အမှတ်လက္ခဏာများသည် လူမှု အဆင့်အတန်း ကမောက်ကမဖြစ် မှု ကို ရှေးဟောင်း သူကောင်းမျိုးနွယ်များမှ တွန်းလှန်မှု၊ ဗျူရိုကရေစီ စနစ် နှင့် သူကောင်းမျိုးနွယ်တွင်း အသစ်ဝင်ရောက်လာသည့် လူသစ်များက လူမှုရေး ညီမျှမှု တောင်းဆိုမှုတို့ကြောင့် ၁၇ ရာစု အစောပိုင်း အင်္ဂလန် နိ်ုင်ငံတွင် ပေါက်ဖွားလာရသည်။ ယင်းကာလ အတွင်း Òအမျိုးသားရေး အုပ်စုÓ ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်သည် Òအီလိခ်Ó ဟု အဓိပ္ပာယ်ရသည်။

ထို့ကြောင့် အမျိုးသားရေး ဝါဒ နှင့် အမျိုးသား အမှတ်လက္ခဏာ ပေါ်ထွန်းမှုသည် တညီတညာတည်း မရှိ၊ အခြေအနေ အချိန်အခါ လိုက်ပြောင်းလဲနေသည်ကို ရှင်းလင်းစွာ သိမြင်သင့်သည်။

ကမ္ဘာအရပ်ရပ်သို့အမျိုးသားရေး ဝါဒ ပျံ့နှံ့ရာတွင်လည်း ဝင်ရောက်သည့် တံခါးပေါက်သည် လူမှု အဆင့်အတန်း ကမောက်ကမ ဖြစ်မှုကို ကြုံတွေ့လိုက်ရသည့် လူတန်းစား ဆိုသည့် ဂိတ်ပေါက်မှ ဖြစ်သည်။ ၂၀ ရာစု အရောက်တွင် ကမ္ဘာ တစ်ဝန်းလုံးသည် အမျိုးသားရေး အုပ်စု အသီးသီး ဖြစ်နေကြပြီဖြစ်သည်။

ယင်းသို့ပျံ့နှံ့မှုတွင် ကိုလိုနီဝါဒ က အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကိုလိုနီစနစ် ကြောင့် အမျိုးသားရေး သဘောတရားကို ကိုင်ဆောင်မည့်သူ များစွာ ပေါ်ထွန်းလာသည်။ ကိုလိုနီ စနစ်ကြောင့်ပင် ဒေသခံ လူအဖွဲ့အစည်းအတွင်း လူမှု အဆင့်အတန်း ကမောက်ကမဖြစ်ရပ် များပေါ်လာရပြီး ယင်းသို့ကြုံတွေ့ရသည့် လူတန်းစားကို အမျိုးသားရေးဝါဒက ဆွဲဆောင် ဖမ်းစား တော့သည်။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း၊ မတ်လ ၂၀၁၉ ခုနစ်။

(ကိုးကား- Oxford Handbook of Comparative Politics by Robert E. GOODIN, National Identity by Liah Greenfeld & Jonathan Eastwood)


(စာရေးသူအကြောင်း - ၂၀၁၀ ခုနစ်တွင် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်မှ ရေကြောင်း သိပ္ပံဘွဲ့ ကို ရရှိခဲ့သည်။ ယင်းနောက် ၂၀၁၁ ခုနစ်မှ ၂၀၁၈ ခုနစ် အထိ The Voice Weekly/Daily Newspaper တွင် နိုင်ငံတကာရေးရာ အယ်ဒီတာ (ဘာသာပြန်အယ်ဒီတာ) အဖြစ် လုပ်ကိုင်ခဲ့သည်။ )