Breaking News

ကျော်မောင်(တိုင်းတာရေး) - စာအုပ်ချဲလင့်



ကျော်မောင်(တိုင်းတာရေး) - စာအုပ်ချဲလင့်

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၀

လူမှုကွန်ယက်သုံး ရွှေမြန်မာများကြားတွင် စိန်ခေါ်မှုများ ခေတ်စားနေသည်။ ထိုအထဲမှ Book Challenge ဆိုသည်ကို စိတ်ဝင်စားမိသည်။ Book Challenge ကို လေ့လာကြည့်ရင်း Book Bucket Challenge အကြောင်း တွေ့သည်။ Book Bucket Challenge သည် အိန္ဒိယနိုင်ငံမှ စတင်ပြီး (၂၀၁၄) တွင် လူမှုကွန်ယက်၌ တမုဟုတ်ချင်း ပျံနှံ့သွားကြောင်း wikipedia တွင် ဖတ်ရသည်။ Ice Bucket Challenge နောက်ပိုင်းတွင် ပေါ်လာသည်ဟု ဆိုသည်။ ပုံးထဲရှိ ရေခဲရေများ ဦးခေါင်းပေါ် လောင်းချကြသော Ice Bucket Challenge ကို လူမှုကွန်ယက်သုံးသောသူများ မှတ်မိကြပါလိမ့်မည်။ ယခု ခေတ်စားနေသော စာအုပ်ချဲလင့်သည် မြန်မာဘာသာဖြင့် မြန်မာမှုပြုရေးသားထားသော ချဲလင့်ပေလားဟု ထင်မြင်မိသည်။

(တဦးတယောက်ကမှ ကျနော့်အား ချဲလင့်မခေါ်သေး။ ခေါ်ကြလျှင်လည်း စာကြီးပေကြီး စာအုပ်သစ် စာအုပ်ဟောင်း စာအုပ်ကြီး စာအုပ်ငယ် စာအုပ်လတ် စတာတွေကို ဆွဲထုတ်မပြချင်။ ဆောင်းပါးများ ဖတ်နေခိုက်ဖြစ်သည့်အတွက် စာအုပ်စိန်ခေါ်မှုအား ဆောင်းပါးစိန်ခေါ်မှုအဖြစ် ပြောင်းပေးဖို့ စိန်ခေါ်သူ မိတ်ဆွေအား အရင်ဦးဆုံး ညှိနှိုင်းတောင်းဆိုမည်သာ ဖြစ်သည်။ သို့မှသာ အကြိုက်ဆုံးဆောင်းပါးတွေကို တနေ့တပုဒ် ရွေးထုတ်ပြပြီး ချဲလင့်ကို တန်ပြန်နိုင်မည်။

ဆောင်းပါးချဲလင့်သည် စာအုပ်ချဲလင့်ကဲ့သို့ ဆောင်းပါးမျက်နှာဖုံးအား ဓာတ်ပုံရိုက်ပြဖို့ မရှိသဖြင့် စာအုပ်ရှာရခြင်း၊ စာအုပ်မျက်နှာဖုံးအား မှတ်တမ်းတင်ဓာတ်ပုံရိုက်ရခြင်း၊ လူမှုကွန်ယက်ပေါ်တွင် ထိုပုံအား တင်လိုက်ရခြင်းစသော ကရိကထများမှ ကင်းဝေးပေလိမ့်မည်။ ဆောင်းပါးရေးသူ၊ ဆောင်းပါးခေါင်းစဉ်နှင့် အတူ ဆောင်းပါးဖတ်ဖို့ ဆောင်းပါးရှိသည့် အင်တာနက်မှနေရာကို ချရေးပေးလိုက်ဖို့ကိုလည်း စဉ်းစားထားပြီး ဖြစ်သည်။)

လက်သည်းကွင်းဖြင့်ခတ်ထားသည့်စာမှာ ချဲလင့်အခေါ်မခံရသေးခင်က ရေးထားသောစာဖြစ်ပါသည်။ လွန်ခဲ့သည့်တပတ်က “ဟေ့ မင်း ငါနဲ့ယှဉ်ပြီး ကွင်းပြင်မှာ နပန်းလုံးဝံ့လား၊ လက်သီးချင်းယှဉ်ထိုးဝံ့လား”ဟူသော လက်ရုံးရည်ကို ပြသရမည့်ချဲလင့်များနှင့်မတူသော ကျနော်မျှော်လင့်နေသည့် စာအုပ်ချဲလင့် ခေါ်ခြင်းခံရသည်။

ချဲလင့်ခေါ်သူမှာ ကျနော် တက္ကသိုလ်တက်တုန်းက မြန်မာစာပြဆရာဖြစ်သည်။ ဆရာသည် မြန်မာစာဘာသာရပ်တွင် အက္ခရာစဉ်နည်းကိုသင်ပြသော ဆရာဖြစ်သဖြင့် “အက္ခရာစဉ်သင်တဲ့ဆရာ”ဟု ကျနော်က မှတ်ထားသည်။ မိုးမခတွင် သူရေးသောဆောင်းပါးတပုဒ်ကို ဖတ်မိပြီး လူမှုကွန်ယက်မှတဆင့် ပြန်လည်တွေ့ခွင့်ရခြင်းဖြစ်သည်။

မိတ်ဆွေတယောက် စိန်ခေါ်သော စာအုပ်ချဲလင့်ကို လက်ခံပြီး စာအုပ်မျက်နှာဖုံးဓာတ်ပုံတွေ သူတင်နေတာတွေ့သည်။ တနေ့တအုပ်နှုန်းဖြင့် ခုနစ်ရက်တင်ရသည်ဟုဆိုသည်။ Book Bucket Challenge တွင် နှစ်သက်ရာ စာအုပ်ဆယ်အုပ်၏ နာမည်ကိုရေးလိုက်ဖို့နှင့် မိတ်ဆွေများကို စာအုပ်ပုံးချဲလင့်ဆက်ခေါ်ဖို့ လိုသည်။ ယခု စာအုပ်ချဲလင့်တွင် ဆရာသည် စာအုပ်တအုပ်ပုံတင်တိုင်း မိတ်ဆွေတယောက်ဆီကို စာအုပ်ချဲလင့်ခေါ်သည်အား သတိထားမိသည်။ ခုနစ်ရက်နေ့မြောက်တွင် ကျနော့်အား အောက်ပါအတိုင်း ချဲလင့်ခေါ်ခြင်းဖြစ်သည်။

“ဒီစိန်ခေါ်မှုကို သူငယ်ချင်း(ဆရာ့မိတ်ဆွေနာမည်‌) ဆီက လက်ခံရရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်(၇)အုပ်ကိုတင်ဖို့ စာအုပ်စင်က တစ်နေ့ကိုစာအုပ်တစ်အုပ်ရွေးပြီး၊ ခြွင်းချက်မရှိ၊သုံးသပ်ချက်မရှိ၊ ကာဗာသက်သက်သာတင်ပါမယ်၊ တစ်နေ့ထက်တစ်နေ့ဒီစိန်ခေါ်မှုကိုရယူဖို့  မိတ်ဆွေတစ်ယောက်ကိုတောင်းဆိုမယ်။ စာပေနှင့် စာအုပ်စာရင်းကို ကြော်ငြာကြစို့။  ဒီနေ့တော့ (ကျနော့်နာမည်) ကိုChallenge လုပ်ပါတယ်။ ကျေးဇူးပြု ၍ စာအုပ်အချို့ကို မိတ်ဆွေ တွေကိုပြန်မျှဝေပြီး စာပေကို အတူတကွ မြှင့်တင်ကြပါစို့ ။”

စဉ်းစားထားပြီးဖြစ်သောကြောင့် ကျနော့်အား ချဲလင့်ခေါ်သည့် ဆရာ၏စာစုတိုအောက်တွင် ဤသို့ စာပြန်လိုက်ပါသည်။

“စိန်ခေါ်တာကို လက်မခံခင်မှာ စာအုပ်ချဲလင့်ကို ဆောင်းပါးချဲလင့်အဖြစ် စည်းနဲ့ဝါး (ခြွင်းချက်)အနေနဲ့ ပြောင်းပေးလို့ရမရ သိပါရစေ ဆရာ။ အခုလောလောဆယ်မှာ ဆောင်ပါးတွေ ဆောင်းပါးတွေပဲဖတ်နေချိန်ရလို့ပါ။ မရဘူးဆိုရင်လည်း စာအုပ်ချဲလင့်တာပေါ့ ဆရာ။ ချဲလင့်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။”

ရေး၍သာ ပြန်လိုက်ရသည်၊ အမှန်တကယ်မှာမူ ကျနော့်ဆီမှာ ချပြဖို့(၀ါ)ကြွားပြဖို့ စာအုပ်များစွာကလည်း ရှိနှင့်နေပြီးဖြစ်သည်။ ဒီလိုအခါအခွင့်ကြုံတုန်း ကြွားရဖို့စောင့်နေသည်နှင့် အတော်ပဲဖြစ်သည်ဟု ဆိုရမည်။ ကြွားရမည်ဆိုသည့်အခါ ကြုံရသည့် အခက်အခဲမှာ စာအုပ်(၇)အုပ်ရွေးရခြင်းဖြစ်သည်။ ထိုအခက်အခဲကို မကြုံချင်ကြသဖြင့် တချို့သောသူများသည် သူတို့ထံတွင်ရှိသော စာအုပ်ပုံကြီးကို ဓာတ်ပုံရိုက်ပြလိုက်ခြင်းဖြင့် စိတ်ကြိုက်စာအုပ်(၇)အုပ်ရွေးရခြင်းတည်းဟူသော ခေါင်းကိုက်ရမည့်အလုပ်ကို မသိမသာကျော်လွှားသွားကြသည်ကို တွေ့ရသည်။

ကျနော့်မှာ စာအုပ်(၇)အုပ်ပဲ အတိအကျရှိသည်ဆိုလျှင် ထိုကိစ္စသည် အခက်အခဲကိစ္စမမည်။ ကျနော့်မှာရှိသည်ကား စာအုပ်စင်မှ စာအုပ်များသာမက ပလတ်စတစ်ပုံးထဲတွင်ထည့်သိမ်းထားသော စာအုပ်များလည်းရှိသေးသည်။ ရန်သူငါးပါးထဲမှ တပါးနှိပ်စက်သွားသောကြောင့် စာအုပ်စင်နှင့်တကွ သွားနှင့်လေသော စာအုပ်စာပေများကိုလည်း လွမ်းလိုက်ရသေးသည်။ လက်ကျန်စာအုပ်များမှ မည်သည့်စာအုပ်ကိုရွေးလျှင်ကောင်းမည်နည်းဟု စဉ်းစားရသည်မှာ ခက်ခဲရှုပ်ထွေးလွန်းလှသည်။

ရှုပ်ပွစပြုနေသည့် စာအုပ်စင်လည်း ဖုန်သုတ်ရာရောက်၊ စာအုပ်များလည်း သပ်သပ်ရပ်ရပ်စီရာရောက်၊ ထိုစာအုပ်များထဲမှ ခုနစ်အုပ်လည်း ရွေးရာရောက်ရန် စာအုပ်စင်မှ စာအုပ်များကို အခန်းတွင်းလွတ်ရာ တနေရာတွင် ပုံရသည်။ အပုံများထဲမှ ဟိုတအုပ် ဒီတအုပ်ရွေးထုတ်ရသည်။ ရွေးသည့်အခါ စိတ်ကြိုက်မရသေးသောကြောင့် ပလတ်စတစ်ပုံးများအားဖွင့်ပြီး စာအုပ်များကို ထုတ်ရ ဖွရသည်။ ထိုအခါ စာအုပ်ပုံရှင်းလင်းရေးသည် ရှင်းလင်းရေးမမည်ဘဲ တမင်ဖွနေသကဲ့သို့ဖြစ်သွားသည်။

ဖွရကျိုးနပ်ပါသည်။ စိတ်ကြိုက်စာအုပ်(၇)အုပ် ရသည်။ ကာဗာသက်သက်သာ တင်ရမည်ဟု ဆိုသဖြင့် ရွေးထားသောစာအုပ်များ၏ စာအုပ်အဖုံးဖုံးထားသည်များကို ခွာရသည်။ စာအုပ်မျက်နှာဖုံးပုံများကို ဖုန်းဖြင့် ဓာတ်ပုံများရိုက်ယူရသည်။

စိတ်ကြိုက်ရိုက်ပြီးသောပုံများကို ပြန်ကြည့်နေခိုက် ကာဗာသက်သက်သာ တင်ရမည်ဟူသောစာသားကို ပြန်ဖတ်သည်။ ကာဗာ ကာဗာ၊ အဖုံး အဖုံးဟု တိုးတိုးရွတ်မိသည်။ စာအုပ်အဖုံးဆိုတာ ရှေ့ဖုံး နောက်ဖုံးရှိတာပဲဟု စောဒကတက်မိသည်။ မျက်နှာဖုံးဒီဇိုင်းဆိုတာ ရှိသည်။ အဖုံးအနုပညာ ဟုလည်း စာအုပ်တအုပ်တွင် တွေ့သည်။ စာအုပ်ချဲလင့်တွင် ရှေ့မျက်နှာဖုံးကိုသာ ဓာတ်ပုံရိုက်ပြီး တင်ကြသည်။ ရှေ့မျက်နှာဖုံးရော နောက်ကျောဖုံးရော တခါတည်းပါအောင် ရိုက်ကြသူရှိသော်လည်း နည်းလှသည်။ ထိုကြောင့် ပုံရိုက်ခဲ့သည့် ရွေးထားသောစာအုပ်များကို မှောက်လျက်ပြန်ဖြန့်ကာ ရှေ့ဖုံးရော နောက်ဖုံးရောပါအောင် ရိုက်လိုက်သည်။

ရွေးထားသော စာအုပ်(၇)အုပ်ထဲတွင် မကြာခဏ ပြန်ပြန်ဖတ်သော စာအုပ်လည်းပါသည်။ အားသည့်အခါ စာအုပ်ဖွဖြစ်ချိန်မှ ပြန်လည်ဖတ်ဖြစ်သော စာအုပ်လည်းပါသည်။ စာအုပ်ထဲရှိ စာသားအနည်းငယ်ကိုသာ ဖတ်ရှုဖြစ်သေးသော စာအုပ်လည်းပါသည်။ တခေါက်ပဲဖတ်ဖြစ်ပြီး နောက်တခေါက်ပြန်ဖတ်ဖို့ ရည်ရွယ်ထားသည့် စာအုပ်လည်းပါသည်။ တအုပ်လုံး အပြည့်အစုံဖတ်ပြီးပြီဟု ထင်သော်ငြား ပြန်ပြန်ဖတ်တိုင်း မဖတ်ရသေးသည့် စာများပါဝင်သည်ဟု ထင်ရသော စာအုပ်မျိုးလည်း ပါသည်။ စာအုပ်ထဲတွင်ပါသော ပုံများကို ကြည့်ပြီး အဖြေရှာရသော စာအုပ်လည်း ပါသည်။ စာအုပ်ထဲပါ စာသားအနည်းငယ်ကို ကြားဖူးနားဝရှိထားပြီး စာစီစာကုံးရေးရာတွင် သုံးခဲ့ရသော်လည်း မူရင်းဘာသာဖြင့် ရေးထားသည်ကို နောင်နှစ်ပေါင်းအတော်ကြာမှ လေ့လာခွင့်ရစေသည့် စာအုပ်လည်း ပါသည်။

စာအုပ်စိန်ခေါ်မှုတွင် ပါဝင်တော့မည့် ကျနော်သည် ကျနော့်မိတ်ဆွေများတင်ကြသော စာအုပ်များကို လိုက်ကြည့်ရာမှ ချဲလင့်၏ ကောင်းကျိုးတခုကို ခံစားရသည်။ စာအုပ်နာမည်နှင့် စာရေးဆရာနာမည်တို့ပါသော စာအုပ်မျက်နှာဖုံးကို တွေ့သည့်အခါ စာအုပ်ထဲတွင် ဘာတွေရေးထားမှန်းမသိဘဲ ဖတ်ချင်လာသောစိတ်ဖြစ်ပေါ်လာရခြင်းပေတည်း။

စာအုပ်ချဲလင့်တွင် သုံးသပ်ချက် မရေးရဟု အဘယ်ကြောင့်သတ်မှတ်ကြောင်း ကျနော် နားမလည်။ ရည်ရွယ်ချက်မှာ စာပေနဲ့ စာအုပ်စာရင်းကို ကြော်ငြာကြစို့ဟု ဆိုသည်။ သုံးသပ်ချက်မရေးရသောကြောင့် ထိုထိုစာအုပ်များအကြောင်း အကောင်းအဆိုးကို သိခွင့်ရကြမည်မဟုတ်။

စာအုပ်ဓာတ်ပုံများကို လူမှုကွန်ယက်ပေါ်တွင် တင်လိုက်ပါက စာပေနှစ်သက်သူအပေါင်းတို့တွေ့လိမ့်မည်။ သူတို့သည် မျက်နှာဖုံးပဲမြင်ရသည့် စာအုပ်များကို မဖတ်မိသေးသောသူများဖြစ်လျှင် မျက်နှာဖုံးအောက်မှ စာသားများ၏ အရသာကိုလည်း ခံစားလိုချင်စိတ် ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် ချဲလင့်ထဲတွင် ဖော်ပြမည့်စာအုပ်များအကြောင်းကို သုံးသပ်ချက်ရေးထားဖို့ ဆုံးဖြတ်လိုက်သည်။ သုံးသပ်ချက်ရေးဖို့ဆိုသည်မှာလည်း ထိုစာအုပ်များကို ကျကျနနပြန်ဖတ်ဖို့ လိုအပ်သည်။ သို့မှသာ တင်ထားသောစာအုပ်အကြောင်းမေးလာခဲ့လျှင် လွယ်လင့်တကူ ဖြေနိုင်မည်။ စိန်ခေါ်မှုကို လက်ခံရာလည်းရောက်၊ ရွေးချယ်လိုက်သော စာအုပ်များအကြောင်းကို သုံးသပ်ချက်ရေးရာလည်းရောက်၊ ထိုစာအုပ်များကို ပြန်ဖတ်ရာလည်းရောက်မည့် ဆုံးဖြတ်ချက်ဖြစ်သည်။

ကျနော်ရွေးချယ်လိုက်သော စာအုပ်များကို ပြန်ကြည့်မိသောအခါ အားလုံးနီးပါးသော စာအုပ်များမှာ ဆောင်းပါးများကို စုစည်းထားသောစာအုပ်များဖြစ်၍နေသည်။ ဆောင်းပါးချဲလင့်အခေါ်ခံရချင်သော ကျနော့်အတွက် အဆင်ပြေသွားသည်။

ခုနစ်ရက်တင်ရန် စည်းကမ်းရှိသော်လည်း မိတ်ဆွေများအတွက် တစုတစည်းထဲဖြစ်စေရန် ရည်ရွယ်ကာ တရက်တည်းတွင် စာအုပ်(၇)ပုံတင်လိုက်ပါသည်။ ထိုသို့တင်ဖြစ်သည်မှာ တရက်တည်းနှင့် စာအုပ်များတခါတည်း တင်သောသူများကို သဘောကျသောကြောင့်လည်း ဖြစ်သည်။ ကျနော့်တင်သည့်ပုံနှင့်တကွသောစာစုကို ဖတ်ရှုကြည့်ရှုသူတိုင်း ချဲလင့်ရယူနိုင်စေဖို့အတွက် တချို့သောသူများ ရေးကြသော “မိတ်ဆွေများအားလုံးကို Challenge လုပ်ပါတယ်” ဟူသောစာသားကိုလည်း ထည့်ရေးလိုက်သည်။

လူမှုကွန်ယက်ပေါ်သို့ မျက်နှာပန်းလှလှရောက်သွားကြပြီဖြစ်သော ရွေးချယ်ခံစာအုပ်များသည် စာအုပ်စင်နှင့် စာအုပ်ပုံးများထဲတွင် ဇိမ်ကျနေကြောင်း တွေ့ရသည်။ သုံးသပ်ချက်ရေးနိုင်ဖို့ ထိုစာအုပ်တွေဖတ်ရဦးမည်။ စာအုပ်ချဲလင့်ကား မလွယ်ကူသော ချဲလင့်ဖြစ်ကြောင်း တပတ်အကြာမှ သိခွင့်ရခဲ့ပေသည်။

မိတ်ဆွေများအားလုံးကို စာအုပ်ချဲလင့်ခေါ်လိုက်ပါသည်။ စာအုပ်ချဲလင့်ကို လက်ခံခြင်းဖြင့် သင်၏ စာဖတ်နှုန်း သင့်မိတ်ဆွေများ၏စာဖတ်နှုန်းများကို မြှင့်တင်ပေးကြမည်ဆိုလျှင် bookchallenge တွင်ပါဝင်သူများက သင့်အား ကျေးဇူးတင်နေကြပါလိမ့်မည်။