ဧရာ (မန္တလေး) - အလွမ်း၊ အသောနှင့် ဧည့်သည်

ဧရာ (မန္တလေး) - အလွမ်း၊ အသောနှင့် ဧည့်သည်
(မိုးမခ) နို၀င်ဘာ ၂၀၊ ၂၀၂၀“ဖြစ်တည်မှုဝါဒီတွေရဲ့ လောကအမြင်တွေကို ကြုံကြိုက်တဲ့အခါ ဝေမျှသုံးသပ်ပေးပါအုံး” ဆိုတဲ့ အတွက် အရင်က ရေးခဲ့ဖူးတဲ့ “အလွမ်း၊ အသောနှင့် ဧည့်သည်” ဆိုတဲ့ စာစုလေးကို တင်လိုက်ပါတယ်။
ကမူးက သူ့အတွေးအခေါ်တွေကို ဝတ္ထုအဖြစ် ရေးပြလေ့ရှိတယ်။ ဒါနဲ့ အားမရရင် စာတမ်းတွေရေးပြီး ဋီကာချဲ့ပြလေ့ ရှိတယ်။ The Outsider (1942) ဝတ္ထုမှာ သူပြောချင်တဲ့ Absurd Reasoning အကြောင်းကို The Myth of Sisyphus (1942) စာတမ်းမှာ၊ The Plague (1947) ဝတ္ထုမှာ သူပြောချင်တဲ့ Rebellion အကြောင်းကို The Rebel (1951) ဆိုတဲ့ စာတမ်းမှာ ထပ်ပြီး ရေးခဲ့တယ်။
ဒီစာစုလေးကတော့ The Myth of Sisyphus စာတမ်း မိတ်ဆက်ပဲ ဆိုပါတော့။ ဘိက္ခုညာဏဝီရရဲ့ ပေးစာတွေကို စုပြီး ထုတ်ထားတဲ့ “The Tragic, the Comic and the Personal” ဆိုတဲ့ စာအုပ် ခေါင်းစီးကို သဘောကျတဲ့အတွက် “အလွမ်း၊ အသောနှင့် ဧည့်သည်” လို့ အမည်ပေး ဖြစ်ခဲ့တယ်။ အစကတော့ ဗုဒ္ဓဘာသာရှုထောင့်က သုံးသပ်ချက်တွေနဲ့ ဆက်ပြီး ရေးဖို့ပါ။ ဒါပေမယ့် အကြောင်းမညီညွတ်လို့ ဆက်တော့ မရေးဖြစ်ပါဘူး။
P.S.
တိုက်တိုက်ဆိုင်ဆိုင် နိုဝင်ဘာလရဲ့ တတိယမြောက် ကြာသပတေးနေ့ကို World Philosophy Day အဖြစ်သတ်မှတ်ကြောင်း ဒီပို့စ် တင်ပြီးမှ သိရပါတယ်....။
ဒီတော့လည်း World Philosophy Day အမှတ်တရ "အူကြောင်ကြောင်ဒဿန" ပေါ့...။
တိုက်တိုက်ဆိုင်ဆိုင် နိုဝင်ဘာလရဲ့ တတိယမြောက် ကြာသပတေးနေ့ကို World Philosophy Day အဖြစ်သတ်မှတ်ကြောင်း ဒီပို့စ် တင်ပြီးမှ သိရပါတယ်....။
ဒီတော့လည်း World Philosophy Day အမှတ်တရ "အူကြောင်ကြောင်ဒဿန" ပေါ့...။
+++
အလွမ်း၊ အသောနှင့် ဧည့်သည်
ပြင်သစ် စာရေးဆရာ ကမူး၏ ဆစ်ဆီဖပ်စ် ဒဏ္ဍာရီနှင့် အခြားစာတမ်းများ (Camus, The Myth of Sisyphus and Other Essays) ကို ဖတ်ရသည့်အခါ အဖေ ပြောလေ့ရှိသည့် “ရှမ်းပြည်မှာ အငြိမ့်ကြည့်ရသလိုပဲ” ဆိုသည့် စကားကို အမှတ်ရမိသည်။ အလုပ်ကိစ္စတခုဖြင့် ရှမ်းပြည်သို့ အလည်ရောက်လာသည့် အဖေသည် မိတ်ဆွေများက ခေါ်သဖြင့် အငြိမ့်ပွဲ လိုက်ကြည့်သည်။ လူရွှင်တော်က ပျက်လုံးများ ပျက်တော့ ပရိသတ်က တဝါးဝါးဖြင့် ရယ်ကြသည်။ ရှမ်းလို ပျက်ခြင်းဖြစ်၍ ဘာမျှ နားမလည်သော်လည်း ဘေးက လူတိုင်း ရယ်နေကြတော့ အဖေလည်း တခါတရံ လိုက်ရယ် ဖြစ်သည်။ နောက်မှ ဇာတ်ခုံပေါ်မှ လူရွှင်တော်နှင့် နံဘေးက ပရိသတ်များကို ကြည့်ကာ မိမိ၏ အူကြောင်ကြောင်နိုင်လှသော အဖြစ်ကို တွေးမိသည်ဟု ဆိုသည်။ တကယ်တော့ လူ့ဘဝကြီးသည် ဘာမှန်း မသိဘဲ အများနည်းတူ ရယ်လိုက်၊ အများနည်းတူ ငိုလိုက်နှင့် နိစ္စဓူဝဖြစ်စဉ်ကြီးကို ဖြတ်သန်းကာ သေရွာဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ ထိုအကြောင်းကို သတိရမိသည့် အချိန်တွင် မိမိအဖြစ်သည် အူကြောင်ကြောင် ဧည့်သည်တဦးနှင့် တူသည်ကို တွေ့ရပေလိမ့်မည်။ဆစ်ဆီဖပ်စ် ဒဏ္ဍာရီ စာတမ်း၏ အဓိကအကြောင်းအရာမှာ Absurd ပင်ဖြစ်သည်။ စင်စစ် ကမူးရေးခဲ့သည့် ဝတ္ထုများ၊ စာတမ်းများအားလုံး၏ အဓိကအကြောင်းအရာလည်း ဖြစ်၍၊ ကမူးကို Absurdist တစ်ဦးဟုပင် ကင်ပွန်းတပ်လေ့ရှိသည်။ Absurd ကို အဓိပ္ပါယ်ကင်းမဲ့ခြင်း (meaninglessness) ဟု ဘာသာပြန်လေ့ ရှိကြသော်လည်း၊ “မဖြစ်နိုင်ခြင်း၊ ကြောင်းကျိုး ဆီလျော်မှု ကင်းမဲ့ခြင်း၊ ဝိရောဓိဖြစ်ခြင်း” စသည့် အဓိပ္ပါယ်များလည်းရသည်။ ဆစ်ဆီဖပ်စ် ဒဏ္ဍာရီကို ဖတ်ရသည့်အခါ “ရှမ်းပြည်မှာ အငြိမ့်ကြည့်ရသလိုပဲ” ဟူသည့် အဖေ့စကားကို ပြန် အမှတ်ရကာ feeling of Absurd ကို “အူကြောင်ကြောင်နိုင်ခြင်း” ဟု ဘာသာပြန်လိုစိတ် ဖြစ်သည် (ကမူး၏ စာဖတ်ပရိသတ်များက ကလော်တုတ်ချင်ကောင်း တုတ်ချင်ကြပေလိမ့်မည်)။ နားလည်နိုင်စွမ်း မရှိသည်ကို “အူ” သည်ဟု လည်းကောင်း၊ ဘေးပတ်ဝန်းကျင်နှင့် မတူဘဲ ကွဲထွက်နေသည်ကို “ကြောင်” သည်ဟု လည်းကောင်း ဆိုလေ့ရှိကြသည်။ စင်စစ် ကမူးပြောသည့် Absurd တွင် ထိုသဘောလက္ခဏာများ ရှိနေပါသည်။ သို့သော် Absurd ကို “အူကြောင်ကြောင်နိုင်ခြင်း” ဟု မြန်မာမှုပြုလျှင် လေးနက်မှုကင်းမဲ့ နေပါလိမ့်မည်။ စင်စစ် ကမူးက Absurd ကို ဆွေးနွေးရာတွင် သေရေး ရှင်ရေးတမျှ အလေးအနက်ထားသည်ကို ဆစ်စဖပ်စ် ဒဏ္ဍာရီ စာတမ်း၏ အဖွင့်စာသားကို ကြည့်လျှင်တွေ့နိုင်သည်။
“တကယ်တမ်း အလေးအနက်ထားရမည့် ဒဿနပြဿနာမှာ တခုတည်းသာဖြစ်သည်။ ယင်းမှာ မိမိကိုယ် မိမိ သေကြောင်းကြံခြင်းပင် ဖြစ်၏။ ဘဝသည် နေပျော်ခြင်း ရှိ, မရှိဟု ဆုံးဖြတ်ခြင်းသည် ဒဿန၏ အခြေခံအကျဆုံး မေးခွန်းကို အဖြေပေးခြင်းပင် ဖြစ်လေသည်။” (The Myth of Sisyphus)
ကမ္ဘာကြီး လုံးခြင်း-ပြားခြင်း ဟူသော ပြဿနာ၊ ရှမ်းပြည်နယ်စပ်မှ ရွာလေးတစ်ရွာတွင် အလောင်းစည်သူမင်း ဖောင်ဆိုက်ခဲ့ခြင်း ရှိ-မရှိ ဟူသော ပြဿနာများသည် ဗဟိဒ္ဓအမှန်တရား (objective truths) များ ဖြစ်သည်။ ထိုပြဿနာတို့ မှန်ခြင်း-မှားခြင်းကြောင့် မိမိကိုယ်မိမိ သတ်သေရန် အကြောင်းမရှိ။ အကယ်၍ ဘဝသည် နေပျော်ခြင်း မရှိဟု ဆုံးဖြတ်လိုက်လျှင်မူ မိမိကိုယ် မိမိ အဆုံးစီရင်ရန်သာ ရှိတော့သည်။ ထို့ကြောင့် “ဘဝသည် ရှင်သန်နေထိုင်ရန် အဓိပ္ပါယ် ရှိပါ၏လော” ဟူသည့် မေးခွန်းသည် အခြားသော ဒဿနပြဿနာများထက် ပို၍ အရေးပါသည့် မေးခွန်းဖြစ်သည်ဟု ကမူးက ယူဆသည်။
တနင်္လာနေ့ ရောက်တော့မည် ဟူသော အသိက ရုံးဝန်ထမ်းတဦး၏ တနင်္ဂနွေကို ခြောက်လှန့် လှောင်ပြောင်တတ်သည်။ တနင်္လာနေ့သို့ တကယ် ရောက်လာသောအခါတွင်မူ မဆုံးနိုင်သည့် နိစ္စဓူဝ လုပ်ငန်းဆောင်တာများတွင် စီးဝင်မျောပါက ရက်သတ္တပတ် ကုန်လွန်သွားပြန်သည်။ ဤသို့ဖြင့် အပြန်ပြန် ပြေးသွားကျင်လည်ကာ နေ့များ၊ လများ၊ နှစ်များ ကုန်ဆုံးသွားသည်။ တကယ်တော့ ရုံးဝန်ထမ်းတဦး အတွက်သာ မဟုတ်၊ စီးပွားရေးသမား တဦးဖြစ်စေ၊ အငြိမ်းစားသမားတဦးဖြစ်စေ မည်သူမဆို (အနည်းဆုံး စားလိုက် အိပ်လိုက်) နိစ္စဓူဝများတွင် ထပ်ပြန်တလဲလဲ ကျင်လည်နေရသည်။ ဤသို့နှင့် ဆံဖြူသွားကျိုးကာ သေတွင်းသေဝသို့ ရောက်တော့သည်။ သို့သော် ဤအဖြစ်ကို ခြောက်ခြား ငြီးငွေ့ဖွယ် ကိစ္စတရပ်အဖြစ် တွေးမိသည့် အချိန်ကမူ အလွန်ရှားပါး တိုတောင်း လွန်းနေတတ်သည်။
စင်စစ် ကျွန်တော်တို့သည် “မနက်ဖြန် … နောင်တချိန်ချိန်တော့… နောင်တမလွန်ဘဝမှာ” စသဖြင့် အချိန်ကာလတခုသို့ ဖြန့်ထုတ်ရင်း မျှော်လင့်ချက်များဖြင့် အသက်ရှင်နေကြသည်။ မျှော်လင့်ချက်များဖြင့် စက်ရုပ်ဆန်ဆန် ငြီးငွေ့ဖွယ် နိစ္စဓူဝဖြစ်စဉ်ကြီးတွင် သံသရာလည်နေခဲ့ကြသည်။ သို့သော် ရက်စက်ခါးသီးသည့် အမှန်တရားမှာ ထိုမျော်လင့်ချက်များ မပြည့်ဝသေးမီ ကိစ္စများ မပြီးဆုံးသေးမီပင် သေခြင်းတရားဖြင့် ရင်ဆိုင် အဆုံးသတ်ကြရမည်ဖြစ်သည်။ လူသားက မိမိ ရှင်သန်ရသည့် ဘဝကို အဓိပ္ပါယ်၊ ရည်ရွယ်ချက်တို့ ပြည့်ဝနေစေချင်သည်။ လောကကြီးထံမှ တရားမျှတမှု၊ မျှော်လင့်ချက်နှင့် အဓိပ္ပါယ်ရှိမှုတို့ကို ရယူလိုသည်။ သို့သော် လောကကြီးက ထိုတောင်းဆိုချက်များကို ဘာမျှ မပေးနိုင်။ တုဏှိဘာဝေ ဆိတ်ဆိတ်သာနေသည်။ တံလျှပ်ကို ရေထင်သလို ထင်ယောင်ထင်မှား လှည့်စားထားသည့် အတုအယောင် မျှော်လင့်ချက်များ၊ အဓိပ္ပါယ်များ၊ တန်ဖိုးများကို ခွာချလိုက်သောအခါတွင် သူ့ဘာသာသူ ရှိနေသော လောကကြီးသည် အသံတိတ်ဆိတ်ကာ ဥပေက္ခာ ဆန်လွန်းလှသည်ကို တွေ့ရမည်။ ယခင်ကဲ့သို့ ကိုယ့်အိမ် ကိုယ့်ယာသဖွယ် လုံလုံခြုံခြုံ သက်တောင့်သက်သာ ရှိတော့မည် မဟုတ်။ လောကကြီး အလယ် တစိမ်း ဧည့်သည်သဖွယ် ဖြစ်နေတော့သည်။
ကမူးပြောသည့် Absurd သည် မျှော်လင့်ချက်နှင့် အဓိပ္ပါယ်များကို တစာစာ တောင်းယူလိုသည့် လူသားနှင့် အသံတိတ်ဆိတ်နေသည့် ဥပေက္ခာ လောကကြီးတို့၏ ကွာဟနေမှုကိုပင် ဆိုလိုသည်။ အတ္တနှင့် လောက၏ ရင်ကြားစေ့၍ မရနိုင်လောက်အောင် ကွာပြဲသွားသော ဝိရောဓိသဘော ဖြစ်သည်။ မိမိသည် လောကအလယ်တွင် တစိမ်းဧည့်သည် တဦးသဖွယ် အူကြောင်ကြောင်ဖြစ်နေသည်ကို ခံစားရမည်။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း၊ ချစ်ခင်ခြင်း မုန်းတီးခြင်း၊ မြင့်မြတ်ခြင်း၊ သေးသိမ်ခြင်း၊ အောင်မြင်ခြင်း ကျဆုံးခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့် ဘဝကြီး တခုလုံးသည် နောက်ဆုံး ဘာမှမဟုတ်သည့် အချည်းအနှီးဖြစ်သည်ကို နက်ရှိုင်းစွာ သိမြင်ခံစားရသည့် အတွေ့အကြုံမျိုး ဖြစ်သည်။ ထိုသို့သော ခံစားမှုမျိုးကိုပင် ဖြစ်တည်မှုဝါဒီ တစ်ဦးဖြစ်သည့် ဆာ့တ် (Sartre) က အော်ဂလီဆန်သည့် ဝေဒနာ (Nausea) ဟု ကင်ပွန်းတတ်သည်။
ထိုသို့သော ဝေဒနာမျိုးကို နိစ္စဓူဝလုပ်ငန်းများဖြင့် မောပန်းငြီးငွေ့နေသောအခိုက်တွင် သိရှိခံစားကောင်း ခံစားရနိုင်သည်။ မိမိကိုယ် မိမိ အချိန် ရေစီးကြောင်းတွင် မျောပါနေသော သစ်တုံးတတုံးသဖွယ် သိမြင်ခံစားမိလိုက်သော အခိုက်တွင် ဖြစ်ချင်ဖြစ်မည်။ အမည်ပညတ်များကို ခွာချလိုက်သည့်အခါ အနှစ်သာရ ကင်းမဲ့စွာ ဗလာသက်သက် တည်ရှိနေသည့် ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို တွေ့မြင်ရသည့် အချိန်တွင် ဖြစ်ချင် ဖြစ်မည်။ အသုဘ ရုပ်အလောင်းကောင်ကို မြင်ရသောအခါ ဤသည်ပင် မိမိ၏ မရှောင်လွှဲနိုင်သည့် အေးစက် အဓိပ္ပါယ်မဲ့လှသော ခရီးဆုံးဖြစ်သည်ကို သိမြင်လိုက်သော ခဏတွင် ဖြစ်ကောင်း ဖြစ်မည်။ သို့သော် ဤသို့သော အသိအမြင်မျိုးကို ခံစားရသည့် အချိန်က အလွန်ရှားပါး တိုတောင်း လွန်းနေပါလိမ့်မည်။
ဘဝ၏ အမှန်တရားသည် အဓိပ္ပါယ်ကင်းမဲ့မှု သက်သက်သာ ဖြစ်သည်ဆိုပါက မိမိကိုယ် မိမိ အဆုံးစီရင်ခြင်းသည်သာ အဖြေမဟုတ်တော့ ပြီလောဟု မေးခွန်းထုတ်ရန် ရှိသည်။ မိမိကိုယ် မိမိ အဆုံးစီရင် သွားကြသူများသည် အကြောင်းပြချက် တစ်ခုခု ရှိကြသော်လည်း အမှန်တကယ် ဘဝ၏ အဓိပ္ပါယ်ကို စဉ်းစားဆင်ခြင်ပြီးမှ အဆုံးစီရင် သွားကြသူများက အတော်ပင် ရှားပါလိမ့်မည်။ အကယ်၍ ဘဝကြီးက အဓိပ္ပါယ်ကင်းမဲ့သွားပြီဟု ယူဆ၍ အဆုံးစီရင်သွားသည်ဟု ဆိုပါလျှင်လည်း၊ စင်စစ် ဘဝ၏ အဓိပ္ပါယ်ကင်းမဲ့မှုကို အမှန်တကယ် သိမြင်၍ မဟုတ်သည်က များသည်။ သူတို့သည် တစုံတရာအား ဘဝ အဓိပ္ပါယ်၊ ဘဝတန်ဖိုးအဖြစ် ယူဆ သတ်မှတ်ထားကြပြီး၊ သူတို့အနေဖြင့် ထိုဘဝအဓိပ္ပါယ်ကို ရှိနိုင်တော့မည် မဟုတ်ဟု မျှော်လင့်ချက် ကုန်ခမ်းသွားသဖြင့် မိမိကိုယ် မိမိ အဆုံးစီရင်ခြင်း ဖြစ်လေသည်။ ဥပမာ စာမေးပွဲကျ၍ မိမိကိုယ် မိမိ အဆုံးစီရင်သွားသူသည် ကျောင်းကောင်းကောင်းရခြင်း၊ ဘွဲ့ကောင်းကောင်း ရခြင်း၊ သို့မဟုတ် လူပုံအလယ်တွင် မျက်နှာ မငယ်ရခြင်းတို့သည် ဘဝ၏ ရည်မှန်းချက်၊ အဓိပ္ပါယ်၊ တန်ဖိုးများအဖြစ် သတ်မှတ်ထားပြီး ထိုအဓိပ္ပါယ်ကို မရနိုင်တော့ဟု ယုံကြည်သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘဝတွင် အဓိပ္ပါယ်ရှိသည်ဟု ယူဆပါလျှက် မိမိကိုယ် မိမိ အဆုံးစီရင်သွားကြသူများ ရှိသလို၊ ဘဝကြီးသည် မနေပျော်လှဟု ယုံကြည်ပါလျှက် ဆက်လက် အသက်ရှင်သွားကြသူများလည်း ရှိသည်။
စင်စစ် လူတို့သည် စဉ်းစားတွေးခေါ်ရန် အလေ့အကျင့် မရမီကပင် ရှင်သန်ရန်အတွက် အလေ့အကျင့်ရ ပြီးဖြစ်နေသည်။ ဘဝ၏ အဓိပ္ပါယ်ကင်းမဲ့မှုကို မျက်နှာချင်းဆိုင် တွေ့ကြုံနေရပါလျှက်၊ အတွင်းစိတ်က ဘဝအဓိပ္ပါယ် ကင်းဆိတ်မှု၏ အကျိုးဆက်အပြည့်အဝကို မရင်ဆိုင်ဘဲ ရှောင်ရှားနေကြသည်။ ပတတ်ကြသည်။ တမလွန်ဘဝကို မျှော်လင့်ခြင်း၊ တချိန်ချိန်တွင် ဘဝအဓိပ္ပါယ်တွေ့လိမ့်မည်ဟု မျှော်လင့်ခြင်းတို့ဖြင့် ဘဝ အဓိပ္ပါယ်ကင်းမဲ့မှု၏ အကျိုးဆက်များကို ရင်ဆိုင်ရန် ရှောင်ရှားကြသည်။ အတုအယောင် မျှော်လင့်ချက်များ၊ အဓိပ္ပါယ်များ၊ တန်ဖိုးများကို ဖန်တီးယူသည်။ မိမိကိုယ်မိမိ ကာယကံမြောက် အဆုံးစီရင်ပြီး အဓိပ္ပါယ်ကင်းမဲ့မှုမှ ထွက်ပြေးမှသာ အဆုံးစီရင်ခြင်း မည်သည် မဟုတ်။ ယုတ္တိကင်းမဲ့သည့် မျှော်လင့်ချက်များ၊ အတုအယောင် အဓိပ္ပါယ်များဖြင့် ဘဝကို နေပျော်အောင် စဉ်းစားတွေးခေါ်ကာ အဓိပ္ပါယ်ကင်းမဲ့မှုကို ရှောင်ထွက်ရန် ကြိုးပမ်းခြင်းသည်လည်း အတွေးအခေါ်အားဖြင့် အဆုံးစီရင်လိုက်ခြင်းပင် (philosophical suicide) ဖြစ်သည်ဟု ကမူးက ဆိုသည်။ ယင်းသည်လည်း ကာယကံမြောက် အဆုံးစီရင်ခြင်းကဲ့သို့ပင် အမှန်တရားကို ရင်မဆိုင်ဝံ့သည့် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်ဟု ကမူးက ယူဆကာ ငြင်းပယ်သည်။
အဓိပ္ပါယ်ကင်းမဲ့ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အူကြောင်ကြောင်နိုင်ခြင်းတို့သည်သာ ဘဝ၏ ခါးသီးသော အမှန်တရားဖြစ်သည်ဟု သိရှိနားလည်ထားသူ တစ်ဦးအနေဖြင့် ထိုအမှန်တရားကို ဖုံးကွယ် ဖျောက်ဖျက်ပစ်ကာ ရှောင်ထွက်မပြေးသင့်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန်သာ ရှိသည်။ ရှုံးမည်မှန်းသိလျှက် (ထွက်မပြေးဘဲ) ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သော သူရဲကောင်းကဲ့သို့၊ မျော်လင့်ချက် မရှိမှန်းသိလျှက် (အတုအယောင် မမျှော်လင့်ချက်များ မရှာတော့ဘဲ) အဓိပ္ပါယ်ကင်းမဲ့မှုကြီးကို (စိတ်မပျက်ဘဲ) ပြက်ပြက်ထင်ထင် သိမြင်ကာ ရှင်သန်နေထိုင်သွားရန် ကမူးက တိုက်တွန်းသည်။ ထိုသို့သော သူရဲကောင်းမျိုးကို Absurd Hero ဟု သူကဆိုသည်။ ကမူးရေးခဲ့သည့် ဝတ္ထုများမှ ဇာတ်လိုက်များသည်လည်း Absurd Hero ၏ စရိုက်ကို သရုပ်ဖော်သွားခြင်း ဖြစ်သည်။
“ဆစ်ဆီဖပ်စ် ဒဏ္ဍာရီ စာတမ်း” တွင် Absurd Hero အဖြစ် ဂရိဒဏ္ဍာရီမှ ဆစ်ဆီဖပ်စ်ကို ထုတ်ပြထားသည်။ ဆစ်ဆီဖပ်စ်သည် နတ်ဒေဝါတို့ကို အံတုဝံ့သူ ဖြစ်သည်။ မြစ်စောင့်နတ်၏ သမီးဖြစ်သူကို ဇူးနတ်မင်းက ခိုးယူသွားသည်ကို ဆစ်ဆီဖပ်စ်က မြစ်စောင့်နတ်အား ထုတ်ဖော်ပြောသည်။ ထိုသို့ ပြောဆိုရန်အတွက် သူ့နိုင်ငံတွင် နတ်စမ်းရေကို ဖန်ဆင်းပေးရမည်ဟုပင် ဈေးကိုင်လိုက်သေးသည်။ ဇူးနတ်မင်းက စိတ်ဆိုးကာ ဆစ်ဆီဖပ်စ်ကို မရဏတိုင်းပြည်သို့ ပို့လိုက်သည်။ မရဏတိုင်းပြည်သို့ရောက်သောအခါ၌လည်း ဆစ်ဆီဖပ်စ်က ဟေးဒီးနတ်မင်းကို လှည့်ဖျားကာ သံကြိုးဖြင့် တုတ်နှောင်လိုက်ပြန်သည်။ နောက်ဆုံး နတ်တို့ကို ပမာမခံ့ပြုဝံ့သည့် ဆစ်ဆီဖပ်စ်ကို ပြစ်ဒဏ်ခတ်လိုက်သည်။ ပြစ်ဒဏ်မှာ အလွန်ကြီးလေးသည့် ကျောက်တုံးကြီးကို တောင်ထိပ်သို့ တွန်းတင်ရမည် ဖြစ်သည်။ တောင်ထိပ်သို့ရောက်ပါက ကျောက်တုံးသည် အောက်သို့ ပြန်လိမ့်ကျသွားမည် ဖြစ်ကာ၊ ဤအလုပ်ကို အကြိမ်ကြိမ် မနားတမ်း လုပ်ဆောင်ရမည် ဖြစ်သည်။ ဤကဲ့သို့ အချည်းအနှီး မျှော်လင့်ချက်ကင်းမဲ့သော အလုပ် (futility and hopeless labor) သည်ပင် ခြောက်ခြားဖွယ် အကောင်းဆုံး ပြစ်ဒဏ်ခတ်မှုဖြစ်သည်ဟု နတ်ဒေဝတာတို့က ထင်မှတ်ထားကြလေသည်။
ကျောက်တုံးကြီးအား ခက်ခက်ခဲခဲ ပင်ပင်ပန်း တောင်ထိပ်သို့ တွန်းတင်ပြီးနောက်၊ ပြန်ကျသွားသော ကျောက်တုံးကြီးအား နောက်တကြိမ် တွန်းတင်ရဦးမည်ဟူသော အကြည့်ဖြင့် တောင်ခြေသို့ ပြန်ဆင်းသွားသည့် ဆစ်ဆီဖပ်စ်၏ အဆင်းလမ်း ခဏာတာအား ကမူးက အလေးနက်ထား၍ သုံးသပ်သည်။
“မဆုံးနိုင်သည့် ညှင်းပန်းနှိပ်စက်မှုကြီး ရှိရာ တောင်ခြေဆီသို့ လေးလံသော်လည်း သေချာ ခြင့်ချိန်ထားသည့် ခြေလှမ်းများဖြင့် ဆင်းသွားသည့် လူသားတစ်ဦး မြင်နေရသည်။ ပြန်အတက်တွင် ဆင်းရဲဒုက္ခ ရောက်ရန် သေချာပေါက်ဖြစ်နေသဖြင့် အသက်ရှူခွင့်ရသည့် ထိုအချိန်လေးသည် (အချည်းအနှီး မျှော်လင့်ချက်ကင်းမဲ့မှုအား ပြက်ပြက်ထင်ထင်) သိမြင်လိုက်နိုင်သည့် အချိန်လေးပင် (hour of consciousness) ဖြစ်သည်။ တောင်ထိပ်မှသည် နတ်ဒေဝါတို့၏ သားရဲတွင်းသို့ တအိအိဆင်းသွားသည့် ထိုအခိုက်အတန့်များတွင် သူသည် သူ့ကြမ္မာထက် သာလွန် ကြီးမြတ်နေပြီး၊ ကျောက်တုံးကြီးထက်လည်း ပိုမိုသန်စွမ်းနေလေသည်။” (The Myth of Sisyphus)
ဆင်ခြင်သုံးသပ်မှုမရှိဘဲ နိစ္စဓူဝ နေ့စဉ်ဘဝကြီးထဲတွင် လုံးဝ နစ်မြုတ်နေပါက “ဘဝအဓိပ္ပါယ်” ဆိုသည်ကို ပြောဆိုနေရန်ပင် မလို။ “ဆင်ခြင်သုံးသပ်မှု မရှိသော ဘဝသည် မနေပျော်” ဟူသည့် ဆိုကရေးတီး၏ စကားအရ ဆိုလျှင် ထိုသို့ ဆင်ခြင်သုံးသပ်မှု မရှိဘဲ ဘဝထဲတွင် နစ်မြစ်နေခြင်းသည် နေပျော်သော ဘဝနေနည်း မဟုတ်။ တဖန် မြင်ကြားထိသိမှုဟူသည့် အတွေ့အကြုံဘောင်မှ လုံးဝ ထွက်ကာ ဆင်ခြင်တုံတရား သက်သက်ဖြင့် ဘဝကို ဆင်ခြင်သုံးသပ်ပါကလည်း ယုတ္တိမတန်သည့် အတုအယောင် ဘဝအဓိပ္ပါယ်၊ အတုအယောင် မျော်လင့်ချက်များဖြင့်သာ လမ်းဆုံးပေလိမ့်မည်။ ဤသို့ တံလျှပ်ကို ရေထင်သည့် ယုံကြည်မှုမျိုး၊ ထိုသို့ ယုံကြည်ယုံသာမက တံလျှပ်ကိုပင် ရေအထင်ဖြင့် အာသာငမ်းငမ်း လွမ်းဆွတ် တမ်းတနေခြင်းမျိုးကို အတွေးအခေါ်အားဖြင့် အဆုံးစီရင်ခြင်းဟု ကမူးက ယူဆသည်။
ထို့ကြောင့် မဆင်ခြင်ဘဲ ပစ္စုပ္ပန်ဘဝထဲတွင် လုံးဝနစ်မြုတ်နေခြင်းနှင့် ဘောင်ကျော်၍ အတုအယောင် ဘဝအဓိပ္ပါယ်များကို ရှာကြံစဉ်းစားခြင်းဟူသော အစွန်းနှစ်ပါးကို ရှောင်ကာ၊ ဘဝ၏ အဓိပ္ပါယ်ကင်းမဲ့မှုကို လေးလေးနက်နက် သိမြင်ရင်ဆိုင်ခြင်းသည် ခါးသီးရက်စက်သည့် ကြမ္မာဆိုးကို အောင်ပွဲခံခြင်း ဖြစ်သည်ဟု ကမူးခံယူသည်။ ခါးသီးနှိပ်စက်မှုကို မထေမဲ့မြင်ပြုနိုင်စွမ်းဖြင့် မကျော်လွှားနိုင်သည့် ကြမ္မာဆိုးဟူ၍ မရှိ။ အဓိပ္ပါယ်ကင်းမဲ့မှုဟူသည့် ခပ်ပါးပါး လေထုထဲတွင် ဇွဲကောင်းကောင်းဖြင့် ဆက်လက် ရှင်သန်နေထိုင်ရန်မှာ သူတို့အား ခွန်အားများပေးနိုင်မည့် နက်နဲခိုင်မာသည့် အတွေးအခေါ်များ မရှိဘဲ မဖြစ်နိုင်။ ရှုံးနိမ့်မည်မှန်းသိသည့် တိုက်ပွဲတစ်ခုတွင် အတုအယောင် မျှော်လင့်ချက်များ မထားဘဲ သစ္စာရှိရှိ တိုက်ခိုက်သည့် သူရဲကောင်းတဦးကဲ့သို့၊ ဘဝအဓိပ္ပါယ် ကင်းမဲ့ခြင်းဟူသည့် အဖြစ်မှန်ကို သိရှိနားလည်ကာ ရှင်သန်နေထိုင်ကြရန် တိုက်တွန်းသည်။ ထိုသို့ ရှင်သန်ခြင်းမျိုးကသာလျှင် အဓိပ္ပါယ်ကင်းမဲ့သည့် ဘဝကြီး၏ အဓိပ္ပါယ်ကို ဖန်တီးယူခြင်း ဖြစ်သည်။
“တောင်ထိပ်ဆီသို့ ရုန်းကန်၍ တက်သွားခြင်းသည်ပင် လူသားတဦး၏ နှလုံးသားကို ဖြည့်ဆည်းရန် လုံလောက်ပါသည်။ ဆစ်ဆီဖပ်စ် ပျော်ရွှင်နေမည်ကို မြင်ယောင် ကြည့်နိုင်သည်” ဟု ကမူးက “ဆစ်ဆီဖပ်စ် ဒဏ္ဍာရီ စာတမ်း” ကို အဆုံးသပ်ထားသည်။
ဧရာ (မန္တလေး)
နိုဝင်ဘာ ၁၃၊ ၂၀၁၆