Breaking News

ဇင်လင်း - အမျိုးသားရင်ကြားစေ့ရေးတာဝန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ




ဇင်လင်း - အမျိုးသားရင်ကြားစေ့ရေးတာဝန် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၀

ပြည်သူအများ မျှော်လင့်တောင့်တခဲ့သော အောင်ပွဲရလဒ်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အကောင် အထည်ဖေါ်နိုင်ခဲ့ပြီ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နေရ စဉ်ကာလ၌ ပြုလုပ်ရသည့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုမျှမက မိုးကောင်းကင်ကြီးပင်လျှင် အိကျလာသည်အထိ ပြည်သူတို့၏ အောင်ပွဲမှာ ကြီးမားလွန်းသည်။ မဲဆန္ဒပေးခွင့်ရှိသူ ၃၈ သန်းကျော်အနက်မှ ၈၅ ရာခိုင်နှုန်းကျော်အထိ လာ ရောက် မဲပေးခဲ့ကြသည်မှာ သမိုင်းတွင်သော စံချိန်တင်သော ဖြစ်ရပ်ဟုပင် ဆိုကြသည်။

ရွေးကောက်ပွဲနေ့အလွန် ခြောက်ရက်မြောက်နေ့ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော် နေရာအားလုံး၏ ရလဒ်ကို အတည်ပြုကြေညာခဲ့ရာ၊ NLD က ၃၉၆ နေရာဖြင့် မှန်းချက်ကို ကျော်လွန်၍ အနိုင်ရခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် သမားရိုးကျ အစဉ်အလာအတိုင်း ကျင်းပသည့် ရွေးကောက်ပွဲမျှသာ မဟုတ်ဘဲ ဒီမိုကရေစီ ကျင့်စဉ်အရ အစိုးရအာဏာဆိုသည်မှာ ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက်သည်ဆိုခြင်းကိုလည်း လက်တွေ့ ထင်ဟပ်ပြသခဲ့သည့် ရွေးကောက်ပွဲဖြစ်သည်။ အထူးသဖြင့် ပြည်သူလူထုက သမိုင်းဘီး နောက်ကြောင်းပြန်လည်စေမည့် အခြေအနေမျိုးကို လုံးဝ လက်မခံနိုင်ကြောင်း ထုတ်ဖေါ်ပြသလိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိ လွှတ်တော်သက်တမ်းသည် လာမည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကုန်ဆုံးတော့မည်ဖြစ်၍ အစိုးရသက်တမ်း ကလည်း လေးလခန့်သာ ကျန်ရှိသည်။ လက်ရှိအစိုးရလက်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံမူများအနက် အလေးအနက်ထားဆောင်ရွက်နေသော ကိစ္စများမှာ ‘အမျိုးသားရင်ကြားစေ့ရေး’၊ ‘ပြည်တွင်းငြိမ်းချမ်းရေး’၊ ‘တရားဥပဒေ စိုးမိုးရေး’၊ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး’၊ ‘ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ် အောင်လုပ်ဆောင်ရေး’ စသည်တို့ ဖြစ်ကြောင်း ရွေးကောက်ပွဲ မတိုင်မီကပင် ကြေညာထားပြီး ဖြစ်သည်။

နိုဝင်ဘာလ(၈)ရက်နေ့က ပြီးမြောက်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement) အကောင်အထည်ဖေါ်ရေး နှင့် အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) ကိစ္စတို့ကို အမြန်ဆုံး အောင်မြင်စေလိုကြောင်း ဆန္ဒမဲများဖြင့် ဖေါ်ပြလိုက်ကြသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးယိုယွင်းနေမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဆက်လက်ကျူးလွန်နေခြင်းတို့ကိုလည်း အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း သဘောထား ဖေါ်ပြခဲ့ကြသည်။ ရခိုင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာက မြန်မာနိုင်ငံအား ဝေဖန်ပြစ်တင်လျှက်ရှိသည့် အခြေအနေကိုလည်း ပြည်သူတို့က စိတ်ပျက် ငြီးငွေ့နေ ကြသည်။ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ ကိုင်တွယ် ဖြေရှင်းရာ၌ တပ်မတော်အနေဖြင့် NLD အစိုးရ၏ မူဝါဒများကို လက်ခံ၍ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းပါဟု ပြည်သူတို့က ဤရွေးကောက်ပွဲမှတဆင့် သဘောထား ဖေါ်ပြ လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှ ပြည်သူတို့၏လိုလားချက်များတွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရန် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် လုပ်ငန်းစဉ်များကို တပ်မတော်က လက်တွဲ ဆောင်ရွက်စေလိုသော ဆန္ဒမှာ ထင်ရှားပေသည်။ စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းပါက တိုက်ပွဲများ လျော့ကျသွားမည်ဖြစ်၍ ပြည်သူတို့ အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေသော စစ်အသုံးစရိတ်များ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။ အကျိုးဆက်အဖြစ် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး အစရှိသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြီးစွာ အထောက်အကူဖြစ်ပေလိမ့်မည်။

သတင်းကောင်းတစ်ခုမှာ ရွေးကောက်ပွဲပြီးစ ရက်ပိုင်းဖြစ်သော နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ၊ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်မည်ဖြစ်သည့်အလျောက်၊ တိုင်းရင်းသားပါတီများကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး၌ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း NLD ပါတီက ကြေညာထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာချက်ကို နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် တိုင်းရင်းသားပါတီ ၄၈ ပါတီသို့ လိပ်မူ၍ ပေးပို့ခဲ့သည်ဟု မီဒီယာ သတင်းများ တွင် ဖေါ်ပြသည်။ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းမှာပင် အာဏာရ NLD အစိုးရက အမျိုးသား ညီညွတ်ရေး အစိုးရ National Unity Government တစ်ရပ် ဖွဲ့စည်းသွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ တိုင်းရင်းသားပါတီများ၏ ရည်ရွယ်ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ဖေါ်ပြထားသဖြင့် NLD ပါတီနှင့် ရည်ရွယ်ချက်တူညီ သောကြောင့် ပြည်နယ်များတွင် အများစုအနိုင်ရသော တိုင်းရင်းသားပါတီများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က မီဒီယာများအားပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ကြေညာချက်ထုတ်ပြန်ခဲ့သည့် ရက်မှာပင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကလည်း ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ယခုနှစ် မကုန်မီ ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်တို့အား တိုက်တွန်းခဲ့သည်။ ကျင်းပနိုင်မည့် အခြေအနေများ ပေါ်ပေါက်လာစေရန် ရခိုင် လက်နက်ကိုင်အဖွဲ့ AA အနေဖြင့်လည်း ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ခဲ့ကြောင်း ဗွီအိုအေ သတင်း၌ ဖေါ်ပြသည်။

ရခိုင်ပြည်နယ်တွင် AA အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် တပ်မတော်ကလည်း AA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး၊ ရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိနေခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စ ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ကြေညာခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရသည်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုး ထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်း ထန်ခဲ့သော်လည်း နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းလာသည့်အပေါ် ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့သည်။

“တပ်မတော်နဲ့ AA အကြားမှာ အခုလို အပြန်အလှန်အားဖြင့် နိုင်ငံရေးအရ သဘောတူညီမှုတွေ၊ အယူအဆတွေ တူလာ တယ်ဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ ကြိုဆို ထောက်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်နေကြပေမယ်လို့ နိုင်ငံရေးအယူအဆတွေမှာ တူလာကြတဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုတယ်။” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့ AA တို့၏ ထုတ်ပြန်ချက်များအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွင် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာတူးဂျာက နိုင်ငံရေးအရ ကောင်းသော လက္ခဏာဟု မြင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ KSPP ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တူးဂျာက တပ်မတော်နှင့် AA တို့၏ ထုတ်ပြန်ချက်များအပေါ် ကြိုဆိုကြောင်း သိရသည်။

“တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ဖို့ ဒီဟာက အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုရင် အချင်းချင်း အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့လည်း လွယ်ကူသွားတာပေါ့။ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အနေအထားမျိုးရှိတာပေါ့။ အဲဒါ သီးခြားမဟုတ်တော့ဘဲ ပူးပေါင်းဖို့အတွက် ဖြစ်သွားတယ်လေ။ ဆက်စပ်မှုရှိသွားပြီပေါ့။ ဒါဆိုရင်တော့ ရှေ့ဆက် လုပ်ရမယ့်ဟာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ အဖြေကောင်းတွေ ရလာမှာပါ။ ဒါက ကောင်းတဲ့ လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ ကြိုဆိုပါတယ်။” ဟု ဒေါက်တာတူးဂျာက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ပထမသက်တမ်း(၂၀၁၆-၂၀၂၁) အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထူးပြု ပြောကြားခဲ့သည့် ကိစ္စမှာ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) ဖြစ်သည်။

“အရေးအကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့ ချမ်းသာဖို့ဆိုလို့ရှိရင် ညီညွတ်မှု ဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျမတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အစိုးရ လို့ ပြောတဲ့အခါမှာ ကျမတို့ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင်မဟုတ်ဘူး၊ ကျမတို့ကို မဲမပေး မထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျမက ရှင်းရှင်း လင်းလင်း ပြောချင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

သို့ရာတွင် အဓိကဇာတ်ကောင်နေရာ၌ ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော်၏ ထိပ်တန်း ခေါင်းဆောင်များသည်လည်းကောင်း၊ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များသည်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် တွန့်ဆုတ်မှုများရှိနေသဖြင့် အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မှန်းခြေ မရောက်နိုင် ဖြစ်နေခဲ့သည်။ မည်သို့ဆိုစေ လက်ရှိအစိုးရ၏ လာမည့် ဒုတိယသက်တမ်းကာလ(၂၀၂၁-၂၀၂၆) တွင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အခြေခံကျသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆက်လက်ကျင်းပရန် ရှိနေသည်။ ၂၁ ရာစုပင်လုံ ညီလာခံ ဆက်လက်ကျင်းပရန်လည်း ရှိသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာရန်ရှိကြောင်း ညွှန်းဆိုပြောကြားမှု ရှိခဲ့သည်။ ထိုသို့ National Unity Government အသွင်ဆောင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာပါက၊ လက်ရှိတွန့်ဆုတ် နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ချုပ်ဆိုရေး ညှိနှိုင်းဆွေးနွေးပွဲများ လျှင်မြန် သွက်လက်လာမည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ထို့ကြောင့် လက်ရှိအစိုးရ၏ ဒုတိယသက်တမ်းတွင် NCA စာချုပ်လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ{EAOs) မြန်မြန်ဆန်ဆန် ပါ၀င်လက်မှတ်ထိုးရေး လမ်းခင်းပေးရန် အရေးကြီးသည်။ ယင်းကိစ္စ၌ အဖုအထစ် အဟန့်အတား လျှော့ပါးစေရန် အစိုးရနှင့် တပ်မတော်အကြား အခြေခံ ရပ်တည်ချက်များ ကြိုတင်ညှိနှိုင်းထားသင့်သည်။ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရနှင့် တပ်မတော်အကြား အဆင်မပြေ နားလည်မှုလွဲခြင်း အချို့ရှိခဲ့သည်ကို တွေ့ခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း ဖွ့ံဖြိုးတိုးတက်ရေးကို စိတ်ရင်းအမှန်ဖြင့် လိုလားကြောင်း သဘောတူညီကြပါက ဖေါ်ပြပါ နားလည်မှု လွဲခြင်းတို့သည် ပြောပလောက်သော ကိစ္စမဟုတ်ပေ။

လက်ငင်း နိုင်ငံအတွက် အရေးကြီးသည်မှာ တိုက်ပွဲများအမြန်ရပ်၍ ကိုဗစ်ကပ်ရောဂါကို စနစ်တကျ ထိန်းချုပ်နိုင်ရန် ဖြစ် သည်။ သို့မှသာ Covid-19 ကြောင့် တန့်ရပ် ကျဆင်းနေသော စီးပွားရေးပြဿနာကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်မှတ်တမ်း(Myanmar Economic Monitor) ၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု တာရှည်နေမည်ဆိုလျှင် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ၂ ဒဿမ ၅ ရာခိုင်နှုန်း ကျဆင်း သွားနိုင်သည် ဟု ဆိုသည်။ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်ပြီး၊ ကမ္ဘာ့စီးပွားရေးကလည်း လျှင်လျှင်မြန်မြန် ပြန်လည် ကောင်းမွန် လာမည်ဆိုပါက ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာ၏ GDP တိုးတက်နှုန်း ရ ဒဿမ ၂ ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။

သို့ဖြစ်၍ အန္တရာယ်စက်ကွင်း၌ ကျရောက်နေသော နိုင်ငံ၏အခြေအနေကို ထောက်ရှုကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု မဖြစ်ပေါ်ရေးတို့အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းကြရမည့် အချိန်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် အစိုးရနှင့် တပ်မတော်တို့က သဘောထားကြီးကြီးထား၍ ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ EAOs အားလုံး တစ်ဖွဲ့မျှ မကျန် ပါ၀င်လာစေရန် ရေခံမြေခံဖန်တီးပေးသင့် သည်။ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် Nationwide Ceasefire ထပ်မံ ကြေညာ ဖို့လည်း လိုသည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ချက်ချင်းရပ်ပစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လမ်းဖွင့်ပေးသင့်သည်။ လက်ရှိ နိုင်ငံရေး ရာသီဥတု သာယာနေစဉ် တပ်မတော်က ရခိုင်စစ်မျက်နှာ၌ အပစ်ရပ် ကြေညာ ရန် တွန့်ဆုတ်နေပါက၊ တိုက်ပွဲများ ဆက်ဖြစ်နိုင်၍ ငြိမ်းချမ်းရေးအလားအလာ မှေးမှိန်သွားနိုင်သည်။

အထူးသဖြင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှု မပျက်ဖို့ လိုသည်။ လက်ရှိ AA နှင့် တပ်မတော်တို့ ဖမ်းဆီးထားသည့် သာမန်အရပ်သူအရပ်သားများကို ပြန်လွှတ်ပေးခြင်း ဖြင့် ယုံကြည်မှု စတင်တည်ဆောက်သင့်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ‘အမျိုးသားရင်ကြားစေ့ရေး’၊ ‘ငြိမ်းချမ်းရေး’ နှင့် ‘ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး’ စသည်တို့ကို တာဝန်ခံဆောင်ရွက်နိုင်ရန် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အား မဲဆန္ဒရှင် ပြည်သူလူထု က သောင်ပြိုကမ်းပြို တခဲနက် ဆန္ဒမဲပေး ရွေးချယ်ခဲ့သည်” ဆိုသည့်အချက်ကို မမေ့ကြရန် လိုသည်ဟု သုံးသပ်မိပါသည်။။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၄ ၊ ၁၉ - ၁၁-၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။