Breaking News

မြဇင်ယော် - ကိုဗစ်ကထိန်

Credit- Original Aritist 
 ကိုဗစ်ကထိန်

မြဇင်ယော်

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၀

မိဘတွေဟာ သူတို့မှာ မြေးယောကျ်ားလေး ရပြီးပါပြီဆိုကတည်းက ရှင်ပြုဖို့ အားခဲကြပါတယ်။ ရှင်ပြုရုံတင်မက ကထိန်လည်းခင်းချင်တယ်၊ ရဟန်းဒကာ ရဟန်းအမလည်း ဖြစ်ချင်တယ်။ မြေးကို အကြောင်းပြပြီး ဆွေ မျိုးနီးစပ်တော်တဲ့ ကလေးတွေ၊ ရွာထဲက ရှင်မပြုရသေးတဲ့ ကလေးတွေကို ရှင်ပြုပေးဖို့ မိဘတွေဆီကနေ တောင်းထားတယ်။ ရှင်ပြုပါရစေပေါ့။ ကျီးအင်းရွာမှာ ရှင်ပြုဖို့ ရဟန်းခံဖို့က ဘယ်အချိန်ထလှူလှူ အချိန်အကန့်အသတ်မရှိပေမယ့် ကထိန်ခင်းချင်ရင်တော့ ရွာဦးကျောင်းဆရာတော်ကိုကြိုပြီး လျှောက်ထားရပါတယ်။ တနှစ်မှတခါသာ ကထိန်ခင်းရတာဆိုတော့ ရွာသားတွေက ကထိန်အလှူကို ကြိုပြီးလျှောက်ထားလိုက်ကြတာ၊ နောက်လာမယ့် ၁၀ နှစ်စာလောက်အထိ အလှုရှင်စာရင်းပြည့်နေပါတယ်။ အဲ့ဒီတော့ ကျီးအင်းရွာကျောင်းမှာ ကထိန်ခင်းမယ်ဆိုရင် မြေးကလေးဟာ ရှင်ပြုရမယ့် အရွယ်ကို ကျော်သွားလိမ့်မယ်ဆိုပြီး ကျီးအင်းနဲ့ ရွာချင်းဆက်ရက် မယ်ဇလီကျင်းကျောင်းကို လျှောက်ရပါတယ်။ ဒီနှစ်မှာ ကထိန်ခင်းနိုင်ဖို့ကို နှစ်နှစ်လောက်စောပြီး လျှောက်ထားရတာပါ။

ကထိန်ခင်းဖို့အတွက် ဆရာတော်ထံ လျှောက်ထားပြီးပါပြီဆိုကတည်းက အလုပ်လုပ်တဲ့အခါ ရှိသမျှအာရုံက အလှူလှူဖို့ပဲ ဖြစ်တယ်။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ် အလှူအတွက်ပဲ အာရုံထားကြတယ်။ စုနိုင်သမျှလေးကို စုကြတယ်၊ ရွာမှာ သနပ်ခါးပင်နဲ့ နံ့သာဖြူပင်လေး နည်းနည်းပါးပါးလည်း စိုက်ထားလေတော့ သနပ် ခါးခုတ်ရောင်းရသမျှ၊ နံ့သာဖြူခုတ်ရောင်းရသမျှ ကိုယ်ရေးကိုယ်တာမသုံးဘဲ အလှုအတွက်ပဲ ရည်စူးပြီးစုထားတယ်။ အဲ့ဒီလို များများစုနိုင်ပါမှ အလှူလှူမယ့်နှစ်ရောက်ရင် မတော်လို့ ငွေရေးကြေးရေးအဆင်မပြေတာမျိုးရှိခဲ့လည်း ကထိန်ခင်းနိုင်မှာမဟုတ်လား။ တဖက်ကလည်း ရွာထဲမှာ ရှင်ပြုလောက်တဲ့အရွယ်တွေ့ရင် ရှင်လောင်းလည်း တောင်းကြရ‌သေးတယ်။ ရှင်လောင်းများလေ ကောင်းလေလို့ သဘောထားကြတယ်မဟုတ်လား။

ရဟန်းခံဖို့အတွက်က ပဥ္ဇင်းလောင်း ရှာကြမယ်၊ အခါအခွင့်မသင့်ခဲ့ရင်လဲ သိပ်ပြီး ပူပင်စရာမလို၊ အဖေ့ညီအရင်းတော်စပ်တဲ့ ဆရာတော်ကိုပဲ သိက္ခာထပ်ကြမယ်။ အဲဒီလိုစဉ်းစားပြီး ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာအတွက် စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ရွာမှာ ကထိန်ခင်းပဲဖြစ်ဖြစ် ရိုးရိုးရဟန်းခံရှင်ပြုအလှူပဲဖြစ်ဖြစ် အလှူလုပ်ပြီဆိုရင် ရွာနီးချုပ်စပ်က သံဃာတော်တွေကို ပင့်ကြရပါတယ်။ အဲ့ဒီလိုဆိုတော့ ပင့်သံဃာတွေကို ဘယ်လို လှူဖွယ်တွေ ကပ်လှုကြမယ်၊ ပရိသတ်ကို ဘာနဲ့ကျွေးမွေးဧည့်ခံမယ်၊ နောက်ဆုံး ရှင်လောင်းလှည့်ရင် ဘာတွေဝတ်ကြမယ်ဆိုတာကအစ ကြိုပြီးတွက်ချက်နေရပါတယ်။  ကိုယ်တတ်နိုင်တဲ့ ကိုယ့်ပမာဏလေးနဲ့ လောက်ငပါ့မလားလည်း တခါတခါ တွေးပူရပါတယ်။

ကိုယ်တွေ ကထိန်ခင်းမယ့်နှစ်မှာ ဒီလိုကပ်ရောဂါမျိုးဖြစ်လာနိုင်တယ်လို့တော့ လုံးဝမတွေးမိပါ။ ကိုဗစ် ပထမလှိုင်းဖြစ်ခါစက ဒီလိုမျိုးသာဆိုရင် ကထိန်ခင်းဖြစ်မှာ မဟုတ်တော့ဘူးလို့ တွေးပူမိတယ်။ ဒါပေမယ့် အခြေ အနေတည်ငြိမ်သွားတော့ ဝမ်းသာသွားတယ်။ အလှူ မပျက်တော့ဘူးပေါ့။ သို့သော်လည်း ကိုဗစ်ဒုတိယလှိုင်းက အရှိန်ပြင်းပြင်းနဲ့ လှုပ်ခတ်လိုက်တဲ့အခါမှာ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပြန်တယ်။ ကထိန်ခင်းဖို့ကို နောက်ဆုတ်ဖို့တော့ မဖြစ်နိုင်ပါ။ ဒီအတွက်ပဲ ရည်စူးပြီး အလုပ်လုပ်လာခဲ့ရတာ။ အလှူလေးတော့ မပျက်ချင်ပါ၊ သို့သော် တဖက်မှာက ကျန်းမာရေးက ရှိသေးတယ်။ ကူးစက်ရောဂါဖြစ်တဲ့အတွက် အလှူလိုမျိုး လူစုလူဝေးကနေ ရောဂါပျံ့နှံ့သွားနိုင်တယ် မဟုတ်လား။ ကထိန်ခင်းသင့် မခင်းသင့်၊ ရပ်ရွာအုပ်ချုပ်ရေးက ခွင့်ပြုမပြုကိစ္စတွေနဲ့ တော်တော်ခေါင်းစားကြရပါတယ်။

နောက်ဆုံးတော့ ဆရာတော်က ကထိန်သင်္ကန်းပဲလှူပါ၊ ရဟန်းခံသိက္ခာထပ်လည်း လုပ်ပါ၊ သို့သော် အပြင်လူမဖိတ်ပါနဲ့၊ ကိုယ့်မိသားစုနဲ့ပဲ လုပ်ပါ။ ရှင်ပြုခွင့်၊ ပရိတ်သတ်ဖိတ်ခွင့်မပေးပါ။ မိသားစုပဲ ကထိိန်သင်္ကန်းကပ်၊ သိက္ခာထပ်ထားတဲ့ရဟန်း သိမ်ဆင်းကြွရင်လည်း မိသားစုသာ သိမ်ဆင်းလောင်းကြပါ၊ ကြွရောက်လာတဲ့ သံဃာတော်တွေကို လှုဖွယ်ဝတ္ထုကပ်ရင်လည်း မိသားစုသာ ကပ်လှူပါလို့ မိန့်ပါတယ်။ မိဘတွေက ရှင်ပြုခွင့်ပေးဖို့ တောင်းဆိုတော့ ဆရာတော်က ရှင်ပြုရင် ရှင်လောင်းလှည့်ချင်မယ်၊ ရှင်လောင်းလှည့်ရင် ပရိတ်သတ်တွေ ဖိတ်ရမယ်၊ ဒါဆို သတ်မှတ်ထားတဲ့လူဦးရေထက် အများကြီးကျော်သွားလိမ့်မယ် ဒါကြောင့် ရှင်မပြုပါနဲ့တဲ့။ ဒီလိုဆိုတော့ ကထိန်သင်္ကန်းကပ်ခွင့်ရတဲ့အပြင် ရဟန်းလည်းခံခွင့်ရတော့ လုံးဝလှူခွင့်မရတာနဲ့စာရင် တော်ပါသေးတယ်လို့ပဲ စိတ်ဖြေလိုက်ကြပါတယ်။

သင်္ကန်းပရိက္ခရာဝယ်တော့လည်း ဘယ်မြို့ကိုမှ သွားလို့မရ၊ ရွာကထွက်လည်း လွယ်လွယ်ကူကူထွက်မရတော့ သင်္ကန်းပရိက္ခရာဆိုင်ကို  ဖုန်းဆက်မှာ၊ ထွက်တဲ့ကားနဲ့ပို့၊ ငွေချေတော့ ဘဏ်စာရင်းထဲထည့်ရတယ်။ ပစ္စည်းက ပုံမှန်ဆို ဒီနေ့ပို့ နောက်နေ့ရောက်၊ ခုတော့ ဒီနေ့ပို့ သူရောက်ချင်တဲ့နေ့ရောက် ဖြစ်နေပါတယ်။ လှူခွင့်ရမရ မသေချာတော့ အလှူနားကပ်မှ မှာရတာဖြစ်နေလို့ အချိန်မီ ရောက်ပါ့မလားလည်း ပူပင်ရပါသေးတယ်။

ရဟန်းခံဖို့ရာ ပဥ္ဇင်းလောင်း လိုက်ရှာမနေတော့ဘဲ အဖေ့ညီဆရာတော်ကိုပဲ သိက္ခာထပ်ကြမယ်၊ ဆရာတော်ဟာ ဒီအလှူမတိုင်ခင် ကြီးအင်းမှာလုပ်တဲ့ အမေကြီးရဲ့ ကထိန်အလှူကို (အသက်ကြီးနေပြီဖြစ်တဲ့ အမေကြီးဆန္ဒကြောင့်) မဖြစ်မနေ ကြွကို ကြွရပါမယ်။ ကြီးအင်းကို မကြွခင် ဆရာတော်ဟာ နေရင်းစွဲမြို့မှာ ဗိုင်းရပ်ပိုးရှိမရှိ နှစ်ကြိမ် စစ်ခဲ့ရတယ်။ နှစ်ကြိမ်လုံးရောဂါပိုးမရှိအဖြေထွက်မှ ရွာကိုကြွရတယ်။ ရွာရောက်တော့ ရွာလူကြီးက နေပြည်တော်ကွာရန်တင်းစင်တာတခုကို ပင့်ပြန်တယ်။ တတိယအကြိမ်ဆေးစစ်လို့ရောဂါပိုးမရှိအဖြေထွက်မှာ ရွာကိုပြန်ပြီး သီတင်းသုံးလို့ရျွှယ်။ ဒုက္ခအမျိုးမျိုးနဲ့ အမှတ်တရ ကိုဗစ်ကာလ အလှူပါပဲ၊ 

ကိုဗစ်အလှူဖြစ်တဲ့အတွက် ကထိန်သင်္ကန်း၊ ပရိက္ခရာ ရှစ်ပါး၊ လှူဖွယ်ဝတ္ထုအစုံစုံအပြင် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်တို့ကို အထူးတလည် ဂရုစိုက်ပြီး ဝေငှပေးရပါတယ်။ ကိုယ့်မိသားစုချည်းဆိုပေမယ့် ဆွေမျိုးက များလေရာ ခပ်ကျဲကျဲနေဖို့၊ နှာခေါင်းစည်းတပ်ဖို့ သတိပေးရတာက အလုပ်တခုဖြစ်ပါတယ်။ အလှူရှင်မိသားစု ကျောင်းကိုရောက်တာနဲ့ သိမ်ထပ်မယ့်ရဟန်းဟာ သိမ်ဝင်ပါတယ်။ သိမ်ဝင်ပြီးရင် သိမ်ဆင်းလောင်းကြရပါတယ်။ သိမ်ဆင်းလောင်းတဲ့အခါမှာလည်း ကိုယ့်အိမ်မှာ ဒီလူဒီလူတွေ အချင်းချင်း ဘယ်လိုနေခဲ့ကြနေခဲ့ကြ အခု ဘုန်းကြီးကျောင်းအလှူမှာတော့ နှာခေါင်းစည်းတပ်ထားဖို့ ခပ်ကွာကွာနေကြဖို့ သတိပေးနေရပါတယ်။ သိမ်ဝင်ကြတဲ့ သံဃာတော်တွေကလည်း နှာခေါင်းစည်းတွေနဲ့၊ သိမ်ဆင်းလောင်းပြီး ကထိန်တရားနာကြမယ့် အလှုရှင်တွေကလည်း နှာခေါင်းစည်းတွေနဲ့။

တရားနာပြီးတဲ့အခါ တရားနာသူများအား ကိုဗစ်ကာလဖြစ်တဲ့အတွက် ဧည့်ခံကျွေးမွေးဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ အာဟာရဒါနအဖြစ် ဒံပေါက်ကို ဖော့ဘူးတွေနဲ့ ဝေငှလှုဒါန်းရပါတယ်။ အရင့်အရင် အလှူတွေတုန်းကလို ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ကြ၊ စားကြသောက်ကြ ကျွေးကြမွေးကြနဲ့ အုပ်အုပ်ကျွက်ကျွက်မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ ကထိန်ခင်း ရဟန်းခံအလှူဟာ ပြီးဆုံးသွားရပါတယ်။ အလှူကြီးဟာ ခြောက်ခြောက်ကပ်ကပ်ကြီးလို့ ထင်စရာရှိပေမယ့် ပိုတောင်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အလှအပ ပကာသနအတွက် ဘာမှအပိုမကုန်တော့ဘဲ အလှူကြီးတလှူ အထမြောက်ခဲ့ပါတယ်။ အဲ့ဒီအစား လှူဖွယ်ဝတ္ထုများများကပ်လှူနိုင်ခဲ့ပါတယ်။ တကယ့်ကို တဘဝလုံးစာ အမှတ်တရ ဖြစ်နေရတော့မယ့်အလှူပါပဲ။ ။