Breaking News

စကြာဝဠာအရေးကျွမ်းကျင်သူတဦး - ယန်းကီးတို့မြေနဲ့ ချာရာဏသီမြေနှိုင်းယှဉ်သုံးသပ်ချက်တို့ ဘာတို့

cartoon from "the week"


ယန်းကီးတို့မြေနဲ့ ချာရာဏသီမြေနှိုင်းယှဉ်သုံးသပ်ချက်တို့ ဘာတို့

(စကြာဝဠာအရေးကျွမ်းကျင်သူတဦး)

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၁

ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့လွှတ်တော်ကို လူအုပ်ကြီးဝင်စီးတာ သတင်းဖန်သားပြင်မှာ ရင်တမမနဲ့ကြည့်နေခဲ့ရတယ်။ မင်းသားရမ်ဘိုရဲ့ ဟောလိဝုဒ်ဇာတ်ဝင်ခန်းရိုက်နေတာမဟုတ်ဘူးလေ။ တကယ်ကြီးကိုလုပ်နေကြတာ။ ဝင်စီးတဲ့သူတွေက မှန်ပြတင်းပေါက်တွေရိုက်ခွဲပြီးဝင်တာ တို့ ကြိုးတွေနဲ့တွဲလွဲခိုဝင်တာတို့ မျိုးစုံပေါ့။ ရဲတွေကလဲ လက်ကိုင်တုတ်တွေနဲ့ပဲ ဟန့်တားနေတာတွေ့ရတယ်။ နောက်တော့ လွှတ်တော်ကိုယ်စားလှယ်တွေအန္တရာယ်ဖြစ်မှာကိုကာကွယ်တဲ့ လျှို့ဝှက်ရဲတွေက အခန်းတံခါးတွေဖျက်ဝင်မယ့်သူတွေကို ပစ္စတိုတွေနဲ့ ချိန်ရတာတို့ဖြစ်လာတယ်။ ဝင်စီးတဲ့သူတွေထဲက အမျိုးသမီးတယောက်ကလဲ တက္ကဆက်ကကောင်းဘွိုင်လို့ ပြောရမလားပဲ။ သူ့ကိုလဲ ရင်ဘတ်သေနတ်မှန်ပြီး နောက်တော့ ဆုံးသွားရှာပါတယ်။ ညနေကျတော့ မြို့တော်ဝန်က ညမထွက်ရအမိန့်ထုတ်ထားလို့ လူစုလဲတဖြည်းဖြည်းကွဲသွားတယ်။ 

ဝါရှင်တန်ဒီစီက သီးခြားအုပ်ချုပ်ခွင့်ပြုထားတဲ့ဒေသဖြစ်ပြီး အနားမှာက ဗာဂျီးနီးယားပြည်နယ်နဲ့ မေရီလန်းပြည်နယ်ကဆက်နေတော့ အဲဒီကရဲတွေကို အင်အားဖြည့်တဲ့အနေနဲ့ မြို့ထဲကိုခေါ်ထားလိုက်တယ်။ ဒီလိုနဲ့ပဲ ညနေ ၆ နာရီ ကာဖျူးမစခင်လောက်မှာပဲ အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ လွှတ်တော်ဟာ အေးချမ်းလုံခြုံသွားပြီလို့ သတင်းတွေမှာကြေညာတယ်။ အဲဒီမတိုင်ခင်မှာ သမ္မတ အဖြစ်ရွေးကောက်ပွဲမှာ မဲအများစုရထားတဲ့ ဘကြီးဒင်က တီဗီကနေ စကားပြောတယ်။ ဒီနေ့ဖြစ်ရပ်ကို တကမ္ဘာလုံးကစောင့်ကြည့်နေတယ်။ အမေရိကန်ဒီမိုကရေစီအတွက် ရှက်စရာကောင်းပါတယ်။ ဒီလိုအကြမ်းဖက်စီးနင်းတဲ့လုပ်ရပ်က ဆန္ဒပြတာမဟုတ်ဘူး။ ဆူပူတာ။ ဒါကြောင့် ဒီမိုကရေစီကိုဆက်ထိမ်းပါ။ ကျနော်တို့အားလုံး အတူချီတက်ကြပါစို့။ သမ္မတကြီးလဲ ထွက်ခဲ့ပါလို့ ပြောပါတယ်။ အခုလိုအကြမ်းဖက်တာတွေဖြစ်ခဲ့လို့ မကြာခင်ကျင်းပမယ့် သမ္မတကျမ်းကျိန်ပွဲအတွက် မစိုးရိမ်ဘူးလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ဘကြီးဒင်က မစိုးရိမ်ပါဘူးတဲ့။

လက်ရှိသမ္မတ ဘကြီးဒေါ်နယ်ကလဲ သူ့လူတွေကို အိမ်ပြန်ကြဖို့တိုက်တွန်းပေမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိခဲ့ဘူး၊ မဲတွေအလိမ်ခံခဲ့ရတယ်လို့ ပြောနေပြန်တယ်။ သူက တွစ်တာကနေပြောတာ။ တွစ်တာကိုသူက သိပ်ကြိုက်တာ။ အဲဒီလိုပြောနေတာကြောင့် တွစ်တာက သူ့ကို ၁၂ နာရီ ပိတ်လိုက် တယ်။ ဘကြီးဒေါ်နယ်လဲ နည်းနည်းတော့တင်းသွားမယ်။ အနှစ်နှစ်ရာကျော် ဒီမိုကရေစီဘိုးအေကြီးအတွက်လဲ သမိုင်းဝင်နေ့ဖြစ်ပြီး မျက်နှာမလှစရာဖြစ်ခဲ့ရတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီလောက်ကြီးဖြစ်ပေမယ့် သွေးထွက်သံယိုနည်းနည်းနဲ့ပြီးသွားတာ ဒီနေရာမှာ ကျော်တို့အတုယူစရာ သင်ခန်းစာယူစရာ နည်းနာခံယူစရာတွေ အများကြီး ရလိုက်ပါတယ်။ ဘာလို့ဆို ကျော်တို့ချာရာဏသီမှာ ဒါမျိုးလုပ်လို့ဘယ်ရမလဲ။ လွှတ်တော်ကိုလဲ အခုလိုဝင်စီးလို့ကတော့ ဟင်း၊ ဟင်း သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတို့ဘာတို့နဲ့ တက္ကဆက်က ကောင်းဘွိုင်းထက်သာတဲ့သူတွေထွက်လာမှာ။ နောက်တချက်ဝင်စီးလို့မရတာက ချာရာဏသီက ဘဘကြီးတွေက အမြော်အမြင်ကြီးတော့ လွှတ်တော်ကို မြို့တော်ကနေဝေးတဲ့ မြိုင်အရပ်မှာဆောက်ထားတာ။ လွှတ်တော်မြိုင်နန်း ပတ်လည်တောတန်း တောင်တန်းတွေမှာလဲ စစ်သည်ရဲမက်ဗိုလ်ပါအပြည့်နဲ့။ ချာရာဏသီလွှတ်တော်ဆိုတာက သဘာဝရဲ့ရင်သွေးငယ်တွေဆိုတဲ့သီချင်းထဲကလို လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေမှာ ငြိမ်းချမ်းအောင်ဆောက်ထားတာ။ ကျော်တို့ဆီကဘဘကြီးတို့ရဲ့စိတ်ကူး အကောင်အထည်ဖော်ချက်က အဲသလို။ တော်ချက်က ၁၀ လောက်ရှိတာ။

အဲဗျာ။ ပိုထူးတာကဒီလို။ ကျော်တို့ချာရာဏသီမှာ ဒါမျိုး စိတ်နဲ့တောင်ပစ်မှားလို့မရဘူး။ ဆောရီးနော် စမူဆာဆိုလား ဘာဆိုလားပုဂ္ဂိုလ်ကြီးတယောက်ရဲ့စကားကိုယူသုံးမိလို့။ သူ့ကိုခွက်ဒစ်ပေးပါတယ်။ ဟိဟိ။ ထားပါတော့။ ပြောချင်တာကဒီလို။ အမေရိကန်ကြီးတွေ သူတို့လွှတ်တော်ကို ဝင်စီးသလို ချာရာဏသီမှာ ဝင်စီးကြည့်ပါလား။ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလိုမှာဝင်ကယ်မယ့် ဘဘကြီးတွေက အိမ်ကနေလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ ချက်ချင်း ဝုန်းဒိုင်းကျဲပစ်ခတ်လို့ ချာရာဏသီမြစ်ကြီးတောင် ရဲဘရောင်းခတ်သွားမယ်။ လမ်းတွေမှာ တင့်ကားတွေ စစ်ကားတွေနဲ့ အစိမ်းရောင်တောက်သွားမယ်။ ပြီးတော့ မီးသင်္ဂြိုဟ်စက်တွေမှာ မီးခိုးတွေအူသွားမယ်။ ချာရာဏသီ သားတွေလဲ ကမ္ဘာမကြေဘူး သီချင်းအော်ဆို ငိုနေရဦးမယ်။ 

တော်သေပီ
(စကြာဝဠာအရေးကျွမ်းကျင်သူတဦး)