Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၃ ရက် မြောက်နေ့ မြင်ကွင်း ...

Feb 6th 2021 - Protest in Hledan


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၃ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁

မျိုးဆက်သစ်အတွက် အနာဂတ်အသစ်အတွက် အားလုံးအတူတူ သွားကြပါစို့ ….


မနေ့က ဖေဖော်ဝါရီ ၂၃ မှာ တပြည်လုံးက လူထုက လမ်းပေါ်ထွက် အင်အားပြကြတယ်။ ဖေဖော်ဝါရီ ၂၂ ပြည်လုံးကျွတ် သပြေညိုတော်လှန်ရေး နွေဦးတော်လှန်ရေး ကြွေးကြော်သံအဆက်၊ ဝန်ထမ်းသပိတ် အရှိန်မြင့်တာ ဆိုပေမယ့် မနေ့ကလောက် အုံနဲ့ကျင်းနဲ့ မဟုတ်ဘူး။ ပျဉ်းမနားက အဖမ်းဆီးခံ ဆန္ဒပြသူတွေကို ငွေတောင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သတင်းတွေ တက်လာတယ်။ ကချင်၊ ချင်း၊ ရှမ်း၊ တနင်္လာရီ၊ ကရင်ပြည်နယ်၊ မွန်၊ ကယားပြည်နယ်တွေက လူထူတွေက ကျေးလက်တွေကနေအထိ အင်အားတွေ ဖြန့်ကျက် ချီတက်လာတာတွေကို တွေ့ကြရတယ်။ နယ်တွေမှာ ဖမ်းဆီးခံရတဲ့သတင်းတွေ ဖိနှိပ်တဲ့သတင်းတွေကိုလည်း အင်တာနက်ဆိုရှယ်မီဒီယာကနေ တဖြေးဖြေး မြို့ပြကြီးတွေ နားမျက်စိရောက်အောင် ပို့ဆောင်လာနိုင်ကြတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ပါတီတွေကို ဖိတ်တယ်။ NLD ကတော့ တက်မှာ မဟုတ်ဘူးလို့ သူတို့ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ NLD ပြောခွင့်ရတွေက အဓိကရှင်းလင်းချင်တာတခုက ရဲတွေက သူတို့ရုံးချုပ်ဖောက်ထွင်းခံရတာအမှုဖွင့်ခြင်းကို ပစ်ပယ်ထားတယ်ဆိုတာကို သတင်းသမားတွေကို တင်ပြချင်တာဖြစ်ပေမယ့် အခြားနိုင်ငံရေးအရ အရေးကြီးတဲ့အချက်တွေကို သတင်းသမားတွေက ပိုပြီး သိချင်တာကို မြင်တွေ့ရပါတယ်။ NLD ကတော့ CRPH က လိုအပ်ရင် ထုတ်ပြန်မယ်၊ ညွှန်ကြားမယ် စသည်ဖြင့်ပဲ ရည်ညွှန်းသွားပါတယ်။ GSC နဲ့ NLD ဂယက်ကိုလည်း တပါတီလုံးသဘောထားမဟုတ်ဘူးလို့ပဲ ဖြေကြားပါတယ်။

အခုအချိန်မှာ NLD နဲ့ ဝန်းရံသူ နိုင်ငံရေးခေါင်းဆောင်တွေ စိုးရိမ်နေတဲ့အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အထိန်းသိမ်းခံတွေ ပြန်လွတ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားဖို့၊ တရားဝင်အစိုးရ လွှတ်တော် ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီရေး ဆက်လက်ထူထောင်နိုင်ဖို့ကို အဓိက အာရုံထားချင်ပြီး ၂၀၀၈ ဖျက်သိမ်းရေးတို့ စစ်အာဏာရှင်စနစ် ကျဆုံးရေးတို့ ဖယ်ဒရယ်ပြည်ထောင်စုကို အာမခံတဲ့ အခြေခံဥပဒေရေးဆွဲရေးတို့ကို နောက်အဆင့်တခုအဖြစ် ထားရှိဖို့ ဖြစ်ပုံရပါတယ်။

စစ်တပ်က အချိန်ဆွဲထားတာနှင့်အမျှ လူငယ်ထုနဲ့ မျိုးဆက်သစ်တက်ကြွလှုပ်ရှားသူတွေက စစ်အာဏာရှှုင်တွေကို ကျောထောက်နောက်ခံပေးထားတဲ့ ၂၀၀၈ ခြေဥနဲ့ အဆောက်အအုံတွေကို ချေဖျက်ပစ်ဖို့ ပိုပြီး အားသန်လာတာ တောင်းဆိုလာကြတာ တွေ့ရပါတယ်။ ပြီးတော့ စစ်အာဏာရှင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး စေ့စပ်ညှိနှိုင်း ပြေလည်ချင်သူ အုပ်စုတွေ ခေါင်းဆောင်တွေကလည်း သည်လိုတော်လှန်ရေးရေချိန်မြင့်နေချိန်မှာ အခွင့်ကောင်းယူဖို့ ကြိုးစားလာပါတယ်။ စစ်အုပ်စုကလည်း သူတို့ကို စင်ပေါ်ဆွဲတင်ပြီး တော်လှန်တဲ့လူငယ်တွေ လူထုတွေကို သွေးခွဲအားနည်းအောင် လုပ်ဖို့ ခြေလှမ်းတွေ ပြင်တာပါပဲ။

အာဏာသိမ်းစစ်အုပ်စုက အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၏ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲအသစ်တရပ် ဖော်ဆောင်မယ်ဆိုတဲ့ လှုပ်ရှားမှုကို ပွဲထုတ်ဖို့ ကြံတာကလည်း ရိုက်တာသတင်းဌာနက ဖော်ကောင်လုပ်လိုက်တော့ ပျက်သွားရပါတယ်။ ပြည်တွင်းကကော ပြည်ပကပါ ကန့်ကွက်ကြတာရယ် သံရုံးရှေ့ထွက် ဆန္ဒပြကြတာရယ်၊ ဆိုရှယ်မီဒီယာဂယက်ရယ်ကြောင့် အင်ဒီုနီးရှားက မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ (ဖေ ၂၄ သတင်းအရ)။ မြန်မာပြည်တွင်းမှာ ဆိုရှယ်မီဒီယာနဲ့ သတင်းလွတ်လပ်ခွင့် အခမ်းကဏ္ဍဟာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အသက်တမျှ အရေးပါတယ်ဆိုတာ ထင်ရှားလာတာနဲ့အမျှ စစ်အုပ်စုကတော့ စာနယ်ဇင်းကဏ္ဍကို ရှင်းလင်းဖို့ ဆက်လုပ်နေတာပါပဲ။ အခုဆိုရင် မြန်မာတိုင်းမ်စ် အပြင် သည်ဗွီုက်စ်ဒေးလီးလည်း လုပ်ငန်းကနေ ရပ်နားမယ်လို့ ထုတ်ပြန်ပါတယ်။ Voice Daily ကတော့ စစ်ကောင်စီ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာလို့ဆိုပြီး ပွင့်ပွင့်ပဲ ပြောပါတယ်။ Mizzima ကတော့ စစ်ကောင်စီအသုံးအနှုံးကို ပြင်မပေးနိုင်ဘူးလို့ အယ်ဒီတာအာဘော်ကနေ အာခံလိုက်ပါတယ်။ အခု အွန်လိုင်းကနေ ရပ်တည်ထုတ်ပြန်ပြီး သပိတ်သတင်းတွေ လူထုလှုပ်ရှားမှုတွေ သတင်းပို့နေတဲ့ သတင်းထောက်တွေအတွက် အသက်ရှုချောင်တဲ့နေ့တွေ နည်းသည်ထက် နည်းလာနေတာကိုလည်း သပိတ်တိုက်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ ပြည်သူတွေက သဘောပေါက်ကြဖို့ လိုပါတယ်။ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ ပြည်သူတွေက နားလည်ကြမယ် မျော်လင့်ပါတယ်။

အခု ဒီနေ့မှာ ဂျင်နရေးရှင်းဇက်နဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ သူတို့အနာဂတ်အကျိုးစီးပွားအတွက် အခုလို CDM တိုက်ပွဲ ၊ လမ်းပေါ်သပိတ်တိုက်ပွဲဝင်နေကြတာကို ပြန်ပြောင်းပြီး ရေးသားချင်ပါတယ်။ ကျနော်တို့ ဒီရက်စွဲ အခန်းဆက်သတင်းဆောင်းပါးတွေထဲက - ဒုတိယနေ့မြင်ကွင်း ဆောင်းပါးမှာ သည်လိုရေးခဲ့ပါတယ်။

ဒုတိယနေ့မှာ ပြည်သူတွေ စောင့်ကြည့်နေကြတာက အင်အားစု ၃ စု (စစ်တပ်မပါ) ၏ လှုပ်ရှားပြင်ဆင်မှုတွေ လုပ်ကိုင်ပုံတွေ ဖြစ်ပါတယ်။ ပထမအင်အားစုက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်ဒီပါတီအုပ်စု (အမတ်၊အစိုးရ၊ပါတီခေါင်းဆောင်) တွေ၏ ခြေလှမ်း။ ဒုတိယအင်အားစုက လွှတ်တော်ပြင်ပက ၈၈နဲ့နောက်ပိုင်း (ရွှေဝါရောင်၊ ဒီပဲယင်း၊ နာဂစ်၊ လက်ပံတောင်း၊ ) အရေးတော်ပုံ မျိုးဆက်ဟောင်းတွေ၏ ခြေလှမ်း။ တတိယအင်အားစုကတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်လူမျိုးစုတွေရဲ့ သဘောထား တုန့်ပြန်ချက်နဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ အဲသည်ထဲမှာ အဲသည်ရဲ့ အပြင်ဘက်က အသစ်စက်စက်၊ အခုမျက်မှောက်ခေတ် ၂၀၁၀ ရွေးကောက်ပွဲတွေနောက်ပိုင်း ကြီးပြင်းဖြတ်သန်းလာတဲ့ မျိုးဆက်သစ်တွေရဲ့ သဘောထား ခြေလှမ်း ခံစားချက်တွေကိုလည်း လူထုက စောင့်ကြည့်နေကြပုံရပါတယ်။ အခုအချိန်မှာ အားလုံးစိတ်ထဲမှာ တွေးနေတာက အလှမ်းမဝေးသေးတဲ့ ၈၈ အရေးတော်ပုံ နဲ့ ရွှေဝါရောင်အရေးတော်ပုံက အတွေ့အကြုံတွေ ခံစားချက်တွေ မျော်လင့်ချက်တွေပဲ ဖြစ်ပါလိမ့်မယ်။ https://www.moemaka.com/2021/02/blog-post_73.html

အဲသည်ရေးခဲ့သလိုပဲ ဖေဖော်ဝါရီ ၃ ရက်စပြီး သံပုံးတီး လူထုတိုက်ပွဲကနေ လမ်းပေါ်ကို မျိုးဆက်သစ်တွေ ထွက်လာကြတယ်။ မျိုးဆက်သစ်တွေထဲမှာ အသစ်စက်စက် ဂျန်းဇီတွေနဲ့အတူ လက်ပံတန်း ကျောင်းသားသမဂ္ဂမျိုးဆက်တွေ လက်ဆင့်ကမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါလာကြတယ်။ သူတို့တွေ၏ လမ်းပေါ်ထွက်သပိတ်၊ ဝန်ထမ်းသပိတ်၊ ဆရာဝန်ကျန်းမာရေးဝန်ထမ်းသပိတ်တွေ တိုက်ပွဲခေါ်သံတွေရဲ့ အဓိကအချက်ကတော့ အတိတ်ကအကျိုးစိးပွားတွေထက် အနာဂတ်အတွက် မျိုးဆက်သစ်အကျိုးစီးပွား သန့်ရှင်းလတ်ဆတ်စွာ ရှင်သန်ကြီးထွားခွင့် အာမခံချက်ရရှိဖို့အရေး စစ်မှန်သော ဒီမိုကရေစီစနစ် ထူထောင်ရှင်သန်နိုင်ရေးအတွက် သူတို့တွေ ထွက်လာပြီး တိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။

သည်အတွက် အနာဂတ်အသစ်အတွက် တိုက်ပွဲဝင်ကြတဲ့ မျိုးဆက်သစ်တွေရဲ့ ကြွေးကြော်သံနဲ့ ရည်မှန်းချက်က ရှင်းရှင်းလေးပါ - စစ်အာဏာရှင်စနစ်ကို အားပေးနေတဲ့ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ကျရှုံးရေး (ကျဆုံးရေးလို့ ကလေးတွေက မအော်ခဲ့ဖူးနော် အစပိုင်းက)။ ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ဖြစ်ပါတယ်။ သူတို့ တရားပွဲတွေ သူတို့ ရေဒီယိုအင်တာဗျုးတွေမှာ သူတို့ပြောတာတွေက ပြည်မကြီးသက်သက်မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုအစုံ အကုန်အစင်၊ ဘာသာ လူမျိုး အသားအရောင် မခွဲခြား၊ ကချင်တွေကနေ အစ ရိုဟင်ဂျာအထိ အကုန်အစင်ပါတဲ့ ပြည်ထောင်စုစစ်စစ်တခု ထောင်ကြမယ်။ ငါတို့အားလုံး အတူတူ ဝိုင်းဝန်းကြပါလို့ လက်ကမ်းခေါ်တာ၊ လက်ဖြန့်ခေါ်ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက all inclusive အားလုံးအကုန်ပါတဲ့ ဒီမိုကရေစီမလုပ်ခဲ့ကြဘူး။ ဒါကြောင့် ငါတို့ အကြိမ်ကြိမ်ရှုံးတယ်။ ငါတို့ လူငယ်တွေ သင်ခန်းစာယူတယ်။ သည်တော့ ငါတို့အားလုံး အတူတူ လူမျိုးဘာသာမခွဲခြားဘဲ စစ်အာဏာရှင်ကို တိုက်ကြမယ်လို့ ခေါ်ကြတာ ဖြစ်တယ်။

အဲသည်အတွက် ဂျန်းဇီတွေ ပါလာတယ်။ ဂျန်းဇီတွေနောက်က အိတ်စ် ဝိုင် ဇက်တွေ ပါလာတယ်။ ငါတို့အားလုံး မင်းကိုနိုင်ဆိုတာ ရန်ကုန်က ကြွေးကြော်သံဆိုရင် “ငါတို့အားလုံး မင်းကိုနိုင်ဖြစ်စရာ မလိုဘူး။ ငါတို့အာလုံး အတူတူပဲ ၊ မတူကွဲပြားတာလည်း အတူတူပဲ” ဆိုတာ တပြည်လုံး ကြွေးကြော်သံဖြစ်တယ်ဆိုတာ လူကြီးတွေ ရိပ်မိဖို့ လိုမယ် ထင်ပါတယ်။

လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ကြွေးကြော်သံ မျော်လင့်ချက် တိုက်ပွဲအလံကို တကမ္ဘာလုံး ကြားတယ်။ နားလည်တယ်။ လိုက်ပါတယ်။ ဒါကို မြန်မာတွေ လက်ခံဖို့ လိုလိမ့်မယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာလည်း ပုံးတွေ ဒယ်အိုးတွေ ခေါက်ပြီး တောထုတ်ကြတယ်။ ဒေါ်စု ဓာတ်ပုံကိုင်ပြီး လွတ်မြောက်ရေးကို တောင်းဆိုနေကြတယ်။ ဒေါ်စုဟာ စစ်အာဏာရှင်တွေကြောင့် ၂၀၀၈ ခြေဥကြောင့် လူနည်းစုတွေဘက်က အားနည်းသူတွေဘက်က မရပ်တည်နိုင်ခဲ့တာကို သူတို့ နားလည်ပါတယ်တဲ့။ အခု စစ်အာဏာရှင်တိုက်ပွဲကို ရိုဟင်ဂျာတွေလည်း ဝင်တိုက်ကြမယ်။ ချင်းတွေ ကချင်တွေ ကရင်တွေ ကရင်နီတွေ ရှမ်း မွန် ရခိုင်တွေလည်း ဝင်တိုက်ကြမယ်။ သွေးခွဲခံထားရတာတွေ အစွန်းရောက်မှုတွေ စွန့်ခွာပြီး မျိုးဆက်သစ်အနာဂတ်ကို အတူတူဆောက်ဖို့ သူတို့ စွန့်စားကြတာ ဖြစ်ပါတယ်။ မြန်မာ တက်ကြွလှုပ်ရှားသူ ကလေးမလေးက ကချင်လူငယ်လေးကို တောင်းပန်တယ်။ မင်းတို့နဲ့ ငါတို့ ဒီတခါ အတူတူ တိုက်ကြမယ်။ သည်လို လက်တွဲကြတယ်။ ငါတို့မြန်မာလူမျိုးကြီးတွေချည်းက ဦးဆောင်ပြီး မင်းတို့ ငါတို့လိုက်ခဲ့ နောက်ကလိုက်ခဲ့ … ဆိုတဲ့ တော်လှန်ရေး မဟုတ်တော့ပါဘူး။ ဒါ အခု လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် တော်လှန်ရေးသစ် ဖြစ်ပါတယ်။

အကျိုးစိးပွားကို အခြေခံတဲ့ တော်လှန်ရေးသမိုင်းဟောင်းတွေကို လူငယ်တွေက လှည့်တောင် မကြည့်တော့ပါဘူး။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုဖို့၊ ပြည်သူထောက်ခံတဲ့ တရားဝင် အစိုးရနဲ့ လွှတ်တော်ကနေ ဒီမိုကရေစီထူထောင်ဖို့ကိုလည်း သူတို့က နားလည်ပေး လက်ခံပေး ရပ်တည်ပေး တိုက်ပွဲဝင်နေကြတာပါပဲ။ ပြီးတော့ သူတို့အတွက် အမှီအခိုကင်းတဲ့ လွတ်လပ် သန့်ရှင်းတဲ့ မျိုးဆက်သစ်အနာဂတ်အတွက် သူတို့အကျိုးစီးပွားကိုလည်း အားလုံးက ဝိုင်းဝန်းကြရမှာ မဟုတ်ဘူးလား။

(မိုးမခမီဒီယာ)