Breaking News

သစ်အောင် - အမှောင်ခေတ်အောက်က သတင်းမီဒီယာ သို့မဟုတ် အတိတ်ရဲ့ ဒဏ်ရာဟောင်းများပြန်သတိရမိခြင်း



သစ်အောင် -  အမှောင်ခေတ်အောက်က သတင်းမီဒီယာ သို့မဟုတ် အတိတ်ရဲ့ ဒဏ်ရာဟောင်းများပြန်သတိရမိခြင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁

ဖေဖေါ်ဝါရီ ၁ ရက်နေ့ နံနက်မှာ အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီကို အာဏာသိမ်းအစိုးရ စသဖြင့် သတင်းမီဒီယာတွေက သုံးနှုန်းနေတာနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁၁ ရက်နေ့နေ့စွဲနဲ့ သတိပေးစာကို သတင်းမီဒီယာကောင်စီကတဆင့် အသိပေးလိုက်ပြီး၊ သတင်းမီဒီယာတိုက် အသီးသီးကိုလည်း ပေးပို့လာပါတယ်။

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေအနေနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး သတင်းလွတ်လပ်ခွင့်အရသာကို မြည်းစမ်းကြည့်ခဲ့ရာက အာဏာသိမ်းတဲ့ဖြစ်ရပ်ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ အခုလို သတိပေးခြိမ်းခြောက်စာက ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ သတင်းမီဒီယာတွေအနေနဲ့ ရရှိထားတဲ့ လွတ်လပ်ခွင့်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားနေတဲ့ ဆန္ဒပြတာတွေကို ဖမ်းဆီးခံရတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု အန်အယ်လ်ဒီပါတီရဲ့ တုံ့ပြန်မှုတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ သတင်းတင်ပြမှုတွေအတိုင်း သတင်းမီဒီယာအများစုက တင်ပြနေကြပါတယ်။ ဒီလို ရှိရင်းစွဲအခွင့်အရေးကို ဆက်လက်ကိုင်စွဲနိုင်မှာလား လိုင်စင်ပိတ်သိမ်းမှု၊ တရားစွဲဆိုမှု၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ မီဒီယာကို နှုတ်ဆိတ်စေမှာလား ဆိုတာ သဲသဲကွဲကွဲမရှိသေးပါဘူး။ ရှေ့အလားအလာကတော့ မကောင်းတာအမှန်ပဲဖြစ်ပါတယ်။ မကြာသေးမီရက်အနည်းငယ်က ကျင်းပတဲ့ စစ်အာဏာသိမ်းကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကိုဖမ်းမှာလား သတင်းမီဒီယာတွေကို အရေးယူမှာလား ဆိုတဲ့မေးခွန်းကို ဥပဒေနဲ့အညီပဲ လုပ်မယ်၊ မဖမ်းဘူးလို့တော့ အာမမခံနိုင်ကြောင်း ပြောသွားတာလည်းရှိပါတယ်။ ဥပဒေနဲ့အညီဆိုတဲ့ စကားလုံးက ရှိရင်းစွဲဥပဒေတွေကို ြပစ်ဒဏ်တိုး အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြည့်ထားတာမို့ ဥပဒေက သားရေကွင်းဖြစ်နေတဲ့ အခြေအနေမှာ သတင်းမီဒီယာတွေကို အရေးယူဖို့ အလားအလာကများနေတယ်လို့ ခန့်မှန်းရတဲ့အနေအထားလည်း ဖြစ်နေပါတယ်။

ဒီလိုအခြေအနေဖြစ်နေစဥ်မှာပဲ ပုဂ္ဂလိက နေ့စဥ်သတင်းစာ ၃ စောင်ရပ် ယာယီရပ်နားသွားတာတဲ့ သတင်းလည်းထပ်ကြားရပါတယ်။ မြန်မာတိုင်းမ်က မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နေ့စဥ်ထုတ်တွေရပ်နားလိုက်သလို The Voice Daily နေ့စဥ်သတင်းစာလည်း ယာယီရပ်နားလိုက်တယ်လို့ ဒီနေ့ပဲ သတင်းထွက်လာပါတယ်။ မနှစ်နှစ်ဆန်းက စတင်တဲ့ ကိုဗစ်ကြောင့် သတင်းစာတွေစောင်ရေရောင်းရတာ သိသိသာသာ လျော့ကျခဲ့သလို နယ်တွေအသွားအလာ ကန့်သတ်မှုတေွက သတင်းစာတွေရဲ့ ရောင်းအား၊ ကြော်ငြာရရှိမှုတွေကို ထိခိုက်ခဲ့လို့ ပြီးခဲ့တဲ့ တနှစ်သာသာကို လူအင်အားလျော့၊ လစာလျော့ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ရပ်တည်နိုင်အောင် ကြိုးစားကျော်ဖြတ်နေစဥ်မှာ ခု စစ်အာဏာသိမ်းမှုက မီဒီယာလွတ်လပ်ခွင့်ကို ထိပါး၊ ဝင်ငွေကိုလည်း ထပ်ထိခိုက်စေဦးမှာမို့ တချို့က ရပ်နားလိုက်ကြတဲ့သဘောလို့ နားလည်မိတယ်။

ဒါကနောက်ခံအခြေအေန လတ်တလောအရေးတကြီးဖိအားပေးနေတဲ့ ကိစ္စက လည်းရှိပါသေးတယ်။

စစ်အာဏာသိမ်းကောင်စီ သို့မဟုတ် အာဏာသိမ်း စစ်ကောင်စီလို့ သတင်းတွေမှာ ခေါ်ဝေါ်သုံးနှုန်းတာကို သတိပေးတားမြစ်နေရာက သတင်းစာ၊ ဂျာနယ်နဲ့ အွန်လိုင်း ထုတ်ဝေခွင့် လိုင်စင်တွေကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

တကယ်တော့ အာဏာသိမ်းတာလည်း မှန်တယ်၊ စစ်တပ်က သိမ်းတာလည်း မှန်တာမို့ အာဏာသိမ်းစစ်ကောင်စီပဲခေါ်ခေါ်၊ စစ်ကောင်စီပဲ ခေါ်ခေါ် အနှစ်သာရအားဖြင့် မမှားပါဘူး။ အာဏာသိမ်းတာဟာ အချက်အလက်မှန်ပဲမို့ သတင်းဌာနတွေအနေနဲ့တော့ ကျင့်ဝတ်နဲ့ အညီရေးသား တာကို ခုလို ဖိအားပေးပြီး သူတို့ ခေါ်စေချင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ သုံးစွဲခိုင်းတာကို လက်ခံချင်မှာမဟုတ်ပါ။

အကယ်၍များ ထုတ်ဝေခွင့်လိုင်စင် အပိတ်မခံနိုင်လို့ သူတို့ ခေါ်စေချင် သုံးစေချင်တာကို သုံးရတော့မယ်ဆိုရင် စစ်အစိုးရခေတ်က စာပေစိစစ်ရေးအောက်က သတင်းမီဒီယာဘဝမျိုးပြန်ရောက်သွားတော့မလားဆိုတဲ့ အတွေး၊ အဲဒီခေတ်က လွတ်လပ်ခွင့်မရှိတဲ့ အိပ်မက်ဆိုးတွေအမှတ်ပြန်ရလာပါတယ်။

အဲဒီခေတ်က သတင်းဂျာနယ်တွေမှာ လျှပ်စစ်မီးပျက်တဲ့ သတင်း၊ အသုံးအနှုန်း၊ပြည်တွင်းစျေးကွက်မှာ ဒေါ်လာစျေးဘယ်လောက် ပေါက်တယ်ဆိုတဲ့ အသုံးအနှုန်း၊ ကုန်ပစ္စည်း စျေးတက်တယ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲခွင့်မပေးခဲ့ပါဘူး။ အဲလိုစကားလုံးကို ဘာနဲ့ အစားထိုးရသလဲဆို လျှပ်စစ်မီးပျက်တဲ့အကြောင်းကို မီးစက်တွေရောင်းကောင်းတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးကြရသလို ဒေါ်လာကို ငေွမာ ဆိုတဲ့စကားလုံးနဲ့ အစားထိုးသုံးရပြီး စျေးတက်တယ်ဆိုတာကို စျေးနှုန်းပြောင်းလဲသွားတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးခဲ့ရတဲ့ခေတ်ပါ။

အဲလိုအတိတ်က အနေအထားက အခုနေပြန်စဥ်းစားကြည့်ရင် သတင်းလွတ်လပ်ခွင့်တွက် အိပ်မက်ဆိုးတခုပါ။

ပြည်ပမှာ အခြေစိုက်တဲ့ သတင်းမီဒီယာတွေကသာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်ရှိခဲ့ကြတဲ့ခေတ်လည်းြဖစ်ပါတယ်။ သို့ပေမယ့် အဲဒီပြည်ပအခြေစိုက် သတင်းဌာနတွေအတွက် သတင်းထောက်လုပ်သူတွေက အမည်မဖေါ်ပဲ လျှို့လျှို့ဝှက်ဝှက် လုပ်ခဲ့ကြရတဲ့ကာလလည်း ဖြစ်ပါတယ်။

ဒီအတိတ်က ဒဏ်ရာတွေအိပ်မက်ဆိုးတွေကို ပြန်အစဖေါ်နေလို့ အဲဒီအခြေအနေဆီရောက်မယ်လို့ နှပ်ကြောင်းပေးတာလည်းမဟုတ် သလို ဒီအခြေအနေပြန်မရောက်အောင် စုပေါင်းပြီးဘယ်လို ကာကွယ် ကြမလဲဆိုတာ နှိုးဆော်ချင်တာက အဓိကရည်ရွယ်တာပဲဖြစ်ပါတယ်။