ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၃
![]() |
NZ Herald |
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၀
ဒုတိယနေ့ ၊ သတိပေးချက် အဆင့် ၃
မနေ့ကရော ဒီနေ့ရော အဖေ အလုပ်သွားရတယ်။ ကားတွေက မနေ့က မနက်မိုးလင်းကထဲက
တဝီဝီပါပဲ။ သတင်းထဲမှာ လူတွေကော်ဖီခွက်လေးတွေကိုင်ပြီး ပျော်နေတာတွေ
အမျိုးတွေအိမ်ပြန်သွားရလို့ ပျော်နေတာတွေ ငါးပြန်မျှားခွင့်ရလို့ ပျော်နေတာတွေ
တွေ့ရတယ်။ ကိုယ်ငါးမျှားရတာ မကြိုက်ပေမယ့် စနက်ပါလို့ ခေါ်တဲ့ ငါးတွေ
ငါးမျှားချိပ်မှာ မြင်ရတော့ ဒါကြောင့် သူတို့ ပျော်တာကိုးလို့ တွေးမိတယ်။ ဟိုတနေ့က
ဆိုင်မှာ မြင်ခဲ့တာ တစ်ကီလို (၆၀ သား)ကို ၃၉ ဒေါ်လာစျေးလေ။ ကေအက်ဖ်စီမှာလဲ လူတွေ
အများကြီးတန်းစီနေတာ တွေ့ခဲ့တယ်လို့ အဖေပြောတယ်။ နေ့ကူးကူးချင်း မနက်
၁ နာရီမထိုးခင်ထဲက ဆိုင်မှာ စောင့်နေကြတာတဲ့။ ကိုယ်နားမလည်ပါဘူး။
ဒီနေ့ ကျောင်းသားတွေ ကျောင်းပြန်တက်လို့ရတဲ့နေ့ဆိုတော့
ကားနည်းနည်း ပိုရှုပ်မယ်ထင်တယ်။ အားလုံးတော့မဟုတ်ပါဘူး။ အဖေအမေ အလုပ်သွားပြီး အိမ်မှာထိန်းပေးမယ့်သူမရှိတဲ့မိသားစုတွေက ကလေးတွေအတွက်ပါပဲ။ အငယ်လေးတွေကတော့ မနေ့ကထဲက
မူကြိုပြန်သွားကြတာ သတင်းထဲမှာ တွေ့လိုက်တယ်။ ကလေးသေးသေးလေးတွေ မနက် ၇ နာရီ၊
၇ နာရီခွဲလောက်ကနေ ညနေ ၆ နာရီခွဲ လောက်အထိ ကျောင်းက ဆရာမတွေလက်ထဲမှာ နေရရှာတာ
ကိုယ်သိပ်သနားတာပဲ။ ဘယ်ကျောင်း ဘယ်ဆရာမ ဘယ်လောက်ကောင်းတယ်ပြောပြော အမေနဲ့တော့
ဘယ်တူပါ့မလဲ။ ဒီအမေ အဖေနဲ့ ဒီကလေး တသက်လုံး အတူနေသွားကြမှာ စစ်မှန်တဲ့မေတ္တာနဲ့
ပြုစုစောင့်ရှောက်တာကို ရရင် သားအမိသားအဖတွေ တစ်ယောက်နဲ့တစ်ယောက်နားလည် ပြီး
ချစ်ခင်ရင်းနှီးမှု အစစ်အမှန်ကို ရကြမှာပေါ့။ ဒါက ကိုယ့်အမြင်ပါ။
ကလေးရဲ့ ပထမ ရက် ၁၀၀၀ မှာ ရလိုက်တဲ့ အတွေ့အကြုံတွေဟာ ဦးနှောက်ရဲ့ အခြေခံအုတ်မြစ်ကို ချလိုက်တယ်လို့ ဦးနှောက်ဖွံ့ဖြိုးမှုကို လေ့လာနေတဲ့
သုတေသနပညာရှင်တွေက ပြောကြပါတယ်။ သူဆာနေလို့ပဲ ဖြစ်ဖြစ် သေးစိုလို့ပဲဖြစ်ဖြစ်
လေခံနေလို့ပဲဖြစ်ဖြစ် နေရထိုင်ရတာ အဆင်မပြေရင် ငိုပါလိမ့်မယ်။ အဲဒီအချိန်မှာ သူ့နားမှာရှိတဲ့သူ
တစ်ယောက်ယောက်က သူ့ကို ဘာဖြစ်တာလဲလို့မေး၊ လိုအပ်တာကို မှန်းပြီး အငိုတိတ်တဲ့အထိ
စိတ်ရှည်လက်ရှည် စကားတပြောပြောနဲ့ လုပ်ပေးလိုက်ရင် သူ့စိတ်ကလေးအေးချမ်းပြီး
အိပ်ရင်လဲ အိပ်၊ ကစားရင်လဲ ကစား လုပ်မှာပေါ့။ စိတ်ဝင်စားစရာ ကောင်းတာက
အဲဒီအချိန်မှာ သူ့ ဦးနှောက်ထဲမှာ ဖြစ်နေတဲ့ လုပ်ငန်းစဥ်ပါ။
ရိုးရိုးလေးပြောရရင် ဦးနှောက်ရဲ့ အရှေ့ခြမ်းက စဥ်းစားချင့်ချိန်တဲ့အလုပ်ကိုလုပ်ပြီး နောက်ခြမ်းက အန္တရာယ်နဲ့ကြုံလာရင် ပြေးမလား ခံတိုက်မလားဆိုတာကို
ဆုံးဖြတ်ပါတယ်။ ကလေးငိုနေရင် သူ့ ဦးနှောက်အနောက်ဖက်ခြမ်းက အလုပ်လုပ်နေတာပါ။
သူအန္တရာယ်တွေ့နေတာကို ငယ်သေးတော့ လူကြီးတွေသိအောင် ပြောပြရုံပဲ တတ်နိုင်ပါသေးတယ်။
အဲဒီအချိန်မှာ သူ့ကိုပေးလိုက်တဲ့တုံ့ပြန်မှုက အရမ်းအရေးကြီးပါတယ်။ ငိုနေသရွေ့ ဦးနှောက်ရဲ့အနောက်ဖက်ခြမ်းကပဲ ကြီးလာနေမှာပါ။ တုံးတိုက်တိုက် ကျားကိုက်ကိုက်
မိုက်ရူးရဲ ဆုံး ဖြတ်ချက်တွေချတာ အနောက်ဖက်ခြမ်းရဲ့ အလုပ်ပါ။
အငိုတိတ်အောင်လုပ်ပေးလိုက်ရင် အနောက်ဖက်ခြမ်းရဲ့ အလုပ်ပြီးသွားပါပြီ။
ရှေ့ခြမ်းရဲ့ အလုပ်စပါတော့တယ်။ အက္ခရာလေးတွေ အရောင်တောက်တောက်တကြောင်းဆွဲ
အရုပ်ကြီးကြီးလေးတွေနဲ့သူတို့နားက နံရံမှာကပ်ပေးထားရင် ကြည့်ပြီး ဘာလေးတွေပါလိမ့်လို့
စူးစမ်းချိန်ရလာပါလိမ့်မယ်။ ကာရန်ညီပြီး လုံးထပ်လေးတွေပါတဲ့ကဗျာလေးတွေသီချင်းလေးတွေဆိုရင် ဘာသာစကားသင်ယူခြင်းရဲ့ပထမအဆင့်ကို ဦးနှောက်ရဲ့ ရှေ့ခြမ်းက
စပါလိမ့်မယ်။ သိပ်ကြောက်စရာ ကောင်းတာက နောက်ခြမ်းကြီးလေလေ ရှေ့ခြမ်းသေးလေလေပါပဲ။
စဥ်းစားတွေးခေါ် သင်ယူနိုင်တဲ့ဦးနှောက်ကို ကြီးစေခြင်ရင် ကလေးတွေကို
အန္တရာယ်ကင်းအောင် ထားပါလို့
ခြုံပြောလို့ရနိုင်ပါတယ်။
ကလေးကြီးလာတာနဲ့အမျှ အဲဒီလိုထားဖို့ ပိုခက်လာတတ်ပါတယ်။ ငိုတိုင်း လိုချင်တာကို
ပေးရင် အကျင့်ပျက်ပါမယ်။ ကိုယ်ကတော့ စကားပြောတတ်တဲ့ ငိုနေတဲ့ ကလေးကိုတွေ့ရင်
ငိုတာကို အရင်ရပ်ခိုင်းပါတယ်။ ငိုပြီးပြောရင် ဘာပြောတယ်ဆိုတာကို နားမလည်လို့ပါလို့
ရှင်းပြလိုက်ရင် တိတ်သွားကြတာ များပါတယ်။ တိတ်သွားပြီဆိုရင် ရေသောက်ချင်လား မေးပြီး
ရေတိုက်လိုက်ပါတယ်။ သူတို့ ဦးနှောက် အရှေ့ခြမ်း အလုပ်စလုပ်ဖို့
အချိန်ပေးလိုက်တာပါ။ ပြီးသွားရင် ငိုရခြင်း အကြောင်းရင်းကို မေးပါတယ်။
တစ်ခုခုလိုချင်တာဆိုရင် ဝယ်နိုင်ရင် ဝယ်ပေးလိုက်ပါတယ်။ မတတ်နိုင်ရင်
မတတ်နိုင်ကြောင်းရှင်းပြပြီး တခြားဟာ စဥ်းစားခိုင်းပါတယ်။ ကတ်သီးကပ်သပ်
ပေါက်ကရဆိုရင်တော့ စမ်းပြီး သူတို့နဲ့အတူ လုပ်ကြည့်ပေးပြီး ဖြစ်နိုင်ရင် ဆက်လုပ်
မဖြစ်နိုင်ရင် ရပ်ပြီး ဘာလို့ရပ်သင့်တယ်ဆိုတာကို နားလည်အောင် အကျိုးနဲ့
အကြောင်းနဲ့ စဥ်းစားကြည့်လို့ရအောင် ပြောပြလိုက်ပါတယ်။ ဒီလိုတွေ့ကြုံရပါများလာရင်
သူတို့ ဦးနှောက်ရှေ့ခြမ်းလေး ကြီးချိန်ရလို့ စဥ်းစားတွေးခေါ်တတ်တဲ့ လူကြီးတွေ
ဖြစ်လာဖို့ အခွင့် အလမ်းများပါတယ်။
ကိုင်းဘယ်တွေရောက်ကုန်ပြီလဲ။ ဆိုလိုချင်တာက ဒီလို အသိအမြင်ရှိတဲ့
ဆရာမတွေလက်ထဲမှာ နေရတဲ့ ကလေးဟာ လူကောင်းတစ်ယောက်အနေနဲ့ ကြီးလာမှာပါ။ ဒါပေမယ့်
သူတွယ်တာရတဲ့သူ့ဘဝမှာ အရေးအကြီးဆုံးလူလို့ သူ့ဆရာမကို သတ်မှတ်လိုက်ရင်တော့
အမေအတွက် မကောင်းပါဘူး။ ကိုယ်သာဆို သိပ်ဝမ်းနည်းမှာပဲ။
Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
7:51 a.m. 29.04.2020 Tuesday