Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၃ ရက် မြောက်နေ့ မြင်ကွင်း ...

စမ်းချောင်း၊ မနေ့ည၊ သံပုံးတီး လူစုကြတဲ့မြင်ကွင်း (ဖေ ၁၂၊ ၂၀၂၁)


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၃ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁

မနေ့က မြင်ကွင်းကို ဒီနေ့သတင်းပို့ရပါတယ်။ ပြီးတော့ တဆက်တည်းပဲ ဒီနေ့မြင်ကွင်းကို တင်ဆက်လိုက်ပါတယ်။

စစ်အစိုးရပြန်ကြားရေးကနေ MPC - သတင်းမီဒီယာကောင်စီဆိုတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းကို သတိပေးစာပို့တာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၁ နေ့စွဲနဲ့ ထုတ်ပြန်တာကို ယနေ့မှ တွေ့ရပါတယ်။ အာဏာသိမ်းစစ်အုပ်စုကနေပြီး သူတို့ကို မြန်မာစာနယ်ဇင်းတွေက အာဏာသိမ်းအစိုးရလို့ ရေးနေတာကို ကန့်ကွက်ကြောင်းနဲ့ လူထုအုံကြွမှုတွေ ဖြစ်အောင် မရေးသားဖို့ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြဖို့ အကြောင်းကြားတဲ့ သတိပေးစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

လတ်တလောမှာ စာနယ်ဇင်းကောင်စီက ဆိုင်ဘာလောဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၃ နေ့စွဲနဲ့ ကန့်ကွက်စာထုတ်လိုက်ပါတယ်။ ပြန်ကြားရေးက သတိပေးစာထုတ်၊ စာနယ်ဇင်းအဖွဲ့အစည်းတွေကိုယ်စားပြုတဲ့ စာနယ်ဇင်းကောင်စီကလည်း ဆိုင်ဘာလောကို ကန့်ကွက်နဲ့ ပွတ်တိုက်မှုကို တွေရပြီလို့ မှတ်ချက်ချရမှာပါ။

ယနေ့ဆန္ဒပြပွဲတွေကတော့ လူစည်ကားရာတွေအပြင် သံရုံး ယူအန်ရုံးတွေကို အဓိက ပစ်မှတ်ထားတာတွေ့ရပါတယ်။ ထိတ်လန့်စိုးရိမ်မှုလျော့ကျလာတဲ့သဘောလားတော့ မသိပါဘူး၊ ချီတက်ပွဲတွေဟာ ပွဲတော်တွေလိုပဲလို့ တချို့က ဝေဖန်လာကြပါတယ်။ ရွာနီးချုပ်စပ်ကနေ မြို့ပေါ်အထိတက်လာတဲ့ ဆန္ဒပြသူတွေ အစုအဖွဲ့တွေကိုလည်း တွေ့ရတယ် ဆိုပါတယ်။

မနေ့က ညဘက်တွေမှာ လူတွေ လိုက်ဖမ်းတယ်ဆိုတဲ့အကြောင်း၊ မီးကွင်းပစ်တယ်ဆိုတဲ့အကြောင်း၊ လွတ်ငြိမ်းချမ်းသာ ထောင်သားဟောင်းတွေက ရပ်ကွက်တွေထဲဝင်ရောက် နှောက်ယှက်နေတဲ့အကြောင်းတွေကို ပြည်သူတွေက အချင်းချင်း မျှဝေပြောဆိုနေကြပါတယ်။ ဆိုရှယ်မီဒီယာမှာလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောနေကြပါတယ်။ လက်ငင်းအကျိုးသက်ရောက်မှုကတော့ လူတွေအားလုံး ကျီးလန့်စာစား ထိတ်လန့်နေကြရတာ ဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းကာလတုန်းက ပြည်သူတွေ အထွေထွေသပိတ်ကြီး အမြင့်ဆုံးမြင့်နေချိန်မှာ အခုလိုပဲ ထောင်သားတွေ တန်ပြန်အဖျက်သမားတွေက ရပ်ကွက်ထဲဝင်၊ သပိတ်သမားတွေကို ရေအဆိပ်ခပ်၊ မီးကွင်းပစ်၊ ဂိုဒေါင်တွေ ဖောက် စတာတွေ ကျုးလွန်ကြတယ်၊ တကယ်လုပ်တဲ့နေရာတွေ ရှိသလို မလုပ်တဲ့နေရာတွေမှာလည်း ကောလဟာလသတင်းတွေ ဖြန့်ကြပါတယ်။ လူထုက ဒါကို စနစ်တကျ စည်းကမ်းရှိရှိ တုန့်ပြန်အရေးယူတာ လုပ်ကြသလို စိတ်မထိန်းနိုင်တဲ့ပြည်သူတချို့က မင်းမဲ့စရိုက်ဖြစ်ပြီး ရိုက်နှက်တာ သတ်ဖြတ်တာတွေ ခေါင်းဖြတ်တာတွေအထိ လုပ်ခဲ့ကြပါတယ်။ ဒါတွေက စစ်တပ်အတွက် အကြမ်းဖက်နှီမ်နင်းဖမ်းဆီးဖို့အတွက် ဖန်တီးတဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးမှု ခြိမ်းခြောက်ခံထားရချိန်မှာ လူထုဟာ ကလေးသူခိုးဆိုတာနဲ့ သွေးဆာလာကြသလို ခါးပိုက်နှိုက်ဆိုတာနဲ့ လက်တွောယဉ်လာကြတာကို ကြုံဖူးကြမျာပါ။ သည်လိုအခြေအနေတွေ ရှုပ်ထွေးလာတဲ့အခါ သွေးဆူ သွေးပူနေတဲ့ ပြည်သူတွေကြားထဲမှာ ဘယ်သူကမှ ကြားဝင်စေ့စပ်ရဲမှာ မဟုတ်တဲ့အတွက် ပိုပြီး ဆိုးဝါးလာနိုင်တာကို ခုကတည်းက စဉ်းစားပြင်ဆင်ဖို့ လိုတယ်လို့ မှတ်ချက်ပေးကြပါတယ်။

အခုချိန်မှာ သမိုင်းသင်ခန်းစာရထားသူများက ရပ်ကွက်အလိုက် ကာကွယ်ရေး စောင့်ရှောက်ရေးတွေ လုပ်ကြဖို့ ဆော်ဩကြပါတယ်။ ၈၈ နဲ့မတူတာကတော့ ရပ်ကွက်တိုင်းမှာ စနစ်တကျ အဆင့်ဆင့်ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲအနိုင်ရထားတဲ့ပြည်သူထောက်ခံတဲ့ NLD အဖွဲ့တွေနဲ့ မိတ်ဆွေတွေ အဆင်သင့်ရှိနေတယ် ဆိုတာပါပဲ။ သူတို့တွေက ဦးဆောင်တာဝန်ယူနိုင်ရင်တော့ အငြင်းပွားစရာ မရှိတဲ့ အခြေအနေဖြစ်လိမ့်မယ် လို့ ဆိုကြပါတယ်။

ဒီလိုမှ မဟုတ်ခဲ့ရင် ပြည်သူတွေမှာ နေ့ခင်းမှာ သပိတ်မှောက်၊ ညကျတော့ ကင်းစောင့်နဲ့ ပိုပြီး စိတ်ဖိစီးကြမယ်၊ ဒေါသနဲ့ စိတ်တင်းမာမှုတွေလည်း မြင့်မားလာကြမယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို ထိန်းသိမ်း ဆင်ခြင် သတိထားဖို့ လိုမယ်လို့ အကြံပြုကြပါတယ်။

အခုချိန်မှာ လူထုဘက်က တက်ကြွမှု ရေချိန် မြင့်မားနေတာ ထင်ရှားလှပါတယ်။ သည်လို တင်းမာမှုနဲ့ တက်ကြွမှုတွေ ရှိနေချိန်မှာ ကြားထဲက ဝင်ရောက် စေ့စပ်ရင်ကြားစေ့ဖို့အတွက် တစုံတဦး အစုအဖွဲ့တို့ ကြားဝင်စေ့စပ်ဖို့ကလည်း အလွန်ခဲယဉ်းမယ်ဆိုတာ သေချာပါတယ်။ အားလုံးက တောင်းဆိုနေတာ စစ်အုပ်စု စစ်ခေါင်းဆောင်တွေ အညံ့ခံဖို့ နောက်ဆုတ်ဖို့ ဖြစ်နေပါတယ်။ စစ်အုပ်စုကလည်း သည်လို လွယ်လွယ်နဲ့ လျော့ရိုးထုံးစံ ရာဇဝင်မှာ မရှိပါဘူး။ စစ်ခေါင်းဆောင်အချင်းချင်း အရင်ဆုံး ညှိနှိုင်းပြီး တခုခု စီစဉ်ဆုံးဖြတ်ပြီးမှသာ လူထုဆီကို သူတို့ ပြန်လာဖို့ ဖြစ်နိုင်မယ် ထင်ကြပါတယ်။

စစ်တပ်က ပြောထားသလို တနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ် ဆိုတာကလည်း ၈၈ အာဏာသိမ်းခေါင်းဆောင်တွေက ကြွေးကြော်ဖူးတာပါပဲ။ လက်တွေ့မှာ နိုင်ငံရေးအရကော အုပ်ချုပ်ရေးအရပါ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။ နိုင်ငံရေးတင်းမာပြတ်တောက်မှု အလွန်ကြီးမားပြီး လူပေါင်း ထောင်နဲ့ချီ ပစ်သတ်ခံခဲ့ရတဲ့ ၈၈ အရေးတော်ပုံအပြီးမှာ ပါတီစုံရွေးကောက်ပွဲကို စစ်တပ်က အတင်းအဓမ္မကွပ်ညပ်ပြီး ကျင်းပတာတောင် ၁နှစ်ခွဲကျော် အချိန်ယူရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်တဲ့ စစ်အာဏာရှင်တွေဟာ နောက်ထပ်သူတို့စိတ်တိုင်းကျတဲ့ ရွေးကောက်ပွဲတခု ထပ်လုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အနှစ် ၂၀ ကြာမှ ၂၀၁၀ ကျမှသာ စစ်အုပ်စုအကြိုက် ရွေးကောက်ပွဲတခု ထပ်ကျင်းပနိုင်တာ ဖြစ်ပါတယ်။ အခု သူတို့စိတ်တိုင်းကျမဖြစ်လို့ နောက် ၁၀ နှစ် ၂၀၂၀ မှာ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပြန်ပါပြီ။ သည်လိုဆိုတော့ စစ်အစိုးရကတိပေးနေတဲ့ ၁နှစ်အတွင်း ရွေးကောက်ပွဲဆိုတာ ဖြစ်နိုင်ပါ့မလား အားလုံး လေးလေးနက်နက် စဉ်းစားကြဖို့ လိုပါတယ်။

အခုအချိန်မှာတော့ တင်းမာမှုတွေ စိတ်ဓာတ်စစ်ဆင်ရေးတွေ ဝါဒဖြန့်မှိုင်းတိုက်တာတွေ သွေးတိုးစမ်း နှိမ်နင်းတာတွေနဲ့ စစ်အာဏာရှင်များက ခြေလှမ်းတွေ ပြင်နေကြပါတယ်။ သမိုင်းမှာလည်း သက်သေတွေ သင်ခန်းစာတွေ ရှိပြီးပါပြီ။ အာဏာရှင်ကို ဖီဆန်တော်လှန်တဲ့ မျိုးဆက်တွေ အားလုံး တညီတညွတ်တည်း ရင်ဆိုင်ကြဖို့ ဖြစ်ပါတယ်။

(ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ဗိုလ်ချုပ်တောင် အသက်ရှိသေးရင် ၁၀၆နှစ်တောင် ရှိနေပြီ။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကို အခု လူဆိုးတွေက ဖမ်းထားလို့ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ တပ်မတော်ကြီးက ကယ်တင်လိုက်ရတယ်လို့ မပြောနိုင်သေးဘူး။ ဗိုလ်ချုပ်သမီးကို ဗိုလ်ချုပ်ထောင်ခဲ့တဲ့ စစ်တပ်က ခုထိဖမ်းထားတုန်း။)

(မိုးမခမီဒီယာ)