Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၂)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၂)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၁

• တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်တို့ဖက်မှ အားနည်းချက်များ 
အထက်တွင်ဖေါ်ပြပြီးသကဲ့သို့ မြန်မာပြည်တွင်ရင်းနှီးမြှုပ်နှံမြှုပ်နှံမှုပြုလုပ်သည့် တရုတ်တို့၏ ကိုင်စွဲထားသည့် သဘောထားမှာ မြန်မာအစိုးရအာဏာပိုင်များနှင့် သဘောတူပြီးဖြစ်၍ ဖြစ်လာသည့်ပြသနာများမှာ သူတို့နှင့်မဆိုင်ဟူ၍ စဉ်းစားချက်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်သည့် လုပ်ငန်းကြီးတိုင်းသည် သဘာဝပတ်ဝန်းကျင်အား၎င်း၊ လူမှုပတ်ဝန်း ကျင်အား၎င်း ထိခိုက်မှုရှိသည်ဖြစ်ရာ မြန်မာအစိုးရဖက်သာမက တရုတ်ကုမ္ပဏီများသည်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိရန်လိုသည်။ တရုတ်တို့ဖက်တာဝန်မရှိဟု ယူဆပါက တာဝန်မဲ့ရာရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုထက်ပိုဆိုးသည်က မြန်မာအာဏာပိုင်များနှင့် သဘောတူညီမှုရပြီးပြီဆိုခါ တရုတ်ကုမ္ပဏီများက မြန်မာဒေသခံလူထု၏ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် အခွင့်အရေးများအား အလေးမထားခြင်း၊ ပစ်ပယ်ခြင်းဖြစ်သည်။ 

ဤဖြစ်ရပ်သည် မိမိမျက်မြင်ကြုံခဲ့ရသောဖြစ်ရပ်ဖြစ်သည်။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တဖက်ကဆွေးနွေးမှုများမပြီးမသတ်သေးမှီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု (EIA) အစီရင်ခံစာအတွက် လေ့လာစဉ်ကာလက ၂၀၀၉ ခုနှစ်ကဖြစ်သည်။ မေခမြစ်ပေါ်ရှိ ချီဖွေရေကာတာတည်ဆောက်မည့်နေရာတွင် တရုတ်ကုမ္ပဏီက မြေသားစမ်းသပ်မှု ပြုလုပ်နေသည်။ ချီဗွေရေအားလျပ်စစ်တည်မည့်နေရာသည် ချီဗွေမြို့မှ မေခမြစ်ကြောင်းအတိုင်း အထက်ဖက် ၁၄ မိုင်ခန့်အကွာတွင်ဖြစ်သည်။ ထိုနေရာတွင် မရူ ခေါ် လော်ဝေါ် လူမျိုး ရွာ ၄ ရွာခန့်ရှိသည်။ မြေသားစမ်းသပ်သော တရုတ်ကုမ္ပဏီမှအဖွဲ့များသည် ထိုရွာများရှိ အရပ်သားပိုင်အိမ်ဝင်းများအတွင်းတွင်၎င်း၊ အရပ်သားပိုင်လိမ္မော်ခြံများအတွင်းတွင်း၎င်း စက်ကြီးများ အသုံးပြုပြီး ကျင်းနက်ကြီးများတူးခါ မြေသားစမ်းသပ်မှုပြုကြသည်။ အိမ်ပိုင်ရှင်များ၊ ခြံပိုင်ရှင်များထံမှ မည်သည့်ခွင့်ပြုချက်မှ မယူဘဲ ကိုယ့်သဘောနှင့်ကိုယ်ဝင်တူးနေကြသည်ကိုတွေ့ရသည်။ မြန်မာအာဏာပိုင်များဖက်မှ တဦးတယောက်မှမပါသည့်အပြင် ကြိုတင်အကြောင်းကြားထားမှုလည်းမရှိဟုသိရသည်။ မြန်မာဒေသခံရွာသားများက လျော်ကြေးမဆိုထားနှင့် မိမိပုဂ္ဂလိကပိုင်ဆိုင်မှုအတွင်း တရုတ်ကုမ္ပဏီမှ ထင်တိုင်းကျဲနေသည်ကို လက်ပိုက် ကြည့်နေရသည်။ ထိုကာလက လိမ္မော်ခြံများအတွင်း တရုတ်တို့တူးသည့်ကျင်းများအတွင် ကျပြီးသေဆုံးသည့် အရပ်သားကျွဲ ၁၀ ကောင်ခန့်ရှိပြီး လျော် ကြေးလည်းမရဟုသိရသည်။ ဤဖြစ်ရပ်မှတွေ့ရသည် တရုတ်ကုမ္ပဏီများ သည် မြန်မာအာဏာပိုင်များနှင့် မည်သို့သဘောတူထားသည်ဆိုစေကာမူ ဒေသလူထုအပေါ်လိုက်နာရမည့် အခြေခံကျင့်ဝတ်ကိုပင် လိုက်နာမှုမရှိသည်မှာ လွန်စွာစိတ်ပျက်ဖွယ်ကောင်းသည့်တရုတ်တို့၏ အားနည်းချက်ဟု ဆိုရမည်။ 

နောက်တွေ့ရသည့်တချက်မှာ တရုတ်ကုမ္ပဏီများအတွက် အားသာချက်မှဖြစ်လာသည့်အားနည်းချက်ဖြစ်သည်။ တရုတ်လူမျိုးများသည် ကမ္ဘာ့အနှံရွှေ့ပြောင်းအခြေချသည်ဖြစ်ရာ ကမ္ဘာပေါ်ရှိတိုင်းပြည်တိုင်းတွင် တရုတ်တန်းရှိသည်။ တရုတ်သူဌေးများရှိသည်။ မြန်မာပြည်တွင်လည်း အလားတူဖြစ်သည်။ ယခင်က တရုတ်ကွန်မြူနစ်ကို ဆန့် ကျင်ခဲ့သော မြန်မာပြည်မှတရုတ်များသည်လည်း ယခုအခါ ချမ်းသာကြွယ်ဝသော ပြည်မမှတရုတ်ကုမ္ပဏီများနှင့်အလုပ်လုပ်ရန်အသင့်ဖြစ်နေကြပြီဖြစ်သည်။ ပြည်မမှလာသော တရုတ်ကုမ္ပဏီများအဖို့လည်း ၎င်းတို့နှင့် ဘာသာစကားတူ၊ ယဉ်ကျေးမှုတူ မြန်မာပြည် ပေါက်တရုတ်များနှင့် တွဲ၍အလုပ်လုပ်ရသည်က လွယ်ကူသည်က အမှန်ပင်ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးကို မြန်မာပြည်တွင် လာရောက်မြှုပ်နှံသော အခြားနိုင်ငံခြားသားများမရနိုင်ပေ။ သို့သော်ထိုအခြေခံပေါ်မှ ပြည်မမှလာသည့် တရုတ်ကုမ္ပဏီကြီးသည် တဆင့်ခံကန်ထ ရိုက်လုပ်ငန်းများကို မြန်မပြည်ပေါက် တရုတ်များကိုသာ ပေးသည့်အခါ မြန်မာပြည် ဒေသခံကုမ္ပဏီများ အလုပ်အကိုင်မရသဖြင့် တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုကို မကြိုဆိုကြတော့ဘဲ ဆန့်ကျင်ကြတော့သည်။ ဤကား တရုတ်တို့အတွက် အားသာချက်မှ ဖြစ်သွားသော အားနည်းချက်ဟုဆိုရမည်။ 

• မြန်မာတို့ဖက်မှအားနည်းချက်များ 
မြန်မာအာဏာပိုင်များဖက်မှ အားနည်းချက်မှာ ဝန်ထမ်းများအကျင့်ပျက်မှု၊ အဂတိလိုက်စားမှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ခိုင်မာသော ဥပဒေအားနည်းနေသေးမှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပတ်သက်၍ တာဝန်ယူမှု အားနည်းခြင်းတို့ဖြစ်သည်။ 

လက်ရှိ တရုတ်တို့၏ ပိုးလမ်းမနှင့်ပတ်သက်၍ မြန်မာပြည်အားဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ထွက်မည့် စီမံကိန်းများအပေါ်ထားသည့် သေနင်္ဂဗျူဟာအမြင်အား တုန့်ပြန်ရာတွင်မူ မြန်မာတို့ဖက်မှာ သေနင်္ဂဗျူဟာအမြင်ရော၊ လေ့လာသုံးသပ်မှုရော အလွန်အားနည်းသည်က ပို၍အဓိကကျသည်။ တရုတ်တို့၏ မြန်မာပြည်နှင့်ပတ်သက်သည့် သဘောထားကို မြန်မာတို့ဖက်က သိနေသည်မှာ  ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ တရုတ်တို့ဖက်မှ ထိုစီမံကိန်းများအား အကောင်အထည်ဖေါ်ရန် လေ့လာသုံးသပ်မှုအများအပြား သုတေသန အများအပြားလုပ်ခဲ့သည်။ ထိုအလုပ်ကို တရုတ်အစိုးရတာဝန်ရှိသူများ၊ တရုတ်ကုမ္ပဏီများသာမက တရုတ်တက္ကသိုလ်များမှ ပါမောက္ခများ၊ပညာရှင်များပါသည့် သုတေသနအဖွဲ့များပါ ပါဝင်ပြီး ဖြစ်နိုင်ခြေအမျိုးမျိုးကို တွက်ဆခဲ့သည်။ 

တရုတ်ပြည် ရွှေလီမှ နမ့်ခမ်းမြို့တောင်ဖက်တည့်တည့်မှ မန္တလေးဆီသို့လမ်းအူ ကြောင်းအသစ်ဖေါက်ခြင်း၊ မူစယ်၊ လားရှိုး ၊ မန္တလေး လမ်းအူကြောင်းအဟောင်းအား အသုံးပြုခြင်း၊ ချင်းရွှေဟော်၊ သိန္နီ၊ လားရှိုးလမ်းကြောင်းအား ထည့်သွင်း စဉ်းစားခြင်းတို့အပြင် ‌လွယ်ဂျယ် မှ ဗန်းမော်ထိ မိုင် ၉၀, အထိအား ရထားလမ်းကြောင်းဖေါက်လုပ်ပြီး ဗန်းမော်မှ ဧရာဝတီမြစ်ကြောင်းအား အသုံးပြုပြီး ပုသိမ်၌ဆိပ်ကမ်းတည်ပြီး သမုဒ္ဒရာ
ထွက်ပေါက်ပြုခြင်းတို့အား သုတေသနပြုလုပ်တွက်ချက်ကြသည်ကို တွေ့ရသည်။ တွက်ချက်ကြရာတွင် ရွှေလီ၊ကျောက်ဖြူ ရထားလမ်းသည် ၆ဘီလျံလောက်ကုန်ကျ နိုင်ပြီး ဧရာဝတီမြစ်ကြောင်းအား အသုံးပြုနိုင်ရန် မြစ်ကြောင်းရှင်းလင်းရန် ၂/၃ ဘီလျံထိသာ ကုန်ကျပြီး ကုန်ကျစားရိတ်သက်သာနိုင်သည်ဟု တွက်ချက်သည်ကိုတွေ့ရသည်။ ထို့ ပြင် အကယ်၍ ဗန်းမော်လမ်းကြောင်းကသာ ဖေါက်ပါက KIA လက်နက်ကိုင်တဖွဲ့နှင့်ဆက်ဆံဖြေရှင်းရမည်ဖြစ်၍ ဆွေးနွေးဖြေရှင်းရန်လွယ်ကူသည်ဟူ၍ မြန်မာပြည်တွင်ရင် ဆိုင်ရမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြသနာပါ ထည့်သွင်းစဉ်းစားကြသည်။ ပြောရလျင် တရုတ်တို့သည် ပညာရှင်များကိုပါ အသုံးပြု၍ ဖက်စုံ‌ဒေါင့်စုံက ဆန်းစစ်လေ့လာသုံးသပ်မှုများ၊ ဖြစ်နိုင်ချေများကို တွက်ချက်ခဲ့ကြသည်။ ကုန်ကျစားရိတ်သက်သာမှုကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။ မြန်မာပြည်တွင်း နိုင်ငံရေးပြသနာများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။ 

မြန်မာပြည်တွင်း တရုတ်တို့က ဖက်စုံကလေ့လာသုံးသပ်မှုများပြုနေစဉ် မြန်မာတို့ဖက် ကိုယ့်အတွက်အကောင်းဆုံးအကျိုးရှိမည့် လမ်းကြောင်းက ဘာဖြစ်မည်ဆိုသည်ကို လွတ်လပ်စွာ လေ့လာစူးစမ်းမှု ပြုနိုင်ခဲ့ခြင်းမရှိ။ တရုတ်တို့ အဆိုပြုလာသည့်အချက်‌ ပေါ်ကသာ ထိုင်စဉ်းစားနေသည်။ တရုတ်တို့ဖက်အဆိုပြုသည့် မန္တလေး၊ နမ့်ခမ်းတိုက်ရိုက်ကားလမ်းဖေါက်မည့်ရာထားချက်အား မြန်မာ့အစ်ိုးရဝန်ထမ်းများစေလွှတ်ကွင်းဆင်းစေခဲ့သော်လည်း မတ္တရာကျော်သည်နှင့် လက်နက်ကိုင်အဖွဲ့များ ဧရိယာဆိုခါ နောက်ပြန်ဆုတ်ခဲ့ကြသည်။ ကိုယ်တိုင်းပြည်တွင်းဖြတ်မည့်လမ်းကြောင်းနှင့်ပတ်သက်၍ မည်သည့်လမ်း ကြောင်းက တိုင်းပြည်အတွက်အကျိုးရှိမည်၊ မည်သည့်နေရာတွင် ဆိပ်ကမ်းတည်က တိုင်းပြည်အတွက်အကျိုးရှိမည်ဆိုသည်နှင့် ထိုလမ်းကြောင်းထိုဆိပ်ကမ်းတို့နှင့်တွဲဖက်၍မိမိအတွက်အကျိုးရှိအောင် မည်သို့ ဆောင်ရွက်လုပ်ကိုင်မည် စသည်တို့ကို မြန်မာတို့ဖက်က လက်ဦးမှုရယူပြီး ပညာရှင်များကို အသုံးပြုပြီး ဖက်စုံမှသုတေသနပြုလေ့လာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ တရုတ်တို့အားမိမိဖက်မှပြန်လည် အဆိုပြုခြင်းများမရှိခဲ့ပေ။ တရုတ်တို့အဆိုပြုရာနောက်မှ လိုက်နေရသည်က မြန်မာတို့၏ အဓိအားနည်းချက်ဖြစ်ခဲ့သည်။ 

ဤသို့မြန်မာတရုတ်ဆက်ဆံရေးတွင် ဖြေရှင်းစရာ ပြသနာများစွာနှင့်ရင်ဆိုင်နေရချိန်တွင် တွေ့ရသည်မှာ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံများစတင်ဝင်ရောက်သည့်  ၂၀၁၀ ခုနှစ်လောက်မှစ၍ မြန်မာပြည်တွင် တရုတ်ဆန့်ကျင်ရေးလေထု ခေါင်းထောင်လာသည်ကို တွေ့ရသည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar