Breaking News

မောင်နောင်မွန် - မှိုင်းပျပျစိတ်ရနံ့


မှိုင်းပျပျစိတ်ရနံ့

မောင်နောင်မွန်

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၀


ထွက်ခွာသွားတဲ့သူရဲ့ကျောပြင်နောက်ကိုငေးကြည့်ရင်လွမ်းမော တမ်းတနေမှုတွေ။ ဒီတံခါးဝတွေဆီကနေ လမ်းတွေပေါ်ရောက်သွားပြီးကတည်းက ဒီအရိပ်ကိုဘယ်တော့မှပြန်လာမှာမဟုတ်တဲ့ကျေးဇူးရှင်တဦး၊ မာတာမိခင်ဟာ အဲလိုနဲ့ အထုပ်ကလေးကိုဆွဲပြီးလမ်းရဲ့ကျောပြင်တွေဆီကိုနင်းလျှောက်သွားတော့တယ်။ ဝေးဝေးကကြွေနေရတဲ့ကြယ်ပွင့်လေးတွေထဲ လေထုဟာတိုက်စားတော့မီးပွင့်ထွက်လာတယ်။ ဒီကြယ်ကြွေလေးတွေဟာ ဟင်လင်းပြင်ကြီးကိုဖြတ်ဖို့ အလင်းနှစ်ဘယ်လောက်ဖြတ်နေခဲ့ရမလဲ ထိုင်တွေးနေရတာကိုက အလုပ်တခု။ ရယူမှုနဲ့ပေးဆပ်မှုတွေကြားက၊ မာတာမိခင်နဲ့ပိတုဖခင်တို့ကြားက အိမ်တွင်းကြိတ်ပြီးဖြစ်နေတဲ့ ပဋိပက္ခဟာ ခုတော့ကမ္ဘာသိစစ်ပွဲကြီးဖြစ်လို့။ ကျန်ရစ်ခဲ့သူကပိုနာကျင်ရလား၊ ထွက်ခွာရသူကပိုနာကျင်ရလားဆိုရင် ကျနော်မသိဘူး။ အဖေကိုကျနော်လဲသေချာမမေးမိဘူး။ ကျနော်ဟာ ဘာမှမခံစားတတ်သေးတဲ့အရွယ်မို့၊ အဲလိုပဲထွက်ခွာနေကျအမေဟာဒီတခါလည်းပြန်လာခဲ့မယ်ထင်တယ်။ ဒါပေမဲ့အမေ့ရဲ့ကျောပြင်ကို နောက်ဘယ်တော့မှပြန်မတွေ့ရဘူး။ အကြောင်းက အဖေမှဆိုင်ကယ်မရှိဘူး။ ဝင်ငွေပုံမှန်ရှိတဲ့အလုပ်တခုမရှိဘူး။ ဟိုဘက်နိုင်ငံကိုသွားမဲ့လမ်းစရိတ်အရင်းအနှီးမရှိဘူး။

Nickelback ရဲ့ Photograph သီချင်းကိုအခါခါနားထောင်ဖြစ်တယ်။ ဖြူမဲမိသားစုဓာတ်ပုံဟာရေငွေ့ရိုက်ပြီး သိပ်မပီပြင်တော့ဘူး။ ပျက်စီးစပြုနေပြီ။ ပုံရိပ်တွေတောင်ပျက်နေပြီ။ စွတ်စိုမှောင်မိုက်နေတဲ့အိပ်ယာနဲ့ ခြုံစရာစောင်မရှိတဲ့အခိုက်အတံ့တွေ။ မိုးစက်တွေဟာအိမ်ခေါင်းမိုးပေါ်ကိုတဖြုတ်ဖြုတ်ကျနေတာပဲ။ အိပ်မပျော်တဲ့သူတယောက်အတွက်ကတော့ ဒီလိုညနက်တွေဟာ ကယောင်ချောက်ချားနဲ့။ တိုးတိတ်နေမှုကလက်လှမ်းမမှီခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် စိတ်ကူးယဉ်စရာအတွေးတစပမာ၊ ဟိုးဝေးဝေးကလင်းတလှည့်မှိတ်တလှည့်ကြယ်ပွင့်တွေမှာ နာမည်နာမမရှိဘူး။ ချစ်ခြင်းမေတ္တာမရှိဘူး။ မျှော်လင့်ချက်တော့ရှိချင်မှလည်းရှိမှာပါလေ။ ဒါနဲ့ပဲထွက်ခွာရာပြဝိဘတ်တွေဟာ ကျနော့်ရင်ထဲဝင်လာခဲ့ပြီး ဆိုက်ရောက်ရာပြဝိဘတ်တွေဟာ အဝေးကိုပြေးထွက်သွားကြတယ်။ မျှော်ပေါ့။ 

အမေဟာ ကျနော်တို့ဆီကို သတင်းအစအနလေးတောင်မပြန်ပို့တော့ပဲ ရေကြည်ကိုနောက်ပြီးခြေရာတွေအကုန်သိမ်းသွားခဲ့ပြီ။ လမ်းမတွေ တံခါးဝတွေကိုကျနော်မုန်းလာတယ်။ အလှောင်ပိတ်အခန်းထဲမှာတယောက်တည်းနေသားတကျနေတတ်လာတယ်။ လူငယ်ဘဝရဲ့လမ်းပျောက်မှုတွေမှာ ဆေးလိပ်ငွေ့ပါလာတယ်။ အဖြူရောင်ဆေးပြားလေးတွေပါလာတယ်။ ရေထည့်ထားတဲ့ပုလင်းလွတ်ကိုဖြတ်သန်းလာတဲ့အငွေ့ဖြူဖြူတွေကိုရှိုက်ရှိုက်ရှုနေမိတယ်။ နှာသီးဝထဲကနေ အာကာသတွေဆီကို၊ အဲဒီကနေ လွတ်လပ်မှုဟာ အောက် ခြေလွတ်မှုတွေနဲ့။ ပန်းခင်းကြီးဟာ ကျနော်လိုချင်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်။ ပျော်ရွှင်လိုက်လေခြင်း။ 

ကျေးလက်လယ်တောရဲ့ကောက်စိုက်တေးသံတွေ။ နွားတွေရဲ့လယ်ထွန်သံတွေ။ မီးရထားကြီးဖြတ်ခုတ်လာတယ်။ သံလမ်းဟာတသိမ့်သိမ့်တုန်နေတဲ့ရေခဲချောင်းကြီးတွေလို။ တောင်တန်းတွေဟာ မားမားမတ်မတ်ကြီးနဲ့ တိမ်တိုက်တွေဟာတို့ထိနေတာပဲ။ 

သီချင်းသံတွေဟာငြိမ့်ငြိမ့်လေးကနေ မြန်လာတယ်။ လေဟာမျက်နှာပြင်ပေါ်တို့ထိကစားနေလိုက်၊ ပါးပြင်ပေါ်ကိုဆော့ကစားနေလိုက်။ စိတ်ခံစားမှုဟာ သာယာခံစားမှုကောင်းတယ်။ ဝေးဝေးကကျေးငှက်သံတွေက အနီး အနားဆီရောက်လာလိုက်၊ ဝေးသွားလိုက်နဲ့။ မျက်လုံးအစုံကိုမှိတ်ထားလိုက်မိတယ်။

ရောင်စုံမီးပန်းတွေဟာဖြာကျနေတဲ့ပန်းပွင့်တွေလိုပင်။ နှစ်သစ်ကူးနေ့က မီးပန်းလေးတွေကိုတောင်သတိရမိတယ်။ တိမ်ပင်လယ်ကြီးထဲမှာ လှိုင်းကလေးတွေဟာ ပျော်ရွှင်ခြင်းပုလင်းခွံတွေသယ်ဆောင်လာပြီ။ ရောင်စုံစုတ်ချက်ပန်းချီကားချပ်တွေပါလား။ ပန်းခြင်းဟာလှလိုက်တာ။ ဒါဟာလွမ်းသူပန်းခွေလေလား။ အဆက်အသွယ်ဆိုတာပြတ်တောက်သွားတဲ့ကြိုးမျှင်လေးလို။ ''အမေ'' ကျနော်အမှောင်ထဲ စူးစူးရှရှအော်ခေါ်နေမိတာလား။ လွမ်းမောမှုတွေဟာ နာကျင်မှုတွေနဲ့။ ကျနော်ဟာ အမှောင်ထူထူထဲမှာ အိပ်စက်နေမိတာ အချိန်အတော်ကြာနေပြီလား။ တယောက်တည်းအထီးကျန်နေရင်ကျနော်ဟာ ဝေလေလေဖြစ်လာနေခဲ့ပြီ။

"ပင်လယ်ရေခမ်းမှ ဘိုးလေးကိုနွားလှည်းနဲ့လာကြိုခိုင်းလိုက်ကွာ'' ဆိုတဲ့ အဖေရဲ့လူကြုံမပါးလာပဲရောက်လာတတ်တဲ့သတင်းစကားတွေ၊ အဖေဟာ အမေထွက်သွားပြီးကတည်းက ဟိုဘက်နိုင်ငံကိုထွက်သွားတယ်။ ပြီးတော့ရွက်ကျပင်ပေါက်လိုပျော်နေတော့တယ်။ အဖေဟာ ထွက်သွားပြီးကတည်းက ကျနော်တို့ရဲ့လူအဖွဲ့အစည်းတခုလုံးကိုအယုံအကြည်မရှိပစ်ပယ်လိုက်ပုံရတယ်။ အဲချိန်ကနေစပြီး အဖေဆီကအဆက်အသွယ်ဆိုတာ နေရောင်မြင်တဲ့နှင်းမြူလိုပဲ ပျောက်ခြင်းမလှပျောက်နေခဲ့တယ်။ အနီးအနားကလူတွေသာဝင်လာပြီး ကြီးကြီးပွားပွားထွက်လာခဲ့တယ်။ အဖေကတော့ ဘယ်တော့မှပြန်မလာခဲ့ဘူး။ ဒါဟာကျနော်ရဲ့ငယ်ဘဝစိတ်ဒဏ်ရာတွေလား။ မသိခဲ့ဘူး။ မိသားစုနဲ့ပျော်နေတဲ့သူတွေရင် ဘယ်တော့မှမုဒိတာမပွားနိုင်ခဲ့ဘူး။ မိသားစုစုံညီတေးသံဟာ ကျနော်တို့အိမ်မှာ ဘယ်တော့မှ တေးမသီတဲ့သံစုံတီးဝိုင်းအပျက်တခုလို။ ဝေလေလေနဲ့ စိတ်ဓာတ်ဟာအမှောင်မိုက်ထဲမှာပဲ။ ဆေးလိပ်ငွေ့တွေလိုဖြူလွလွတိမ်စိုင်လိုအခိုးအငွေ့တွေက တလိပ်လိပ်တက်လာနေခဲ့တယ်။ 

အရှိန်ကုန်ပြီးထင်တယ်။ စိတ်ထဲမှာ ယင်းထလာပြန်တယ်။ လိုနေပြီ။ ဘာမှန်းတော့မသိဘူး။ ချစ်ခြင်းမေတ္တာကိုလား။ ဆေးပြားတွေကိုလား။ အော်ဟစ်တောင်းခံနေရတာကလဲ ဖိုးလမင်းဆီထမင်းဆီဆမ်းတောင်းနေသလို။ ထထိုင်လိုက်တယ်။ အမှုန့်ကြိတ်ထားတဲ့ဆေးမှုန့်လက်ကျန်တွေကို ငွေရောင်ကတ်ထူပြားပေါ်တင် မီးခြစ်နဲ့ရှို့ပြီး ရေငွေ့ထဲကဖြတ်လာတဲ့အငွေ့တွေကို အာသာရမ္မက်ပြင်းပြင်းရှိုက်နေမိပြန်တယ်။ 

နှာသီးဝကနေတဆင့် တလောကလုံးကိုမကျေနပ်ချက်တွေက တိမ်စိုင်တွေဆီရောက်ရှိပြန်တယ်။ ချစ်ခြင်းမေတ္တာကိုတော့ မိုးရွာတုန်းမှ ရေခံသလို အခွင့်အခါစောင့်ရဦးမယ်။ ခုတော့ တိမ်တွေပေါ်ကိုစုံညီတေးဆိုရင် ရွက်လွှင့်ဦးမယ်။ သီချင်းသံဟာတိတ်ဆိတ်နေခဲ့တာကြာပြီ။

မောင်နောင်မွန်