မောင်ရစ် – ဦးဝင်းတင်မွေးနေ့ နောက်ကြည့်မှန်
မောင်ရစ် – ဦးဝင်းတင်မွေးနေ့ နောက်ကြည့်မှန်
(မိုးမခ) မတ် ၁၃၊ ၂၀၁၉ဦးဝင်းတင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အမှတ်တရ ပြန်လည်ဆန်းသစ်ဖော်ပြသည်
ဦးဝင်းတင်သာ သက်ရှိထင်ရှားရှိနေရင် အသက် ၈၉ နှစ် ရှိပြီ။ ဆရာကွယ်လွန်တော့ ၈၄ နှစ်။ အခုပြန်စဉ်းစားလိုက်တော့ ၈၄ နှစ်နဲ့ ဆရာ ရေးခဲ့ ပြောခဲ့ ရပ်တည်ခဲ့တာတွေက ကြီးကျယ်ခမ်းနားလှတယ်။ ၈၈ အရေးတော်ပုံဖြစ်တော့ ဆရာ့အသက်က ၅၈ နှစ်။ (၈၈ တုန်းက ၂၀ကျော်သက်တွေ အခုဆို ဆရာ့အဲသည်တုန်းကအသက် ၅၀၊ ၅၅၊ ၆၀ တန်းတွေ ဖြစ်နေကြပြီ)။ ထောင်က အနှစ် ၂၀ နီးပါး ကျတယ်။ ဆရာက ထောင်ထဲမှာ တောက်လျောက်လှုပ်ရှားတယ်။ အမြဲတန်း ထူရမယ်၊ ထရမယ်၊ ထောင်ရမယ်ပဲ။ ထောင်ကထွက်လာတော့ ဆရာ့အသက် (၂၀၀၈ စက်တင်ဘာ) ၇၈ နှစ်။ တောက်လျောက် ဆက်ရပ်တည် လှုပ်ရှားတာပဲ။ NLD ပါတီအတွက်၊ ဒီမိုကရေစီအရေးတော်ပုံကြီး ဆက်လက်ချီတက်နိုင်ရေးအတွက်။ ထောင်ပြင်ရောက်ပြီး ၇၈ ကနေ ၈၄ နှစ် – ၆နှစ်ပဲ အသက်ရှည်တယ်။ သို့သော် ဆရာ၏သြဇာက ကြီးကျယ်ခမ်းနားလှပါတယ်။
ဆရာနဲ့ မိုးမခတို့ မျက်နှာချင်းဆိုင် တွေ့ကြတော့ ၂၀၁၃ နှစ်ကုန်ခါနီး။ ဆရာ့အသက် ၈၃ နှစ်။ ၈၃ နှစ် အဖိုးအိုကြီးတဦးဆီက မြန်မာပြည်သူပြည်သားတွေက မျှော်လင့်တာ တောင်းဆိုတာ ခိုင်းစေတာတွေက များပြားလေးလံလှတယ်။ ခေတ်ဝန်ကို ထမ်းထားရတာလည်း ကြီးမားပြန့်ပြောလှပါတယ်။ ဆရာက ဘယ်တော့မှ အပြုံးမပျက်ပဲ။ အဲသည်တုန်းက အင်တာဗျူးမှာ ဆရာပြောခဲ့တာကို ပြန် ကောက်နုတ်လိုက်ပါတယ်။ ဆရာ အသက် ၈၀ ကျော်နေပြီ၊ အိပ်ယာထဲမဟုတ်ရင် လူအိုရုံမဟုတ်ရင် ဘာသာရေးတခုခုနောက် ရောက်နေကြတဲ့ အရွယ်မှာ ဦးဝင်းတင်က ပန်းပန်လျက်ပဲ။ မမောမပမ်းပဲ။ ဒါကြောင့် ဆရာ့ကို ဘာဆက်လုပ်မှာလဲလို့ မေးမိတာကနေ သည်လို ပြောဖြစ်ခဲ့တယ်။
ငါ့ကို ပြောကြတာရှိတယ်။ သေသည်အထိ ဆရာ စာရေးသွားပါ။ စကားတွေ ပြောပါ။ တချို့တွေက နိုင်ငံရေးလုပ်တယ်။ ပါတီဘက်မှာ ရပ်ပြီးတော့ လုပ်တယ်။ ပါတီမှာ တာဝန်ယူမယ်။ ပါတီမှာ နောက်ဆုံးအချိန်အထိ နေသွားမယ်။ ဒါမျိုးတွေ ပြောကြတယ်။
အဲသည်မှာ ငါ့အနေနဲ့ ကြုံခဲ့တာတွေထဲက ပြန်ပြောရရင် … စာရေးဆရာကြီး ဇေယျပေ့ါ။ သူမသေခင်က သွားတွေ့တော့ သတိသိပ်မကောင်းတော့ဘူး။ သတိက မေ့စပြုနေတာ တွေ့နေရပြီ။ ၁၉၆၉ လောက်တုန်းက ငါက ဟံသာဝတီသတင်းစာအတွက် ဆောင်းပါးအသစ် ရေးပေးဖို့ တောင်းတယ်။ ဆရာဇေယျဆီက။ သူ အရင်က ရေးခဲ့တဲ့စာတွေထဲက ကြိုက်တာ ယူသုံးဖို့ပြောတယ်။ စာအသစ် မရေးနိုင်တော့ဘူးတဲ့။ စာရေးတယ်ဆိုတာ ရင်ထဲက ပါမှ ရေးလို့ရတာတဲ့။ ရင်ထဲကလာတာကို ဦးနှောက်ဆီကို ပို့၊ ဦးနှောက်က စိစစ်လက်ခံပြီးမှာ စာအဖြစ် လက်ထဲကနေ စာရွက်ပေါ်ကို စီးဆင်းလာရတာ တဲ့။ စကားနဲ့ ပြောတာတွေ မှတ်ပြီး ပြန်ရေးတာတွေကို သူရေးတဲ့စာတွေလို့ မသတ်မှတ်ဘူးတဲ့။ အခု အဲသည်လိုမျိုး စာမရေးနိုင်တော့တဲ့အတွက် အရင်ကရေးခဲ့တာတွေကို ကြိုက်သလို ကိုဝင်းတင်က ယူပြီး သုံးပါတဲ့။ အဲလို သူက ပြောတယ်။
နောက်တဦးကတော့ … ဆရာကြီးရွှေဥဒေါင်း။ ၁၉၆၉ ဒီဇင်ဘာလောက်မှာ ရန်ကုန်ကနေ မန္တလေးကို ပြန်လာတယ်။ ဆရာကြီး ပြန်ရောက်လာတော့ ငါကလည်း ဟံသာဝတီသတင်းစာအတွက် စာမူတောင်းတယ်။ သူက “ကိုဝင်းတင်တဲ့ … ဒီအရွယ်မှာ ကျနော် မရေးတော့ဘူး” တဲ့။ “ရေးသင့်တဲ့ဟာ၊ မရေးသင့်တဲ့ဟာလည်း မရှိတော့ဘူး” တဲ့။ သူက အသက် ၈၀ လောက်ရှိပြီပေါ့။ ဘယ်လိုမှ တောင်းလို့ မရတော့ဘူး။ ရေးမယ်ရေးတော့လည်း သူမကွယ်လွန်မီမှာ နောက်ဆုံး သူ့သဘောထားလေး ရေးပြီး ဟံသာဝတီမှာ ထည့်နိုင်ရင် ထည့်ပေးပါတဲ့ ခိုင်းတယ်။ ဘာရေးလဲ ဆိုတော့ … “ကျုပ်ဟာ အရင်တုန်းက လူတွေကို တော်တော်များများကို သိတယ်။ အခုချိန်မှာတော့ ဘယ်သူကိုမှ မသိချင်တော့ဘူး …” အဲသလို သဘောသွားမျိုး အနီးစပ်ဆုံးပေါ့။ အခု အတိအကျ ပြန်ရှာလို့ မရသေးဘူး။ အဲဒါကို ဟံသာဝတီသတင်းစာက စာမျက်နှာ ၃ မှာ ဘောင်ခတ်ပြီး ထည့်ပေးရတာပေါ့ကွာ။
ငါ့အနေနဲ့ကတော့ သူတို့အထဲကို ရောက်သွားမှာ စိုးတာပေါ့။ ဒါပေမယ့်လည်း ငါအနေနဲ့ opinion piece ထင်မြင်ချက်တွေ၊ တုန့်ပြန်ချက်တွေ ရေးတဲ့အခါက အခုဆိုရင် စိတ်ကို စုစည်းလို့မရတော့ ခက်လာတယ်။ အချက်အလက်တွေကိုတော့ သိနေတယ်။ စာအဖြစ် ပြန်ပြီး အသေးစိတ်ပြန်ရေးလို့မရတော့ဘူး။ သည်တော့ ငါ့အနေနဲ့က သရော်စာလိုမျိူး ပြန်ရေးနေရတာပေါ့ကွာ။ ပေါ့ပေါ့ပါးပါးပေါ့။ ကိုယ်ပြန်ပြောချင်တာလေးတွေကို သရော်စာအဖြစ် ရယ်စရာ မောစရာလိုလို ရေးပြိး တုန့်ပြန်ရတာပေါ့။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း အမြဲတမ်း ရယ်စရာတွေ ချည်းမှ မဟုတ်တာ။
လူငယ်တွေကို ပြောချင်တာက ငယ်တုန်း ရေးနိုင်တုန်း ရေးကြပါ။
ဒါနဲ့ပဲ ဆရာ့ကို ထပ်မေးမိတယ်။ ဆရာ့မှာ ဘာဇောတွေနဲ့ အသက်ရှင်ရပ်တည်နေတာတုန်းပေါ့။
နိုင်ငံရေးဇောပေါ့ကွာ။ သတင်းစာသမားဇောကတော့ နည်းသွားပြီပေါ့။ သတင်းစာအလုပ်ဆိုတာက ခုခေတ်နည်းပညာတွေနောက် မလိုက်နိုင်တော့ဘူးကွ။ လုပ်သမျှလည်း အားမရဘူး၊ ကြိုက်လှတယ်ရယ်လို့ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ ကိုယ်ရေးလိုက်တာကို အားရသွားမှ၊ ကောင်းတာ မကောင်းတာ တပိုင်း၊ လူများ ကြိုက်တာ မကြိုက်တာ တပိုင်း၊ အရေးကြီးတာက ကိုယ့်စာကို ပြည့်စုံမှု ရှိတယ်လို့ ထင်ရမယ်။ မပြည့်စုံဘူးလို့ထင်ရင် ကိုယ်က အဲသည်စာကို မလွှတ်ချင်တော့ဘူး။
ဒါကိုပဲ ကျနော်တို့က ထပ်မေးတယ်။ အသက်က ကြီးနေပြီ။ အချိန်ကလည်း သိပ်မရှိတော့ဘူး။ နိုင်ငံရေးဇောနဲ့ ရှင်သန်နေတယ်ဆိုရင် … အခုလို အချိန်ကာလ အခြေအနေမှာ ဘယ်လိုမျိူးကို ရည်ရွယ်ပြီး ဇောသန်နေရတာလဲပေါ့။ ဘယ်လောက်အထိ စျေးဆစ်တာကို လက်ခံနိုင်မလဲလို့ မေးတာပါ။
“စာရေးတဲ့ဆီမှာ ဆရာက ပြည့်စုံမှုကို ဖြစ်စေချင်တယ်ဆိုတော့ ဆရာက နိုင်ငံရေးလုပ်တဲ့ဆီမှာ ပြည့်စုံမှု Perfect ဖြစ်မှုကို လိုချင်ပြီးတော့ လုပ်နေတာမျိုး ဖြစ်နေသလား။ ”
အဲလိုတော့ မဟုတ်ပါဘူး။ Perfectionist ဆိုတာထက် ဖြစ်သင့်တဲ့ ပုံစံ၊ ပြည့်စုံမှုတစုံတရာတော့ ရှိရမယ်လို့ ငါက အမြဲတမ်း ယုံကြည်တာကွ။ အဲလောက်မှ မရှိရင်တော့ အလုပ်မဖြစ်ဘူးကွ။
ဆရာ့အဖြေကတော့ အလုံးစုံပြည့်စုံမှု ဆိုတာထက် ” ဖြစ်သင့်တဲ့ပုံစံ၊ ပြည့်စုံမှုတစုံတရာတော့ ရှိရမယ်” တဲ့။ “အဲသလောက်မှ မရှိရင်တော့ အလုပ်မဖြစ်ဘူးကွ” … တဲ့။
ဆရာကွယ်လွန်ခဲ့ပြီ။ ၅ နှစ်တောင် ရှိတော့မယ်။ ရှိနေသေးရင် ဆရာ့အသက် ၈၉ နှစ်။ ရွှေဥဒေါင်းဟာ အသက် ၈၀မှာ စာရေးခြင်းနဲ့ လူဘောင်ထဲ ပါဝင်ပတ်သက်နေခြင်းကို ကျောခိုင်းလိုက်တယ်။ သူ့ဖာသာသူပဲ နေတော့တယ်။ ဆရာကတော့ အဲသည်လိုမျိူး မဖြစ်ချင်ခဲ့ဘူးလို့ ၈၄ နှစ်မှာ ပြောနေခဲ့သေးတယ်။ တဆက်တည်း တွေးနေမိပြန်တော့ ဒေါ်အောင်ဆန်းစုကြည် …။ ဒေါ်အောင်ဆန်းစုကြည် အခုဆို ၇၃ နှစ် ရှိပြီ။ အထိန်းသိမ်းအကြိမ်ကြိမ်ခံနေခဲ့ရတာ သူ့အသက် ၄၄ နှစ်ကတည်းက။ ၂၀၀၃ ဒီပဲယင်းအကြမ်းဖက်မှုကို အသက် ၅၈ နှစ်မှာ ရင်ဆိုင်ခဲ့ရတယ်။ လုံးဝလွတ်မြောက်ချိန်မှာ ၂၀၁၀။ အသက် ၆၅ နှစ်။ အခု နိုင်ငံတော်အတိုင်ပင်ခံ အနိုင်ရပါတီခေါင်းဆောင်ဖြစ်တာ ၂၀၁၅ မှ၊ အသက် ၇၀။ အခုဆို ဒေါ်အောင်ဆန်းစုကြည် ၇၃ နှစ်။ သူလည်းပဲ ဦးဝင်းတင်လို နိုင်ငံရေးဇောနဲ့ ဆက်လက်ရှင်သန်နေတယ်လို့ ကျနော် တွေးထင်နေမိပါတယ်။ သူလည်းပဲ နိုင်ငံရေးမှာ ဖြစ်သင့်တဲ့ပုံစံ၊ ပြည့်စုံမှုတစုံတရာတော့ရှိရမယ်လို့ ယုံကြည်နေမယ် ထင်ပါတယ်။
နောက်ဆက်တွေးမိတာက နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုတွေက ခုထိအတောမသတ်နိုင်သေးပါဘူး။ ၈၈ထဲကနေ လူလားမြောက်လာခဲ့ကြတဲ့ အခု ၄၀တန်းတွေ ၅၀တန်းတွေ ၆၀တန်းတွေလည်း သူတို့လိုပဲ ဆက်ပြီး ရင်ဆိုင်ကြရ ဖြတ်သန်းကြရပေဦးမယ်။ သူတို့တွေ ဇောတွေက ဘာတွေများ ဖြစ်နေလိမ့်မလဲ။ ဆရာရဲ့ နိုင်ငံရေးဇောလိုပဲလား။ လောဘဇော ဒေါသဇော မောဟဇောတွေ ၊ ရာထူးဇော အာဏာဇော အခွင့်ထူးခံဇောတွေလား။ သားဇော သမီးဇော မိသားစုဇော တကိုယ်ရေလွတ်မြောက်မှုဇောတွေဆီကို သန်ကုန်ကြပြီလား … ။
ဆရာဦးဝင်းတင် သက်တော်ရာကျော် ရှည်ပါစေသတည်း။
(ဓာတ်ပုံ – မိုးမခ၊ ၂၀၀၉ ခုနှစ်က မောင်ရစ်၏ ဦးဝင်းတင်အတွက် မွေးနေ့လက်ဆောင်ကာတွန်းနဲ့အတူ တွေ့ရစဉ်က)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar