Breaking News

မြင့်ကျော် - မရဏာနုဿတိ



မြင့်ကျော် - မရဏာနုဿတိ

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၁
(သူ့ဖေ့စ်ဘွတ်ကယူပါတယ်)

"သေခြင်းကို အဖန်အဖန်အထပ်ထပ် မပြတ်အောက်မေ့ခြင်း" လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာ တွေ့ရဖတ်ရပါတယ်။

ဇူလိုင်လ ဆန်းကစလို့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံမြို့အချို့မှာ မရဏာနုဿတိက တကယ့်ကို နေ့စဥ်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပုံမှန်အချိန်ကာလ၊ ပုံမှန်အခြေအနေမှာတော့ ကိုယ်က အသက်အရွယ်လည်း မကြီးရင့်သေး၊ အသက်အန္တရာယ်ရှိတဲ့ ရောဂါလည်း ခံစားမနေရ၊ အသက်အန္တရာယ်နဲ့နီးတဲ့ အသက်မွေးဝမ်းကျောင်းလည်းမဟုတ်တာမျိုးကြောင့် သေခြင်းတရားဆိုတာ ကိုယ့်နဲ့အဝေးကြီး ကိုယ့်မိသားစုနဲ့ အဝေးကြီးလို့ မှတ်ထင်ခဲ့ကြမှာပါ။

သို့ပေမယ့် တတိယလှိုင်းလို့ သတ်မှတ်တဲ့ ကိုဗစ်က ဝင်ရောက်လာချိန်မှာတော့ ရက်သတ္တပတ်လောက်အတွင်း သေဆုံးမှု ကိန်းဂဏန်းတွေက ၂ ဆ၊ ၅ ဆ၊ ၇ ဆ လောက်ထိ လျင်မြန်စွာ မြင့်တက်လာတဲ့အခါမှာ ဒီမြို့တွေ ဒီဒေသတွေမှာ နေထိုင်နေသူအတော်များများ သေခြင်းတရားဆိုတာ ကိုယ့်အနားမှာဆိုတဲ့ အသိတရား ၊ တနည်းပြောရရင် ကြောက်လန့်မှုြဖစ်လာတာ တွေ့ရပါတယ်။

လူအများ အပြန်အလှန်ဆက်သွယ်နေကြတဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ ကိုယ့်အသိမိတ်ဆွေတွေထဲက ဘယ်သူဘယ်ဝါဆုံးသွားပြီ၊ အမေဆုံးသွားပြီ၊ အဖေကတော့ သားသမီးတွေကိုထားရစ်ခဲ့ပြီ၊ စာပေ၊ အနုပညာရှင်၊ အခြားတတ်သိပညာရှင်တွေ ဆုံးရှုံးသွားပြီဆိုတဲ့ ပို့့စ်တွေက နာရီအလိုက် ပေါ်လာနေတာက ကြေကွဲစရာ အပြင် ထိတ်လန့်စရာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ အသက်ကြီးသူတွေမှ ကိုဗစ်နဲ့ အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ယေဘုယျ နားလည်မှုလည်း မှေးမှိန်သွားပြီး လူလတ်ပိုင်းလည်း အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ သင်ခန်းစာ ရလာခဲ့တာပါ။

မနှစ်က ဖြစ်ပွားတဲ့ ကိုဗစ်ပိုးက ခုလောက် မပြင်းထန်၊ ကူးစက်မှုနှုန်းမမြင့်ခဲ့တဲ့အပြင် ကူးစက်ခံရသူတွေ ကျန်းမာရေးစောင့်ရှောက်မှု ရခဲ့ကြတာကြောင့် သေဆုံးမှုနှုန်းက နိုင်ငံတကာနဲ့ယှဥ်ရင် မြင့်ကောင်းမြင့်ပေမယ့် ခုတတိယလှိုင်းနဲ့စာရင် အပြတ်အသတ်နိမ့်တယ်လို့ ဆိုရမှာပါ။

ခုတတိယလှိုင်းကတော့ မြန်ဆန်စွာကူးစက်၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာနဲ့ ကူရာမယ့် ကယ်ရာမယ့် ကူးစက်ခံရသူတွေဘဝက တသက်မှာ တကြိမ်လောက်သာ ကြုံရမယ့် အိမ်မက်ဆိုး အတွေ့အကြုံလို့ ဆိုချင်ပါတယ်။

သေခြင်းတရားနဲ့ နီးနီးကပ်ကပ် ရောက်ရှိပြီး တောင်မကျော်နိုင်ဘဲ သေဆုံးခဲ့ရသူတွေ အများအပြားရှိသလို ၊ သေတွင်းနှုတ်ခမ်းဝကနေ ကျော်ဖြတ်နိုင်ခဲ့သူတွေလည်း အများအပြားရှိပါတယ်။

ကိုယ်တိုင်မကြုံရသော်လည်း မိမိရဲ့ချစ်ခင် မြတ်နိုးသူ၊ မိသားစုဝင်တွေရဲ့ သေတွင်းနှုတ်ခမ်းဝ မှာ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို မြင်ရတဲ့အခါမှာလည်း သေခြင်းတရားဆိုတာ အခုလိုပါလားလို့ တဆင့်ခံသင်ခန်းစာယူ ခွင့်ရကြတာလည်း ဖြစ်ပါတယ်။

အဲလို သေတွင်းနှုတ်ခမ်းဝရောက်ရှိချိန်၊ မိမိကိုယ်တိုင် ရောက်နိုင်တယ်လို့ ခံစားရချိန်မှာ ကိုယ်ကိုယ်တိုင်လည်း သေခြင်းတရားအတွက် စိတ်ကို ပြင်ဆင်ကြရတာမျိုး အခြေအနေဖြစ်ပါတယ်။

ကိုယ်ဘာတွေ လုပ်ခဲ့သလဲ ၊ ကိုယ်ဘာတွေ မလုပ်နိုင်ခဲ့တာလဲ၊ ကိုယ်ဘာတွေ လိုအပ်ချက်ရှိခဲ့တာလဲ တာဝန်မကျေခဲ့တာလဲ ဆိုတဲ့ ပြန်လည် ငဲ့ကြည့်တဲ့ ခြင်္သေ့ လည်ပြန် အတွေးမျိုး ပေါ်လာကောင်း ပေါ်လာကြပါလိမ့်မယ်။

လူမှုအဖွဲ့အစည်း ကောင်းကျိုးအတွက် လုပ်ဆောင်ပေးဆပ်လိုသူတွေအနေနဲ့တော့ သူမလုပ်နိုင်သေးတာတွေ လုပ်ဆောင်ပေးချင်တာတွေအတွက် စိတ်ရောက်ကောင်း ရောက်ပါလိမ့်မယ်။

မိသားစုကို တာဝန်ကျေချင်သူ ပူပန်တတ်သူတွေအဖို့လည်း မိသားစုအတွက် စိုးရိမ်ပူပန်တာ တာဝန်မကျေတာ ကျေခဲ့တာတွေဆီ စိတ်ရောက်ကောင်း ရောက်ပါလိမ့်မယ်။

ဘာသာတရား ကိုင်းရှိုင်းသူတွေအဖို့ဆို ဘာသာတရား ရဲ့ တရားသဘာဝ၊ အဆုံးအမကို တွေးကာ ကောင်းမှုပွားများနေလိမ့်မယ် ထင်ပါတယ်။

ဆုိးရွားတဲ့ စိတ်ဆန္ဒ ရှိသူ၊ တဖက်သား ဆန့်ကျင်ဘက်အပေါ် ချေမှုန်းဖို့ အမြဲကြံရွယ်စိတ်ကူးနေသူတွေ အဖို့ နောက်ဆုံးအချိန်လိုမျိုးမှာ သံဝေဂ ရမှာလား သို့မဟုတ် မလုပ်ရသေးတဲ့ မကောင်းမှုတွေကို စိတ်က ရောက်နေမှာလား မပြောတတ်ပါဘူး။

ဒီလို အခြေအနေအောက်မှာ ဝမ်းရေး တနေ့တာ စားသောက်ရေး၊ မိသားစုကို ကျွေးမွေးဖို့အရေး လက်လှုပ်မှ ပါးစပ်လှုပ်နေရသူတွေလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းများ အများအပြားရှိနေပြီး အများသူငါ ထိတ်လန့် ကာကွယ် နေချိန်မှာ သူတို့အဖို့ နီးရာဓါးက စားရေး အသက်ရှင်ရေး ဖြစ်နေတဲ့ ဘဝတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတာကို တွေ့ရတာက စိတ်မကောင်းဖြစ်စရာ ဝမ်းနည်းစရာ အခြေအနေ တရပ် ဖြစ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar