မြန်မာပြည်သူတွေ ပါလစ္စတိုင်းနဲ့ အစ္စရေးအရေး ဘယ်လို သဘောထားမှာလဲ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၁ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၃
မြန်မာပြည်သူတွေ ပါလစ္စတိုင်းနဲ့ အစ္စရေးအရေး ဘယ်လို သဘောထားမှာလဲ
ငယ်စဉ်က နိုင်ငံတခုမွေးဖွားခြင်းနဲ့ နိုင်ငံတခုပျက်သုဉ်းခြင်း ဆိုတဲ့ ဘာသာပြန် စာအုပ် ၂ အုပ်ကို ဖတ်ခဲ့ဖူးပါတယ်။ မောင်မိုးသူ - အိပ်ဇိုးဒပ် (နိုင်ငံတစ်ခု မွေးဖွားခြင်း) နဲ့ မောင်ပေါ်ထွန်း ၏ အကြီးအကဲ (နိုင်ငံတခု ပျက်သုဉ်းခြင်း) စာအုပ် ၂ အုပ် ဖြစ်ပါတယ်။
အာရပ်-အစ္စရေး ပဋိပက္ခကို ၀တ္ထုနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ Leon Uris ဆိုတဲ့ အမေရိကန်စာရေးဆရာတဦးတည်းက ရေးတာဖြစ်ပြီးတော့ အစ္စရေးနိုင်ငံနဲ့ နိုင်ငံသားများဘက်က ဝါဒဖြန့်တဲ့ စိတ်ကူးယဉ်နိုင်ငံရေး၀တ္ထု ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲံသည်တုန်းက မျက်စိပိတ် နားပိတ် မြန်မာစာဖတ်ပရိသတ်များအတွက် စိတ်လှုပ်ရှားစရာ နိုင်ငံရေး၀တ္ထု ပုံပြင်တခုအပြင် လက်တွေ့လောကက အာရပ်-အစ္စရေး ပြဿနာများ ပဋိပက္ခများကို ရှုမြင်ရာ ဘောင်အကွက်တခုလည်း ဖြစ်ခဲ့ပုံရပါတယ်။
ပုံဖော်ကြတဲ့ဆီမှာ မူဆလင်ဘာသာဝင် ပါလစ္စတိုင်းတွေမှာ အတွင်းပဋိပက္ခများ အစွန်းရောက်မှုများနဲ့ ရုန်းကန်နေကြရပြီး ဂျူဒီဇင်ဘာသာဝင် အစ္စရေးတွေကတော့ ပြာပုံထဲကနေ အချင်းချင်း စည်းလုံးညီညွတ် စွန့်လွှတ်အနစ်နာခံမှု အားထုတ်မှုများကနေ အသီးအပွင့်ကို ခံစားကြရတယ်ဆိုတာမျိုး ကောက်ချက်ဆွဲစရာ ဖြစ်ခဲ့ပါတယ်။
မြန်မာတွေမှာက တိုင်းရင်းသားများနဲ့ စုပေါင်းနေထိုင်ကြတယ် ဆိုပေမယ့် နွေဦးတော်လှန်ရေးမတိုင်ခင်ကအထိ ယေဘုယျ ကောက်ချက်များထဲမှာ ဘာသာရေးအရ လူများစု ဗုဒ္ဓဘာသာဝင်များ၏ အထူးအခွင့်အရေး ရရှိထားမှုနဲ့ ဘာသာခြားများနဲ့ ပတ်သက်ရင် ခရစ်ယာန်၊ မူဆလင်ဘာသာဝင်များအပေါ် အနည်းနဲ့အများ အပေါ်စီးဆန်မှုတို့ ရှိတယ်ဆိုတာ ဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မူဆလင်များ (အစ္စလာမ် ဘာသာဝင်များ)နဲ့ နီးစပ် ကျွမ်းဝင်တဲ့ ဆက်ဆံရေးဆိုတာထက် ကြားထဲက မယုံသင်္ကာမှုတွေ ဘာသာရေးသဘောထားချင်း မညီမျှမှုတွေကို အာရုံစိုက်ကြလေ့ရှိပါတယ်။
အဲသည်အတွက် မြန်မာပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေမှာ မြန်မာအများစုနဲ့ မူဆလင်ဘာသာဝင်များ၏ သွေးစွန်းတဲ့ပဋိပက္ခတွေ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြပြီး အနီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ရခိုင်ပြည်နယ်စပ် အာဆာလက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာလူမျိုး သိန်းနဲ့ချီပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးအောင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာကို အစိုးရအဖွဲ့ဝင်များကိုယ်တိုင်နဲ့ မြန်မာပြည်သူတွေအများစုက မြန်မာစစ်တပ်ကို ဝေဖန် ပြစ်တင် အရေးယူဖို့ ပျက်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ယခု နွေဦးတော်လှန်ရေးကာလကို ဖြတ်ကျော်ကြတဲ့အခါမှာ NLD အမတ်များနဲ့ လက်ရှိ CRPH NUG NUCC တော်လှန်ရေးအဖွဲ့အစည်းများကိုယ်တိုင် ရိုဟင်ဂျာအရေး အဓိကကျမှုကို လက်ခံကြောင်း၊ မြန်မာစစ်တပ်ကို ICC ICJ တို့နဲ့ အရေးယူ အပြစ်ပေးရမည့်အကြောင်းကို နိုင်ငံတကာနဲ့အတူ ရပ်တည်မှု ထုတ်ဖော် ဆောင်ရွက်မှုတွေ ကျယ်ပြန့်စွာ ထုတ်ဖော်လာကြတာ ဖြစ်ပါတယ်။ တသီးပုဂ္ဂလအနေနဲ့ အစုအဖွဲ့တခုခု အနေနဲ့ ရိုဟင်ဂျာအရေးကို ရပ်တည်ပေးခြင်းများ ရှိခဲ့ကြတာ ရှိသော်လည်း မြန်မာတော်လှန်ရေး အင်အားစုတွေအနေနဲ့ In Solidarity တညီတညွတ်တည်း သဘောထား ထုတ်ဖော်လာနိုင်တာက အခုမှ ဖြစ်တယ်လို့ ထောက်ပြချင်တာ ဖြစ်ပါတယ်။
ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလဆန်းမှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ စစ်ပွဲ ပြန်လည် ဖြစ်ပွားလာပြန်ပါပြီ။ နိုင်ငံတကာက အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ ပါလစ္စတိုင်း ဟားမတ်စ်အဖွဲ့အစည်းက အစ္စရေးနယ်မြေထဲကို ကျုးကျော်ဝင်ရောက်ပြီး အရပ်သားအများအပြား ရာထောင်ချီပြီး ရက်စက်စွာ သတ်ဖြတ် တိုက်ခိုက်ပြီး စတင် စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အတွက် အစ္စရေးဘက်ကလည်း အပြင်းထန်ဆုံး ပြန်လည်တွန်းလှန်မှု တိုက်ခိုက်မှု ချေမှုန်းမှုတွေ ဆောင်ရွက်နေတာမို့ ပါလစ္စတိုင်းလူမျိုးတွေ ထောင်နဲ့ချီ သေဆုံး ဒဏ်ရာရကုန်ကြပါတယ်။ ခုထိ စစ်ပွဲက အရှိန်လျော့မယ့်အစား အရှိန်မြင့်လာမယ့်ဖို့ပဲ ရှိပါတယ်။
သည်တပွဲမှာလည်း မြန်မာပြည်၏ တဦးချင်းစီ၊ အစုအဖွဲ့အလိုက်၊ နိုင်ငံရေးအင်အားများအနေနဲ့ အစ္စရေး ပါလစ္စတိုင်းအရေးကို ဘယ်လိုသဘောထားမလဲ သုံးသပ်ကြလေမလဲက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
သာမန်အားဖြင့် ကျူးကျော်တိုက်ခိုက်ခံရတဲ့ အစ္စရေးပြည်သူတွေဘက်က ရပ်တည်အားပေးပြီး ဟားမတ်စ်၏ အကြမ်းဖက် လူသတ် လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြပါတယ်။ သို့သော်လည်း လက်နက်မဲ့ ပါလစ္စတိုင်းပြည်သူများ စစ်၏ ဘေးဒဏ်ကို ခံစားနေကြရပြီဆိုတဲ့အခါ ဘယ်လို ပြောမလဲ။ နောက်ပြီးတော့ သမိုင်းနောက်ခံအချက်အလက်များ၊ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးသဘောထားများ၊ အုပ်စုဖွဲ့မှုများအပေါ် အခြေခံပြီး အစ္စရေးနဲ့ ပါလစ္စတိုင်းတွေအပေါ် ဘယ်လို ထုတ်ပြန်ကြမလဲလို့ စောင့်ကြည့်တဲ့အခါ မေးခွန်းမေးကြတဲ့အခါ အဖြေတွေက ထင်သလောက် မလွယ်ကြတာ တွေ့ရမှာပါ။
အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခံရသူ ဆီးရီးယား၊ အီရန်၊ လစ်ဘနွန် အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများက ဟားမတ်စ်ဘက်က ရပ်တည်ကြသော်လည်း နိုင်ငံတော်အာဏာနဲ့ အစိုးရကို လက်ကိုင်ထားတဲ့ အီရန်၊ လစ်ဘနွန်၊ ဆီးရီးယား၊ ရုရှား၊ တရုတ်နိုင်ငံတို့က အစိုးရတွေအနေနဲ့ကြတော့ ဟားမတ်စ်ဘက်က မရပ်နိုင်ကြသလို အစ္စရေးအစိုးရကိုလည်း ရာနှုန်းပြည့် ထောက်ခံမှု မပြနိုင်ကြတာ တွေ့ရမှာပါ။ အစကတည်းက မဟာမိတ်အဖြစ် ဖြတ်သန်းထားသူ အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂနဲ့ ဗြိတိန်အစိုးရကတော့ အစ္စရေးအစိုးရကို ထောက်ခံ အားပေး ကူညီဖို့ စစ်ရေးအရ ကူညီဖို့ တခါတည်း ထုတ်ပြန်ကြပါတယ်။
အဲဒါနဲ့ မြန်မာတွေနဲ့ ဘာဆိုင်လို့လဲ မေးခွန်းက သည်မှာ လာပါပြီ။
အာဏာပိုင်အစိုးရအနေနဲ့ ဆိုရင်တော့ အပေါ်ကလို ဘက်တွေနဲ့ စဉ်းစားပြီး သဘောထား ထုတ်ပြန်ချင် ထုတ်ပြန်၊ မပြန်ချင်လည်း ရေငုံနေလို့ ရပါတယ်။ များစွာ စိုးရိမ်မိပါတယ်တို့၊ များစွာ ဝမ်းနည်းပါတယ်လို့ ထုတ်ပြန်လို့ရပါတယ်။ အစိုးရ မဟုတ်တဲ့ အာဏာပိုင်မဟုတ်တဲ့ လူပုဂ္ဂိုလ်အနေနဲ့ အစုအဖွဲ့တရပ်အနေနဲ့ဆိုရင် ဘယ်လို သဘောထားမယ်လို့ ပြောမှာလဲ။ ပြည်သူတွေအနေနဲ့ကတော့ တရားမျှတမှုဘက်က ရပ်တည်ပြီး နစ်နာဆုံးရှုံးရသူ ပြည်သူတွေဘက်ကပဲ ရပ်တည်ရမယ်လို့ ဖြေရမှာပါ။ အစ္စရေးတွေ မှန်တယ်။ ချသာချ၊ လုပ်ပစ်လိုက်ဆိုတာမျိုး၊ ပါလစ္စတိုင်းတွေက သည်လိုမျိုး လုပ်တာ ရွေးချယ်တာ မှန်တယ်၊ သည်လိုပဲ လုပ်ရမယ်လို့ အစွန်းနှစ်ဖက်က တဖက်ဘက်ကို ရွေးချယ်လိုက်တာမျိုး မြန်မာပြည်သူတွေအနေနဲ့တော့ လုပ်စရာ မလိုပါ။
အစ္စရေးပြည်သူတွေအနေနဲ့ မိမိတို့အမျိုးသားစိတ်ဓာတ်အပြည့်နဲ့ ရောက်ရာဒေသက တိုင်းပြည်၏ ပဋိပက္ခနေရာကို အရောက် အပြေးပြန်လာကြပြီး မိမိတို့ စွမ်းရာ အလုပ်တွေ စေတနာ့ဝန်ထမ်း ပါဝင်ထမ်းဆောင်ကြပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ကြတဲ့အခါ အရေးပေါ်အခြေအနေမှာ မငြင်းမဆန် လိုက်နာကြပါတယ်။
ပါလစ္စတိုင်းပြည်သူတွေအတွက်ကတော့ မိမိတို့ဒေသကို လွှမ်းခြုံထားတဲ့ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကြောင့် အကာအကွယ်မဲ့ ကြားညပ်ပြီး သားကောင်များဖြစ်ကြရပါတယ်။ သားကောင်များ ဖြစ်ကြပေမယ့် သူတို့အချင်းချင်း ဖေးမကူညီပြီး စစ်ဘေးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရပါတယ်။
မိမိတို့ အိမ်နီးချင်းနိုင်ငံများက အကူအညီရဖို့အပြင် ကမ္ဘာအသိုင်းအဝိုင်းက ပါလစ္စတိုင်းပြည်သူတွေအနေနဲ့ သားကောင်တွေ ဖြစ်နေရတာကို အမှန်အတိုင်း သိမြင်ဖို့ ထုတ်ဖော်ပြောဆို သတင်းတင်ပို့နေရတာ တွေ့နိုင်ပါတယ်။ သူတို့တွေ၏ အတွင်းပဋိပက္ခတွေ အုပ်စုဖွဲ့ ကွဲပြားမှုတွေကနေ ထိခိုက်မှု အနည်းဆုံးကို ရှာဖွေကြရပါတယ်။
သည်လိုပါပဲ - မြန်မာပြည်သူတွေအဖို့ကတော့ အစ္စရေးပြည်သူတွေ၏ အမျိုးသားစိတ်ဓာတ်ပြင်းထန်မှုကို လေ့လာရသလို အကာအကွယ်မဲ့ သားကောင်အဖြစ် လည်စင်းခံရမလို ဖြစ်နေတဲ့ ပါလစ္စတိုင်းပြည်သူများကို စာနာ နားလည် ကိုယ်ချင်းစာမှု များစွာ ပေးနိုင်ပါတယ်။
မိမိတိုင်းပြည်မှာ အစွန်းရောက်မှုတွေ အတွင်းပဋိပက္ခတွေ အမြစ်မစွဲအောင် အစွမ်းကုန် ပြင်ဆင် တွန်းလှန်ကြရမယ်လို့လည်း သင်ခန်းစာယူနိုင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar