Breaking News

ကျော်ကျော်မြရည်စမ်း - အိပ်မက် အစားခံရတဲ့နေ့တွေ

အိပ်မက် အစားခံရတဲ့နေ့တွေ
ကျော်ကျော်မြရည်စမ်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၁

ဆရာနိုင်ဝင်းဆွေ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာဖော်ဝေး၊ ဆရာမမိုးမိုး(အင်းလျား)၊ ဆရာမောင်ချောနွယ်၊ ဆရာအောင်ဘညို....ဆုံးသွားကြတာကြာပြီ။ နောက်ပြီးတော့ အများကြီးရှိသေးတယ်။(အာဇာနည်တွေအကြောင်းကတော့ လူပြောများလွန်းလို့ မပြောချင်တော့ဘူး။ ကျနော့်စိတ်ထဲမှာက အရင်ကတည်းကပဲ တိုင်းပြည်နဲ့ပတ်သက်လာရင် အာဇာနည်က ၉ ဦးမကလို့ပါ။) ကိုကိုးကျွန်းပေါ်မှာ။ အလုံသင်းဘောကျင်းမှာ၊ လမ်းမကြီးတွေပေါ်မှာ၊ တောတွေတောင်တွေထဲ ကျဆုံးခဲ့တဲ့ အာဇာနည်တွေ အများကြီးပဲလေ။

သူတို့တတွေဆုံးသွားကြတာကြာပြီပေါ့။ အခုထက်ထိ သူတို့အကြောင်းတွေကို လူတွေက တခုတ်တရ ပြောနေကြတုန်းပဲ။ ပြောတဲ့နေရာမှာလည်း နှမြောတသ ပြောနေကြတာ။ ဆရာဖော်ဝေးတယောက်ထဲပဲ ကြည့်ပါဦး။ ကွယ်လွန်သွားတော့ ငယ်သေးတာပေါ့။ ဒါပေမဲ့ သူထားခဲ့တာတွေကအများကြီးပဲ။ ရွှေငွေရတနာထက် ပိုပြီးအဖိုးထိုက်တန်တဲ့ကဗျာတွေ။ တကြောင်းချင်းစီဟာ စိန်နဲ့စီထားသလိုမျိုးတဲ့။ အခုခေတ်ကဗျာဆရာတွေဟာ ဆရာဖော်ဝေးကို ဘယ်မှာများရှုတ်ချတာမျိုး မြင်ဖူးသလဲ။ ဆရာဖော်ဝေးကဗျာတွေဟာ ရှင်သန်နေဆဲ။ 'ရေလယ်မီးပြ'တဲ့...

"အမှောင်ကြားမှာ
စမ်းတဝါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။

ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ် ခု ရယ်မယ်
မှန်းဆဖို့ မလွယ်ပါဘူး။

ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့
အကွေ့ ဒီမှာ
ရှာမရနိုင်။

ဟို...အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ် 'မီးပြ'
ကျေးဇူးတင်စရာ။


မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့
ဘယ်ရွေ့ ဘယ်မျှ
မှန်းဆလို့ရပါပြီ။

ဒါပေမယ့်
အနီရောင် တလက်လက်နဲ့ 
မီးပြများ...ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်းဘောမှောက်ခဲ့ရတာမျိုးတွေ။ ''

ကျနော်မမွေးခင် ၁၉၇၂၊ မေလကတည်းက မိုးဝေကဗျာပေါ့။ အခုထက်ထိ ရှင်သန်နေလိုက်တာ။

"အို...
ဒီမှာသွေး
မနုဿသွေးနံ့
ညှီစို့ ပြန့်လျက်
ဇရပ်ပေါ်က သွေးကွက်တွေ ။

ဟိုမှာ...
ကျောင်းကြီးအို
ပြိုမလို ယိုင်လဲလု
စေတီအိုဟာ ဗုံးဒဏ်ရာထန်သည်း
ထီးမြတ်ငိုက်ကျ
အက်ကြောင်းဟလို့
ပြိုကျလု တဲတဲ
ကြေကွဲစရာ့ စိတ္တဇပန်းချီ။

ဟော...သေနတ်သံတွေ
ကျည်ဆံတွေက
ငါ့ကိုယ်ထဲများ ဖောက်သွားလေမလား
ကျနော် ကြောက်သွားမိတယ်လေ။

စစ်ကိုမွေးဖွား
စစ်ကြေးစားများရဲ့
စစ်ဖိနပ်သံ ကန်ကြောက်သံ ဆဲသံ ဆိုသံ
အော်သံ ငေါက်သံ ညည်းသံ ညူသံ
ညှဉ်းပန်းသံ
'လူ့ တစ္ဆေသူရဲ ငရဲသားတွေ
သေနတ်တကားကား ကိုင်ထားပေမယ့်
ကြောက်စိတ်တဖွားဖွားနဲ့
စစ်ကြေးစားတွေ'။"

သေနတ်သံတွေ တဖန်းဖန်း၊ တဖုံးဖုံးနဲ့ ထွက်လာတယ်။ ဇရပ်ပေါ်မှာ သွေးကွက်တွေမြင်လို့မကောင်းဘူး။ သွေးညှီနံ့လတ်လတ်ဆတ်ဆတ်တွေဟာ တောင်ပေါ်လေနဲ့အတူ ညှီစို့စို့။ ပန်းရနံ့လေးတွေနဲ့ပြည့်လျှမ်းနေရမဲ့ တောင်ပေါ်လေနုနုအေးအေးဟာ အခုတော့ သွေးညှီနံ့တွေနဲ့။ စစ်ကြေးစားတွေစိတ်မှာ စေတီဘုရား၊ ကျောင်းကန်ဇရပ် ဘယ်ဟာကိုမှမြတ်နိုးတန်ဘိုးထားဖွယ်ရယ်မရှိ။ စေတီတော်မြတ်ရဲ့ထီးတော်ဟာ ဗုံးဒဏ်ရာကြောင့် ငိုက်ကျနေခဲ့ပြီ။ကျောင်းကြီးကလည်း ပြိုကျမတတ်ယိုင်နှဲ့လို့။ အနိဋ္ဌာရုံ မြင်ကွင်းတွေကြားထဲမှာ ပွက်လောရိုက်အောင် ညံစီနေတဲ့ ဆဲဆိုအော်ငေါက်ညည်းညူ ညှဉ်းပန်းနှိပ်စက်နေသံတွေ။ သေနတ်တွေနဲ့ မည်းမည်းမြင်ရာ လျှောက်ပစ်နေကြတယ်။ အနီးအပါးက သစ်ပင်အုပ်လေးတွေဆီ၊ ခြုံနွယ်ပင်လေးတွေဆီ။ ပြီးတော့ သူတို့ကို ငုံ့ကြည့်နေတဲ့ ဗလာဟင်းလင်း ကောင်းကင်ကြီးဆီကို။ သူတို့အတွက် ဆောက်တည်ရာ မဲ့လွန်းနေကြတယ်။ စိတ်ရဲ့မလုံခြုံမှုကို သေနတ်သံနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြရတယ်။

ဆရာနိုင်ဝင်းဆွေရဲ့
"လေညင်းကလေးလာနေပြီ'' ကဗျာထဲကပါ။ ကျနော် တပိုင်းတစလေး ခံစားကြည့်တာကိုမှ သွေးပွက်ဆူ ကြက်သီးထရ။ မီးရထားဝန်ထမ်းတယောက်၊ စာပေအနုပညာရှင်တယောက်ဟာ သေနတ်ကိုင်ခဲ့ရတာ စစ်အာဏာရူးတွေကြောင့်ပဲ မဟုတ်လား။

သေမင်းဟာ အကောင်းကြိုက်လိုက်ပုံများ။

မ.ဆ.လဦးနေဝင်းတုန်းကလည်း သေစေချင်လိုက်ကြတာ။ အတော်နဲ့မသေတတ်ဘူး။ န.ဝ.တဦးသန်းရွှေကိုလည်း အဲလိုပဲ အမြန်သေစေချင်ကြတယ်။အခုလည်း စ.က.စ မင်းအောင်လှိုင်ကို သေစေချင်နေကြတယ်။ အတော်နဲ့မသေတတ်ဘူး။ အဲတာကြောင့်လူတွေဟာ ခံပြင်းလာကြတယ်။ သေမင်းဟာ အကောင်းကြိုက်သတဲ့။ ပြောကုန်ကြပြီ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ သေမင်းဟာ လူစုတ်လူပဲ့တွေ လောကအလှဖျက်ဆီးသူတွေ မိသားစုမျက်ရည်ခြွေချသူတွေ ပန်းဖူးဆိတ်သူတွေကို မစားချင်မသောက်ချင်ဘူးနေမှာ။ မလွဲသာလွန်းမှ မြိုဆို့မဲ့ပုံမျိုး။

"သေသွားပြီးရှင်နေကြသူတွေ
ရှင်နေတုန်း သေနှင့်သူတွေ
ရှိနေတဲ့ တိုင်းပြည်မှာ ငါနေတယ်''
အဲသလိုပဲ ပြောကြရတော့တယ်။

အိပ်မက်မျှားသူ

ငါတို့ဟာ နစ်မြုပ်သွားတဲ့
လူတို့ရဲ့ဖြစ်ချင်မှုတွေအတွက်
တို့ကိုယ်ပိုင်အိပ်မက်တွေကို
ကိုကိုးကျွန်းချိတ်မှာ..ချိတ်ဆွဲ
ချိတ်ဆွဲ…..
တိုးလိုးတွဲလဲ။

ကိုချောနွယ်ရေ
ခင်ဗျားပြောသလိုပါပဲ
ကျုပ်လဲ ကျုပ်ကိုယ်ကျုပ်
ကြည်ညိုရသည်အထိ
သူ့ကိုလွမ်းခဲ့ရဖူးပါတယ်။

ကျုပ်ရောင်းရဲ့ရင်ဘတ်မှာလည်း
ဇစ်ရာတွေချည်း…..

နစ်မြုပ်အိပ်မက်မရှိ
အဆိပ်ပြင်းချိတ်ကောက်မရှိ
ဖောင်းကားကန်ထွက်နေသော
သူရဲကောင်းတို့ရဲ့
ဇစ်ပိတ်ရင်ဘတ်မရှိ။

ဆရာမစောမာန်(မန္တလေး)ရဲ့ ကဗျာတပုဒ်ပါ။ ကိုကိုးကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရသူတွေ၊ နာကျင်ခဲ့ရသူတွေအတွက် ခံစားရေးဖွဲ့ခဲ့တာတဲ့။ အဲသည်တုန်းကလည်း မ.ဆ.လရဲ့ဦးနေဝင်းကြီးကို လူတွေကသေစေချင်လိုက်တာ။ အတော်နဲ့ မသေတတ်ဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေနဲ့ နိုင်ငံခြားမှာဆေးသွားကု။အကောင်းဆုံးအစားတွေစား။ မယားတွေယူ သက်ဆိုးကရှည်ခဲ့တယ်။ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဘကြီးလေထီးဦးအုန်းမောင်၊ ဆရာဦးလှရွှေ...ကဲဗျာ ဘယ်လောက်တောင် လွမ်းစရာနှမြောတသစရာ ကောင်းလိုက်ပါသလဲ။

“ခေတ်ကိုကခေတ်ဆိုးကြီး”

ငါတို့ဖက်နမ်းချင်လောက်အောင်
ချစ်တဲ့သူတွေ
ငါတို့အလေးပြုရလောက်အောင် 
စွန့်လွှတ်တဲ့ သူရဲကောင်းတွေ
ငါတို့တွေးမိတိုင်းရင်ကျိုးရလောက်အောင်
ယုတ်မာ ရက်စက်ခံရတဲ့
အပြစ်မဲ့ပြည်သူတွေ
တဖြုတ်ဖြုတ်ကြွေကျနေပီး
မျက်ခွက်ကို တံတွေးနဲ့ထွေးချင်လောက်အောင်
လည်မျိုတက်နင်းချင်လောက်အောင်
ငါတို့မုန်းတဲ့ကောင်တွေ
သက်ဆိုးရှည်နေတဲ့ခေတ်
ခေတ်ကိုက ခေတ်ဆိုးကြီး
မြန်မြန် အပြီးသတ်ချင်ပြီ

မနက်ကဖုန်းဖွင့်လိုက်တော့ ဆရာနတ်မှူးရဲ့ခံစားချက်ကို တွေ့ရတယ်။

အချိန်မတန်ခင်ကြွေလွင့်ခဲ့ကြရသူတွေအများကြီးပဲ။ ဆရာဝန်လေးတွေ၊ အင်ဂျင်နီယာလေးတွေ၊ စီးပွားရေ းပညာရှင်လေးတွေ၊ ကျောင်းသားကျောင်းသူလေးတွေက အစ၊ ပညာဆုံးခန်းမတိုင်ခဲ့ပေမဲ့ လူသားအကျိုးအတွက် ပရဟိတစိတ်အပြည့်ရှိတဲ့လူငယ်လေးတွေ။ ခေတ်ဝန်ကိုထမ်းခဲ့ကြသူတွေ။ သူတို့တတွေဟာ နွေဦးရဲ့တော်လှန်ရေးထဲမှာသေဆုံးခဲ့ကြရ။ အချုပ်အနှောင်ခံခဲ့ကြရ။ မတရားတံဆိပ်အကပ်ခံခဲ့ကြရ။ စစ်အာဏာရူးဟာ ရက်စက်မှုအပေါင်း ဦးထုပ်စုတ်ကြီးဆောင်းခဲ့တယ်။

နောက်ဆုံးခရီးကိုတောင် လူသားတဦးရဲ့ သိက္ခာနဲ့ သွားခွင့်မရတဲ့ဘဝတွေ။ အောက်စီဂျင်ရူခွင့်မရလိုက်လို့ ကွယ် လွန်ခဲ့ကြရသူတွေ၊အစားအစာဆေးဝါ းမရှိတော့လို့ အလံဖြူအလံဝါလွှင့်ထားရတဲ့ အခန်းငယ်လေးတွေ၊ မိဘတွေကွယ်လွန်သွားလို့ မျက်နှာငယ်လေးတွေနဲ့ ခိုကိုးရာမဲ့ကျန်ရစ်တဲ့လူမမယ်တွေ၊ တရွာလုံးပြာပုံအတိ ဖြစ်ခဲ့ရလို့ နာကျင်ကြေကွဲနေခဲ့ရတဲ့လူတွေ၊ မိုးသီးမိုးပေါက်ထက်ကြောက်စရာကောင်းတဲ့ ဗုံးဆံတွေကြားထဲအသက်လုပြေးနေရဆဲ  စစ်ဘေးရှောင်သူတွေ။ အလုပ်အကိုင်တွေရပ်တန့်သွားလို့ ဖာတန်းရောက်သွားကြတဲ့ တချို့သောမိန်းမပျိုလေးတွေ။)၊ မုဒိမ်းကျင့်ခံရပြီး ငွေ ၂၁ သိန်းနဲ့ကျေနပ်ခိုင်းတာကိုနာကျင်နေရတဲ့သူတွေ ....အို.... ပြောမဆုံးပေါင် တောသုံးထောင်ဆိုတဲ့ ရက်စက်ယုတ်မာလူမဆန်မှုအပေါင်းက ကုန်နိုင်မယ်မထင်ပါဘူးလေ။

ရေးလိုက်တဲ့စာတွေဟာ ဒေါသသင့်ခဲ့ရပါပြီပေါ့။

နူးညံ့သိမ်မွေ့တဲ့စကားလုံးတွေနဲ့ တန်ဆာဆင်ပြီး စာရေးနေရဦးမှာလား။ သွယ်ဝိုက်ရေးပြီး အာဏာရှင်ရဲ့ ဆိုး သွမ်းယုတ်မာကောက်ကျစ်ပုံကို ညွှန်းဖွဲ့နေရဦးမှာလား။ အခုလို ဖက်ဆစ်မိုးတွေရွာနေတဲ့အချိန်မှာ ဘာတွေလိုအပ်နေသေးတာလဲ။ ကိုယ်တိုင်တောင် မသေချာတဲ့အခြေအနေမျိုးပဲ။ သူတို့လူတွေ သေချင်းဆိုးနဲ့ဘယ်နှယောက်သေတယ်ဆိုတာထက် ကိုယ့်လူတွေ အချိန်မတန်ခင်ပွန်းပဲ့သွားကြတာမျိုးကို ပိုခံစားရတယ်။ ဖက်ဆစ်ခေတ်မှာတော့ ရေးသမျှစာဟာ ဒေါသတွေ သင့်နေတော့မှာပဲလို့ တွေးမိပါတယ်။

စစ်ဦးထုပ်စုတ်ကို အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်ဖို့ကလွဲလို့'မှတပါး အခြားမရှိပြီ 'လို့ပဲ ချစ်ခင်လေးစားရတဲ့ ဆရာမရဲ့စကားကိုငှားသုံးပါရစေတော့။
အားလုံးရဲ့ အိပ်မက်တွေ အစားခံလိုက်ရတယ်။

ကျော်ကျော် မြရည်စမ်း
၂၁.၇.၂၀၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar