Breaking News

အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်း ဂယက်နဲ့ မြန်မာ့နိုင်ငံရေး

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၄ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅


အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်း ဂယက်နဲ့ မြန်မာ့နိုင်ငံရေး 

ယူကေနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် အမိန့်ပေးခဲ့သူ၊ တာဝန်ရှိသူနဲ့ ကျူးလွန်သူတွေအပေါ်  အရေးယူပေးဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက လျှောက်ထားခဲ့တဲ့ အမှုကိစ္စက ၅ နှစ်ကျော်အကြာမှာ ဖမ်းဝရမ်း ထုတ်ဆင့်လိုက်တဲ့ သတင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းတွေမှာ တွေ့ရှိခဲ့ကြရပါတယ်။ 

သတင်းကောင်းက စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အခြားသောစစ်တပ်က တာဝန်ရှိသူ ၂၃ ဦးကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာကြောင့် နိုင်ငံတကာရဲအဖွဲ့ Interpol က ဒီတရားခံတွေကို ဖမ်းဆီးပေးဖို့ နိုင်ငံတကာ သဘောတူညီချက်ထဲ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေကို အသိပေး အကြောင်းကြားပြီး အဆိုပါ ၂၀၁၇ သြဂုတ်နဲ့ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူနဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုမယ့် လုပ်ဆောင်ချက်တွေ ဆက်လက် ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။ 

ဒါပေမဲ့ လက်တွေ့မှာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ အနေနဲ့လည်း ၄င်းတို့နဲ့ မဟာမိတ်မဟုတ်တဲ့ နိုင်ငံတွေကို ခရီးသွားမှာ မဟုတ်တာကြောင့် တကယ့်လက်တွေ့မှာတော့ ဒီနည်းနဲ့ ဖမ်းဆီးခံရနိုင်ခြေက အလွန်နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား တရားရုံးထက် ပိုပြီးသြဇာကြီးမားတဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ အခြေစိုက်တဲ့ International Criminal Court လိုမျိုးက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ပူတင်အနေနဲ့ ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံကို ယမန်နှစ်က တရားဝင် သွားရောက်ချိန်မှာ ICC သဘောတူညီချက်ပါ ဖမ်းပေးဖို့ ဝတ္တရားကို ပျက်ကွက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ICC က ပဲ ပါလစ္စတိုင်း အရပ်သားတွေ ၄ သောင်းကျော် ၅ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ ၁၇ လကြာ ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်းတို့က မြေပြင်နဲ့ လေကြောင်း စစ်ဆင်ရေးတွေအတွက် တာဝန်ရှိသူ အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ဖမ်းဝရန်းထုတ်ပြန်ခဲ့ပေမယ့် ဒီ ပုဂ္ဂိုလ် ၂ ဦးလည်း အဖမ်းခံရခြင်း မရှိဘဲ မကြာသေးမီကတောင် အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ထရန့်ကို သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ ထရန့်ကလည်း အစ္စရေးလ် ဝန်ကြီးချုပ်ဖြစ်သူကို ဖမ်းဝရန်းထုတ်တဲ့ ICCက တရားသူကြီးတွေ အမှုလိုက်ရှေ့နေတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြေညာပြီး အဖွဲ့အစည်းကိုပါ ရှုတ်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အခု ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေလို့ ဆိုတဲ့ ဖမ်းဝရမ်းထဲ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရအဖွဲ့ ထဲက အရပ်သား ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ပါ ပါဝင်နေတဲ့ အချက်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းထွက်ပေါ်ပြီး နာရီအတန်ကြာမှ သိရှိလာကြရပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တာအတွက် ဝမ်းသာအားရကြတဲ့ မြန်မာလူထုတွေအဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကိုပါ ထည့်သွင်းထားတဲ့အတွက် ဒေါသထွက်စရာ ဖြစ်လာပြန်ပါတော့တယ်။ 

ဒီနေရာမှာ ဒီအမှုကို စတင်လျှောက်ထားတဲ့ BROUK အဖွဲ့အနေနဲ့ အာဂျင်တီးနား တရားရုံးကို လျှောက်ထားစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ထည့်သွင်းလျှောက်ထားခြင်း မရှိသလို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ သက်သေအထောက်အထားတွေ ပေးအပ်စဥ်မှာလည်း ၄င်းတို့ကို ရည်ညွှန်းခြင်း မရှိဘဲ ဖမ်းဝရမ်းထုတ်တဲ့အခါ မထည့်သွင်းသင့်ကြောင်းကိုပါ ရှင်းလင်းပြောဆိုထားတယ်လို့ BROUK အဖွဲ့က ရှင်းလင်းပြောဆိုပါတယ်။ အာဂျင်းတီးနား တရားရုံး အနေနဲ့ ၄င်းတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ ၄င်းတို့ ဆုံးဖြတ်ခဲ့ပုံရပြီး ၂၀၁၇ ခုနှစ် အခင်းဖြစ်ပွားစဥ် အရပ်သားအစိုးရ အဖွဲ့ထဲက တာဝန်အရှိဆုံး ရာထူးမှာ တာဝန်ယူခဲ့သူ ၂ ဦးဖြစ်တဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူတို့ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေမတိုင်ခင် စစ်အာဏာသိမ်းမှုလည်း မဖြစ်ပွားခင် ၂၀၁၉ မှာ နိုင်ငံတကာ တရားရုံး International Court of Justice မှာ အာဖရိကနိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ လျှောက်ထားမှုကို လက်ခံခဲ့ပြီး ထိုစဥ်က မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ သွားရောက်လျှောက်လှဲခဲ့တဲ့ အဖြစ်ရှိခဲ့ပါတယ်။ ICJ က လက်ခံ ကြားနာတဲ့ အမှုကို အာဏာသိမ်းစစ်ကောင်စီက ဆက်ခံပြီး အမှုက ကြားနာနေဆဲ ဖြစ်ပါတယ်။ အဆိုပါ အမှုမှာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ခုခံကာကွယ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း အခုလို အာဂျင်တီးနား တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်း စာရင်းထဲ ထည့်သွင်းစေတဲ့ စေ့ဆော်ချက် တခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒါတွေကတော့ ICJ ၊ ICCနဲ့ အခု အာဂျင်တီးနားနိုင်ငံ တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်တာတွေရဲ့ နောက်ခံ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ အကျိုးဆက်က ဘာတွေ သက်ရောက်လာနိုင်သလဲ ဆိုတာ ဆန်းစစ်ကြည့်ရင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရမယ့် ဘေးကနေ လွတ်အောင် နေထိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ နိုင်ငံတွင်းထိ ဘယ်အဖွဲ့အစည်းကမှ ဝင်ရောက်ဖမ်းဆီးနိုင်တာ မဟုတ်လို့ ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူးလို့ ယူဆရပါတယ်။ 

အခုအချိန်မှာ စစ်အာဏာသိမ်းပြီးကတည်းက အကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖမ်းဝရမ်းထပ်ထုတ်ခံရတဲ့ အဖြစ်က မြန်မာနိုင်ငံတွင်းက NLD ထောက်ခံသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုထောက်ခံသူတွေအဖို့ ဒေါသထွက်စရာ ဖြစ်ပါတယ်။ ဒီဖမ်းဝရန်း ထွက်ရှိလာဖို့ စတင်လျှောက်ထားခဲ့တဲ့ ရိုဟင်ဂျာအရေး ဆောင်ရွက်သူတွေကို ပြဿနာ အစရှာသူတွေအဖြစ် အပြစ်တင်မှုတွေ ရှိလာမယ့် အနေအထားဖြစ်ပါတယ်။ ဒီဖမ်းဝရမ်း ထွက်ရှိလာခြင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေအကြားမှာ လုပ်နည်းလုပ်ဟန် အရ သဘောထားကွဲလွဲမှုတွေနဲ့ ရပ်တည်ချက် စံတန်ဖိုး မတူညီမှုတွေကို ပေါ်ထွက်လာစေနိုင်တဲ့ အဖြစ်အပျက်တရပ် ဖြစ်ပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေအကြား အထူးသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ထဲမှာ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မတူတဲ့အမြင် မတူတဲ့ လုပ်နည်းလုပ်ဟန် ရပ်တည်ချက်တွေ ပေါ်ထွက်လာစေနိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု၊ နွေဦးတော်လှန်ရေးတို့အပေါ် သက်ရောက်မှုတွေ ရှိလာစေနိုင်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar