ကိုကျော် (မြစ်ကြီးနား) - အိုမီခရွန်မှာ အအေးမိရောဂါပိုးရဲ့ မျိုးရိုးဗီဇတချို့တွေ့ရှိတာကြောင့် ပိုပြီးကူးစက်ဖို့ လွယ်ကူနိုင်
ကိုကျော် (မြစ်ကြီးနား) - အိုမီခရွန်မှာ အအေးမိရောဂါပိုးရဲ့ မျိုးရိုးဗီဇတချို့တွေ့ရှိတာကြောင့် ပိုပြီးကူးစက်ဖို့ လွယ်ကူနိုင်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၁
ကနဦး လေ့လာတွေ့ရှိချက်သစ်အရ အိုမီခရွန်က လူတွေမှာဖြစ်လေ့ရှိတဲ့ အအေးမိရောဂါပိုးရဲ့ ဗီရိုးဗီဇကိုရခဲ့တာဖြစ်နိုင်ဖို့များပြီး ပိုမိုလွယ်ကူစွာကူးစက်နိုင်ပေမဲ့ တခြားသော ကိုဗစ်မျိုးကွဲတွေထက် ရောဂါပြင်းထန်မှုမဖြစ်နိုင်ဘူးလို့ သိရပါတယ်။
ဇီဝဆေးပညာဆိုင်ရာ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ် အခြေစိုက် Nference ကုမ္ပဏီမှ အိုမီခရွန်ကိုလေ့လာခဲ့ရာမှာ အအေးမိရောဂါပိုးမှာတွေ့ရတဲ့ မျိုးရိုးဗီဇ အစိတ်အပိုင်းတစ်ခုကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 နဲ့ အအေးမိရောဂါ ဖြစ်စေတဲ့ HCoV-229E ပိုင်းရပ်စ်နှစ်မျိုး တပြိုင်ထဲ ကူးစက်ခံရတဲ့ လူ (သို့) တိရိစ္ဆာန် မှာ အိုမီခရွန် ဗီဇပြောင်းလဲမှု ဖြစ်ပေါ်ခဲ့နိုင်တယ်လို့ ပြောပါတယ်။ အိုမီခရွန်မှာတွေ့ရတဲ့ HCoV-229E ကို တခြားသော ကိုဗစ်ပိုးမျိုးကွဲတွေမှာ မတွေ့ခဲ့ရဘူးလို့ ပညာရှင်တွေက ပြောပါတယ်။
အဆိုပါ လေ့လာတွေ့ရှိချက်ကို ကြိုတင်ပုံနှိပ်ထားပေမဲ့ တခြားသောပညာရှင်များရဲ့ လေ့လာသုံးသပ်မှု ကောက်ချက်ချမှု မရှိသေးပါဘူး။ အိုမီခရွန်နဲ့ HCoV-229E တို့အကြား ဒီလိုထူးခြားတဲ့ တူညီချက်တွေကြောင့် လူတွေရဲ့ ခုခံမှုစွမ်းအားတချို့ကို ရှောင်ရှားနိုင်ပြီး အလွယ်တကူ ကူးစက်နိုင်တယ်လို့ တွေ့ရှိချက်ပူးတွဲရေးသားသူ ဇီဝအင်ဂျင်နီယာပညာရှင် Venky Soundararajan က ပြောပါတယ်။
ကိုဗစ်နိုင်တင်းရောဂါဖြစ်စေတဲ့ SARS-CoV-2 (ကိုရိုနာဗိုင်းရပ်စ်) က တခြားသော ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံထားရတဲ့ လူနာတွေမှာလည်း ရောဂါကူးစက်စေနိုင်တာကို သုတေသနပညာရှင်များက သိရှိပြီးသားဖြစ်ပါတယ်။ အဆုတ်နဲ့ အစာအိမ်အူလမ်းကြောင်းစနစ်တွေမှာရှိတဲ့ ဆဲလ်များက အဆိုပါဗိုင်းရပ်စ် ၂ မျိုးစလုံးကို လက်ခံနိုင်တာကြောင့် အဲဒီကနေ ပိုးရဲ့မျိုးရိုးဗီဇ ဖလှယ်ပြောင်းလဲမှုရှိခဲ့တာ ဖြစ်နိုင်ဖို့များတယ်လို့ Venky Soundararajan က ပြောပါတယ်။
အိုမီခရွန်နဲ့ပတ်သက်ပြီး မသိရသေးတဲ့ အချက်အလက်များစွာရှိနေသေးတာကြောင့် ကျန်းမာရေးပညာရှင်များက ဒယ်လ်တာမျိုးကွဲတွေထက် ရောဂါပိုပြီး ကူးစက်ပြန့်နှံ့လာမှာကို စိုးရိမ်နေကြပါတယ်။ တောင်အာဖရိက National Institute for Communicable Diseases ရဲ့ ပြောကြားချက်အရ နိုဝင်ဘာလအတွင်းမှာ အိုမီခရွန်ကူးစက်မှုက တခြားသောမျိုးကွဲများထက်ကျော်လွန်သွားပြီး ကူးစက်မှုများရဲ့ ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
တောင်အာဖရိကမှာ လွန်ခဲ့တဲ့ ၄ ရက်အတွင်း နေ့စဥ်ကူးစက်မှု ၄ ဆခန့် တိုးမြင့်ခဲ့ပေမဲ့ ဆေးရုံတက်ရောက်မှုနှုန်းက အလားတူတိုးမြင့်တာကို မတွေ့ရသေးကြောင်း၊ စိတ်သက်သာရမှုရှိတယ်လို့ ပြောနိုင်ပေမဲ့ သေချာပေါက်မဟုတ်သေးကြောင်း အမေရိကန် ကူးစက်မှုရောဂါထိန်းချုပ်မှုဆိုင်ရာ အကြီးအကဲ အန်တိုနီဖောက်ချီက သောကြာနေ့ Bloomberg TV အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
မနှစ်တုန်းက Nference မှ သုတေသနပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကိုလေ့လာခဲ့ရာမှာ လူခန္ဓာကိုယ်ထဲမှ ဆားနှင့် အရည်ဓာတ်တို့ကို ဟန်ချက်မျှတအောင် လုပ်ဆောင်ပေးတဲ့ ပရိုတိန်းဒြပ်တစ်ခုနဲ့ ပုံစံတူညီတဲ့ မျိုးရိုးဗီဇအစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်က ကိုဗစ်ရောဂါကုသတဲ့ ဆေးဝါးနည်းလမ်းတွေအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဗိုင်းရပ်စ်တစ်ခုဟာ ဆင့်ကဲပြောင်းလဲမှုဖြစ်ပွားပြီး ကူးစက်မှု ပိုမိုလွယ်ကူစေပေမဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ သိပ်မဖြစ်စေတော့ပါဘူးလို့ Soundararajan က ပြောပါတယ်။ ဒါပေမဲ့ အိုမီခရွန်နဲ့ပတ်သက်ပြီး နောက်ဆုံးကောက်ချက်ချနိုင်ဖို့ ဒေတာအချက်အလက်တွေ ပိုပြီးသိရှိဖို့ လိုအပ်နေသေးကြောင်း၊ နောက်ပြီးတော့ ကမ္ဘာတဝှမ်းမှာ ကိုဗစ်ကာကွယ်ဆေးများ ဖြန့်ချိရောက်ရှိမှု ညီတူမျှတမှု မရှိသေးတဲ့အတွက် နောက်ထပ် ဗီဇကွဲပြောင်းလဲမှုတွေ ဖြစ်သွားနိုင်တယ်လို့ ပြောသွားကြောင်း။
(ကိုးကား။ ။ The Washington Post, Dec 4, 2021 - Omicron possibly more infectious because it shares genetic code with common cold coronavirus, study says)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar