Breaking News

မောင်မောင်စိုး - ရခိုင်ပြည် လူ့အဖွဲ့အစည်း၏ သဟဇာတ

မောင်မောင်စိုး - ရခိုင်ပြည် လူ့အဖွဲ့အစည်း၏ သဟဇာတ 
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၂၂

ရခိုင်ပြည် လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်မှုသည် ရခိုင်ပြည် လူ့အဖွဲ့အစည်း၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် အရေးပါသည်။ ဤနေရာတွင် ဆိုလိုသည့် သဟဇာတဖြစ်မှုမှာ ရခိုင်ပြည်ရှိရခိုင်နှင့်မျိုးနွယ်စုလူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းနှင့် ရခိုင်ရှိမူစလင်လူအဖွဲ့အစည်း၊ အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မှုကိုဆိုလိုသည်။ 

၁၉၄၂ နှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ရခိုင်ပြည်ရှိ လူ့အဖွဲ့အစည်း အသိုင်းအဝန်းနှစ်ခုကြား ပြင်းထန်သော ပဋိပက္ခများဖြစ်ပွါးခဲ့သည်။ မျက်မှောက်ခေတ်တွင်တော့ ၂၀၁၂/၂၀၁၆/၂၀၁၇ တွင်ဖြစ်ပွါးသောပဋိပက္ခများကို အများကြုံ‌တွေ့ခဲ့ကြသည်။ အဆိုပါပြသနာကို မတူသော အမြင်များ၊ ရှုဒေါင့်များ၊ စံနှုံးများနှင့် ကြည့်ရှုခဲ့ကြသည်။ သုံးသပ်ကြသည်။ ဖြေရှင်းရန်လည်း ကြိုးစားခဲ့ကြသည်။ ယခုတိုင်ထိတော့ မဖြေရှင်းနိုင်ကြသေးပေ။ 

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော မိမိ၏မြောက်ဦးစစ်တမ်းတွင် ရခိုင်ပြည်နှင့်ပတ်သက်၍ အရေးပါသော ၊ အဓ်ိကကျသော အချက်သုံးချက်ကို သုံးသပ်ဖေါ်ပြခဲ့သည်။ ဝန်ခံစရာရှိသည်မှာ ထိုအချက် သုံးချက်ကို မိမိတဦးချင်းကိုယ်ပိုင်အမြင်ဖြင့် ဖေါ်ထုတ်သုံးသပ်ခဲ့သည်တော့မဟုတ်ပါ။ မိမိ၏ရဲဘော်ရဲဘက်လည်းဖြစ်၊ ရင်ဘတ်ချင်းတူသူလည်းဖြစ် ရခိုင်ပြည်နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ ဘဝကိုနှစ်မြှုပ်ထားသူ ကိုဦးလှစော (မောင်ခိုင်အောင်-စစ်တွေ) နှင့် ရခိုင်အရေးနှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဆွေးနွေးသုံးသပ်ရင်း ပေါ်ထွက်လာသော သုံးသပ်ချက်ဖြစ် သည်။ မိမိအတွက် ကိုဦးလှစော၏ အမြင်အာဘော်က ပို၍အလေးထားစရာဖြစ်ခဲ့သည်က အမှန်ပင်ဖြစ်သည်။ 

ထိုအချက် ၃ ချက်မှာ 
၁။ ရခိုင်ပြည်နိုင်ငံရေး (နိုင်ငံရေး၊ စစ်ရေးလှုပ်မှုများ)
၂။ ရခိုင်ပြည်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (စီးပွါးရေး)
၃။ ရခိုင်ပြည်ရှိ ဘင်္ဂလီ (မူစလင်) အရေးတို့ဖြစ်သည်။

ရခိုင်ပြည်ရှိ ဘင်္ဂါလီ (မူစလင်) အရေးနှင့်ပတ်သက်သည့်အခန်းတွင် နောက်ဆုံးအနေနှင့် ဖေါ်ပြသည့် မိမိ၏‌သုံးသပ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

"ရခိုင်ပြည်ရှိ ဘင်္ဂါလီ (မူစလင်) ပြသနာအား ဖြေရှင်းရာတွင် NLD အစိုးရသည်၎င်း၊ တပ်မတော်သည် ထင်ရှားစွာပါဝင်ပတ်သက်နေသော် လည်း အရင်းခံပြသနာမဟုတ်ပေ။ ရခိုင်ပြည်နယ် ဘင်္ဂါလီပြသနာတွင် အခြေခံကျသည့် ပြသနာမှာ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ (မူစလင်) များကြားရှိ အကြောင်းအချင်းအရာ ဖြစ်သည်။ ၎င်းပြသနာသည် အဓိက ကိုင်တွယ်ဖြေရှင်းရမည့်ပြသနာဖြစ်သည်။ အဆိုပါ အခြေခံပြသနာကို မျက်မှောက်ပြုပြီး ကြည့်မြင်သုံးသပ်ဖြေရှင်းနိုင်မှသာလျင် အရင်းအမြစ်မှ ဖြေရှင်းနိုင်မည်ဖြစ်ပေသည်။"  ဟူ၍ဖြစ်ပါသည်။ 

ထို့အပြင် မိမိအဓိကထားဖေါ်ပြခဲ့သည်မှာ နိုင်ငံအရေး၊ လူမှုရေးနယ်ပယ်များတွင် ရခိုင့်လူ့အဖွဲ့အစည်းမှ၎င်း ၊ မူစလင်အသိုင်းအဝိုင်းမှ၎င်း ကိုယ်စားပြုသူများ ပါဝင်ခွင့်မရှိပါက မူစလင်အရေးအား ဖြေရှင်း၍ မရနိုင်ဟူ၍ဖြစ်သည်။ မိမိတို့နှင့် အမြင်တူသူများလည်းရှိသည်။ ဝေဖန်တိုက်ခိုက်သူများကိုလည်း ကြုံရသည်။ 

ယခုရက်ပိုင်းအတွင်း Western news သတင်းတပုဒ်တွင် တွေ့ရသည်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဗိုလ်မင်းရပ်ရွာတွင် မူစလင်၊ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိကျင်းပခဲ့ပြီး ကျောက်တော်မြို့နယ်ရှိ မူစလင်ကျေးရွာများမှ ဘောလုံးအသင်း ၁၄ သင်း၊ မြို ၂ သင်း၊ ခမီ ၁ နှင့် ရခိုင် ၄၃ သင်း စုစုပေါင်း ၅၈ သင်းပါဝင်ကစားခဲ့ကြသည်ဟူ၍ဖြစ်သည်။ ဤသတင်းတွေ့ရသည့်အချိန်သည် ရခိုင်ပြည် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခဖြစ်နိုင်သည့် အဖြစ်အပျက်တချို့နှင့် ရခိုင်သားတို့အားသတိပြုရန် သတိပေးနေသည့်ကာလတွင်ဖြစ်သည်။ 

ဤသည်ပင်လျင် မလိုလားအပ်သည့် ပဋိပက္ခများကိုကျော်လွှားပြီး ရခိုင်ပြည်လူ့အဖွဲ့အစည်း သဟာဇာတဖြစ်မှုအတွက် အစပြုမှု လမ်းကြောင်းကို ဖေါ်ပြနေသည်။  မြောက်ဦးစစ်တမ်းတွင်သာမက မိမိတလျောက်လုံး သုံးသပ်ဆွေးနွေးခဲ့သည်မှာ ရခိုင်အရေးတွင် အဓိကဖြေရှင်းရမည်မှာ ရခိုင်နိုင်ငံရေးပြသနာဖြစ်သည်။ ရခိုင်နိုင်ငံရေးပြသနာဖြေရှင်းနိုင်မှသာ ရခိုင်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြသနာ၊ စီးပွါးရေးပြသနာ၊ ရခိုင်ရှိ မူစလင်ပြသနာကို ဖြေရှင်းနိုင်မည်ဟူ၍ဖြစ်သည်။ ထို့ပြင် ရခိုင်-မူစလင်ပြသနာကို ပြင်ပအာ‌ဘော်မပါဘဲ နှစ်ဖက်အသိုင်းအဝိုင်းခေါင်းဆောင်များ၊ ကိုယ်စားပြုသူများကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ ရခိုင် -မူစလင်အရေးဖြေရှင်းရန် လမ်းစပေါ်လာပြီဟုဆိုနိုင်သည်။ထို့ပြင် ရခိုင်မူစလင်များကြား  ပြည်ပရောက်နေသူများနှင့် ရခိုင်ပြည်တွင်းနေထိုင်နေသူများကြား စဉ်စားပုံကွဲပြားသည်ကို တွေ့ရသည်။ ရခိုင်ပြည်တွင်းရှိမူစလင်များအဖို့ အဓိကလိုအပ်နေသည်မှာ သူတို့အတွက် လုံခြုံမှုဖြစ်သည်။ အချိန်မရွေး ရခိုင်များနှင့် တိုက်ခိုက်သတ်ပုတ်ပြီး မလုံမခြုံမနေလိုကြပေ။ သင့်သင့်မြတ်မြတ်နှင့်အန္တရာယ်မရှိသည့် လုံခြုံမှုရှိသည့် သဟဇာတဖြစ်မှုကို လိုလားကြသည်။ နောက်တခုမှာ မူစလင်များအနေနှင့် သူတို့အရေးကို သူတို့ဖြေရှင်းခွင့်ရလိုခြင်းဖြစ်သည်။ 

သို့သော် ဖြေရှင်းရမည့်ပြသနာ များစွာကျန်နေသေးသည်။ တချက်မှာ "ရိုဟင်ဂျာ" ဟူသော အသုံးအနှုံးနှင့်  "ရခိုင်ပြည်နယ်တွင်နေသော မူစလင်"ဟူသော အသုံးအနှုံးကွာခြားမှုဖြစ်သည်။ သမိုင်းဆိုင်ရာပြသနာများအတွက် နှစ်ဖက်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းများကြားတွင် လက်ခံနိုင်လောက်သည့် အဖြေတရပ်ရှိဖို့သည်။  ဒုတိယအချက်မှာ သဟဇာတဖြစ်ရေးအတွက် မြေပြင်လက်တွေ့အခြေအနေမှန်ကို နားလည်ပြီး အစပြုမှုမှန်ကန်စွာ တဆင့်ချင်းလုပ်ကိုင်သွားရန်ဖြစ်သည်။ စံတန်ဖိုးများသက်သက်ဖြင့် အလုပ်မဖြစ်သည်ကို သတိပြုရန်လိုအပ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်ရှိ မူစလင်များတွင်လည်း လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးရှိသည်ဆိုသည့် အသိအမှတ်ပြုမှု အခြေခံပေါ်မှသွားလျင် ပြသနာများကို တဆင့်ချင်းကျော်လွှားနိုင်ပေလိမ့်မည်။ 

ရခိုင်နိုင်ငံရေးပြသနာ၊ စီးပွါးရေးပြသနာ၊ မူစလင်ပြသနာများကို ဖြေရှင်းရန်အတွက် နိုင်ငံရေးအရ လက်တွေ့ကျသည့် ခြေလှမ်းများလိုအပ်ပေသည်။ မိမိအထက်တွင် ဖေါ်ပြထားသကဲ့သို့ နိုင်ငံရေး၊ လူမှုရေးစသည့်နယ်ပယ်များတွင် နှစ်ဖက်အသိုင်းအဝိုင်းမှ လက်တွေ့ကိုယ်စားပြုသူများကိုယ်တိုင် ပါဝင်ဖြေရှင်းခြင်းနှင့် ထိုသို့ပါဝင်ဖြေရှင်းရန် နိုင်ငံရေးအရအာမခံချက်ရှိပါက ရခိုင်ပြည် သဟဇာတဖြစ်မှုအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ကြပေလိမ့်သည်။ အမျှော်အမြင်ရှိသည့် ရခိုင်နိုင်ငံရေးခေါင်းဆောင်များအနေနှင့် အကောင်းဆုံးလုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်မိသည်။ တဆင့်ချင်းသွားဖို့တော့လိုပေလိမ့်မည်။ 

မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar