Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၂

◾️ နှစ်သစ်ကူး အခါသမယမှာလည်း မငြိမ်းချမ်းတဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း 
အနောက်တိုင်းပြက္ခဒိန် နှစ်သစ်ကူးအခါသမယ နေ့ရက်တွေမှာ မြန်မာနိုင်ငံရဲ့ အချို့သောဒေသတွေမှာတော့ အလုပ်ပိတ်ရက် မိသားစုတွေပြန်ဆုံတာ အနားယူနိုင်ကြပေမယ့် အချို့သောဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်နေတာ နေအိမ်တွေ မီးရှို့ခံရလို့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရမယ့်ဘေးအန္တရာယ်ကလွတ်မြောက်ဖို့ တိမ်းရှောင်ကြရတဲ့ အခြေအနေတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

မိမိတို့ မြို့မှာ မိမိတို့ရွာမှာ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ မရှိပေမယ့်လည်း ကယားပြည်နယ်မှာ စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ၊ ကရင်ပြည်နယ်ရဲ့ ဒေသအချို့မှာ တိမ်းရှောင်နေကြရတဲ့ အဖြစ်အပျက်တွေကို ကြားရသိရတဲ့အခါမှာ ကိုယ်ချင်းစာနာမှု အဲဒီဒေသကသူတွေအတွက် စိတ်မကောင်းကြီးစွာနဲ့ ခံစားကြရတဲ့ နှစ်သစ်ကူးအခါသမယတခု ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲမှာတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပီဒီအက်ဖ်တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်က လေကြောင်းနဲ့ပါ ကူပစ်တိုက်ခိုက်ပေးနေတဲ့သတင်းတွေနဲ့ ကျေးရွာနေလူထုက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အကြောင်းလည်း ဖေါ်ပြထားကြပါတယ်။ 

စစ်ကိုင်းတိုင်းထဲကပဲ နောက်သတင်းတပုဒ်မှာတော့ တန့်ဆည်မြို့နယ် ကာပေါင်းကျရွာကို စစ်ကောင်စီတပ်တွေကဝင်ပြီး နေအိမ်တွေကို ထပ်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုဖြစ်ပွားအပြီးမှာ ကျေးရွာကို ပြစ်ဒဏ်ပေးတဲ့သဘောနဲ့ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ ဒီကျေးရွာဟာ မကြာခဏ စစ်ကောင်စီတပ်တွေဝင်ရောက် မီးရှို့တာခံရလို့ အခုတကြိမ်ဆို ၁၁ ကြိမ်မြောက်ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြထားတာ တွေ့ရပါတယ်။ 

အလားတူပဲ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တယ်လို့ယူဆရတဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ဘုန်းတော်ကြီးကျောင်းပျက်စီးပြီး ကိုရင်တပါး ပျံတော်မူသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတဲ့နောက်နေရာ ဒေသတခုကတော့ ကယားပြည်နယ် ဒီးမော့ဆိုတဝိုက်မှာ ဖြစ်ပါတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆိုသွား ကားလမ်းနဘေးတဝိုက်မှာ ဒီနေ့တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်း သတင်းတွေထဲ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

စစ်ပွဲသတင်းတွေ အပြီးမှာတော့ ဆင်းရဲမွဲတေမှု၊  အငတ်ဘေး၊ လူသားချင်းစာနာမှု အကူအညီတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ UNOCHA ရုံးက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ အခုလာမယ့် ၂၀၂၂ ခုနှစ်မှာ မြန်မာ နိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲတွင်းဘက် ဦးတည်သွားမယ်လို့ဆိုပါတယ်။ လူသားချင်းစာနာမှု အကူအညီလိုအပ်မှုက လူဦးရေ ၁၄ သန်းကျော်ရှိမယ်လို့လည်း ဆိုပါတယ်။ အခုကိန်းဂဏန်းတွေကို ကြည့်ရင် ခန့်မှန်းခြေ ၅၄ သန်းရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံက လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ 

အစားအသောက် (သို့မဟုတ်) နေစရာအိမ် (သို့မဟုတ်) ဆေးဝါး အရေးပေါ် အကူအညီစတာတွေ လိုအပ်မယ့်သဘော ဖြစ်ပါတယ်။ စစ်ဘေးရှောင် နောက်ထပ် သိန်းနဲ့ချီ ပိုမိုဆိုးရွားတဲ့အခြေအနေမှာ သန်းနဲ့ချီရှိလာမယ့် အလားအလာမျိုး ရိက္ခာထုတ်လုပ်မှု ဆိုးဆိုးရွားရွားကျဆင်းလို့ အငတ်ဘေးရင်ဆိုင်ရမယ့် အခြေအနေမျိုး (သို့မဟုတ်) မြို့ပြမှာနေထိုင်တဲ့ လုပ်ခစားလက်ခစား အလုပ်သမားလူတန်းစားအလွှာတွေအနေနဲ့ ဝင်ငွေမရှိလို့ အစားအသောက် မဝယ်ယူနိုင်တဲ့ အခြေအနေမျိုး၊ စစ်ပွဲတွေ ပိတ်ဆို့မှု ဖြတ်တောက်မှုတွေ မတည်ငြိမ်မှုတွေကြောင့် အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ စျေးမြင့်တက်ပြီး ဝယ်ယူနိုင်စွမ်းကျဆင်းလာတဲ့ အခြေ အနေမျိုးတွေ ဖြစ်ပွားမယ့် အဓိပ္ပါယ်သဘောလည်း သက်ရောက်ပါတယ်။
 
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် အလားအလာအခြေအနေကို စစ်တမ်းပြုစုပြီး နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ပေးကြဖို့ ဆော်သြထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခုပွင့်လင်းရာသီ စစ်ကိုင်းတိုင်းအတွင်း ရွှေဘို တန့်ဆည် စတဲ့နယ်တွေက စပါးစိုက်ပျိုးတဲ့ တောင်သူတွေ ခုလမှာ ရိတ်သိမ်းပြီးတာနဲ့ ရရာစျေးနဲ့ ထိုးရောင်းကြရတဲ့အခြေအနေရှိနေကြောင်းလည်း ဒေသခံတဦးက ပြောပြပါတယ်၊ ခါတိုင်းပုံမှန်နှစ်တွေမှာဆို စပါးရိတ်ပြီး မိမိတို့နေအိမ်မှာ ရွာမှာစပါးကို သိမ်းဆည်းထားပြီး စျေးကောင်းရတဲ့အခါဖြစ်စေ ငွေလိုအပ်တဲ့အခါဖြစ်စေ လိုအပ်သလောက် ထုတ်ရောင်းကြတာမျိုးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လုံခြုံရေးအခြေအနေမကောင်းတာကြောင့် ရိတ်သိမ်းပြီးတာနဲ့ စပါးပွဲစားတွေ ပေးတဲ့စျေးနဲ့ ရောင်းချကြရတာလို့ ဆိုပါတယ်၊ အရင်နှစ်က အမြင့်ဆုံး စပါးတင်း ၁၀၀ ကို ၁၃ သိန်း ၁၄ သိန်းထိစျေးရခဲ့ကြပေမယ့် အခုလို ထိုးရောင်းကြရတဲ့အခါ တင်း ၁၀၀ ကို ၇ သိန်း ၈ သိန်းအပြင် ပိုမရကြဘူးလို့လည်း ဆိုပါတယ်။ 

ကျေးလက်တွေက ဒုက္ခတွေ အသက်ဘေးကနေ တိမ်းရှောင်ကြရတာတွေအပြီး ရန်ကုန်မြို့မှာတော့ အနောက်တိုင်း ပြက္ခဒိန်နှစ်သစ်ကူးကာလမို့ အရင့်အရင်နှစ်တွေကလို နှစ်သစ်ကူးပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ ဘာမှ မရှိသလောက်ဖြစ်ပြီး တိတ်ဆိတ်စွာပဲ ဖြတ်သန်းကြတာ တွေ့ရပါတယ်။ ကုန်တိုက်တွေမှာ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ဘာတန်ဆာဆင်ထားတာမျိုးမှ လုပ်ထားတာ မတွေ့ရပါဘူး။ 

လူနေအိမ်တွေမှာ စုပြီး ဝိုင်းဖွဲ့စားသောက်တာ၊ စားသောက်ဆိုင်တွေမှာထိုင်ကြတာမျိုးတော့ရှိပေမယ့် ပွဲလမ်းတွေနဲ့ သွားကြလာကြတာမျိုးတော့ အရိပ်အယောင်တောင် မတွေ့ကြရတဲ့ နှစ်တနှစ်ပဲ ဖြစ်ပါတယ်။ 
ချုပ်ပြောရရင်တော့ ဒဏ်ရာတွေများပြားလွန်းလှတဲ့ နှစ်တနှစ်ကို ကျော်ဖြတ်ခဲ့ရသလို ခုစတင်ပြီးဖြစ်တဲ့ နှစ်က ဘာတွေနဲ့ ကြိုဆိုနေဦးမလဲဆိုတာ ခန့်မှန်းဖို့ မစွမ်းသာသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar