Breaking News

မောင်စွမ်းရည် - ဗိုလ်ကျော်ဇောရာပြည့်



မောင်စွမ်းရည် - ဗိုလ်ကျော်ဇောရာပြည့်
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၉

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တွေအားလုံးရဲ့နာမည်တွေကို မြန်မာလူမျိုးတိုင်းက အပြည့်အစုံမှတ်မိ သိရှိမှာမဟုတ်ပေမယ့် ဗိုလ်အောင်ဆန်းနဲ့ ဗိုလ်ကျော်ဇောကိုတော့ မြန်မာတိုင်း သိရှိမှတ်မိနေကြမယ်လို့ ထင်ပါတယ်။ “ဗိုလ်”ဆိုတာ ရာထူးအရ ခေါ်တာမဟုတ်ဘဲ၊ သာမန်စစ်သား အထက်အားလုံးကို “ဗိုလ်” တပ်ခေါ်လေ့ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေထဲက လူသိများတဲ့ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တာရာ၊ ဗိုလ်စကြာတို့ကိုလည်း ဗိုလ်မှူးတို့ဘာတို့ မခေါ်ဘဲ “ဗိုလ်” ပဲ ခေါ်လေ့ရှိကြပါတယ်။

ဗိုလ်အောင်ဆန်းဆိုရင် သူလုပ်ကြံမခံရခင်က သီချင်းတွေထဲမှာ “ဗိုလ်အောင်ဆန်းတို့လို သူရဲကောင်းလေးတွေ မွေးရမယ်” စသဖြင့် ဗိုလ်အမည်နဲ့ပဲ ကျော်ကြားခဲ့ပါတယ်။ ဗိုလ်အောင်ဆန်းကို တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင်၊ လုပ်ကြံခံရသူအဖြစ် အထူးသိရှိကြပြီး၊ ဗိုလ်ကျော်ဇောကိုတော့ တရုတ်ဖြူကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့သူ သူရဲကောင်းအဖြစ်နဲ့ရော၊ မြန်မာစစ်အစိုးရကို နောက်ဆုံး တိုက်သွားသူ၊ ကွန်မြူနစ်ဗိုလ်ချုပ်တဦးအဖြစ်နဲ့ပါ လူသိများသွားခဲ့ပါတယ်။ သူဟာ ဗိုလ်နေဝင်းစစ်တပ်က အထုတ်ပယ်ခံရပြီး မြုပ်ပျောက် မသွားဘဲ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုန်းတယောက်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးမှာ စာရေးဆရာကြီး ဗန်းမော်တင်အောင် တို့နဲ့အတူ နိုင်ငံတဝန်းလှည့်လည်လှုပ်ရှားခဲ့လို့ ပိုပြီးလူထုကြားကို ရောက်သွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကျော်ဇေားကို အစိုးရစစ်တပ်က ဖြုတ်ပစ်လိုက်တာက ကွန်မြူနစ်တွေနဲ့ ဆက်သွယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ထဲမှာ ဗိုလ်ကျော်ဇောက သူ့ထက်လူကြည်ညိုများပြီး သြဇာညောင်းနေလို့ ဖြစ်ပုံရပါတယ်။ ဗိုလ်ကျော်ဇောဟာ သူနေလို့ မရတော့လို့ တောခိုသွားတော့ တောတွင်းကွန်မြူနစ်တွေဆီကို ပူးပေါင်းခိုဝင်သွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ မြန် မာပြည်သူတွေကြားမှာ“ကွန်မြူနစ်”ဆိုတာဘာသာမဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ “နာမည်ပျက်” ရှိခဲ့ပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်း ဖဆဆိုရှယ်အစိုးရ ကစ-စစ်အစိုးရခေတ် တလျှောက်လုံး တဖက်သတ်ဝါဒဖြန့်ခွင့်ရသူများက ကွန်မြူနစ်ကို တဖက်သတ် ပုံဖျက်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်ခါနီးတော့ ရန်ကုန်ပြန်ပြီး ရွှေတိဂုန်ဖူးချင်တယ်လို့ တမ်းတသွားကြောင်း ကြားသိရတော့ ပြည်သူအပေါင်း က ကရုဏာသက်ကြပါတယ်။

စစ်အစိုးရခေတ် နောက်ပိုင်းမှာ မြန်မာ့သမိုင်းကို အသေအချာ ပြန်လည်လေ့လာခွင့်ရလာတဲ့အခါ ဘယ်နိုင်ငံရေး အဖွဲ့အစည်းဖြစ်ဖြစ် အများပြည်သူ ကိုးကွယ်တဲ့ဘာသာကို “ဗြောင်ဆန့်ကျင်တာမျိုး” လုပ်ရဲကြမယ်မဟုတ်ပါ။ တောင်တွင်းကြီးဆရာတော် ဦးဥက္ကဋ္ဌ(ရှင်ဥက္ကဋ္ဌ) လို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုယ်တိုင်က ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဗုဒ္ဓဘာသာ “သံဃိကဝါဒ” နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဆန့်ကျင်တာမတွေ့ရ၊ ကိုက်ညီတာတွေပဲ တွေ့ရတယ်။ ဖန်ဆင်းရှင်၊ ထာဝရဘုရားကိုသာ ကားလ်မာ့က်စ်၊ အိန်ဂယ်တို့က ဆန့်ကျင်ခဲ့ပြီး လူသားဘုရား ဂေါတမကို ကမ္ဘာ့ကွန်မြူနစ်များက ဆန့်ကျင်ခဲ့တာ မဟုတ်ခဲ့ကြောင်းကို ထုတ်ဖော်ရေးသားလာခဲ့ကြပါတယ်။ ဂေါတမဘု ရားက သိပ္ပံနဲ့ မဆန့်ကျင်ဘူး။ “သဗ္ဗေသင်္ခါရ = ဘာမှမမြဲဘူး” လို့ ဆိုတာကိုး။

တကယ်တော့ ကွန်မြူနစ်ဆန့်ကျင်ရေးသမား ဗိုလ်နေဝင်း ကိုယ်တိုင်က ရန်ကုန်မြို့တော်မှာ ရွှေတိဂုံစေတီကို ကားနဲ့ နေ့စဉ်ပတ်သွား နေခဲ့ပေမယ့် ဘုရားတက်ဖူးတာတို့ ဘုရားဆွမ်းကပ်တာတို့ လုပ်ခဲပါတယ်။ ဒါကို လူတိုင်းသိပါတယ်။ ကွန်မြူနစ်လို့ (ဟုတ်သော်ရှိ မဟုတ်သော်ရှိ) စွပ်စွဲပြောဆိုခံကြရတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ၊ တော်ဘုရာလေး၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ လေထီးအုန်းမောင်စတဲ့ ပုဂ္ဂိုလ်များဟာ ဘာသာတရားကိုင်းရှိုင်းသူများ မဟုတ်တောင်၊ ကိုယ်ကျင့်တရားဖြောင့်မတ် တည်ကြည်သူများ အဖြစ် ပြည်သူတွေကြားမှာ လူကြည်ညိုများပြီး ထင်ရှားသူတွေဖြစ်ကြပါတယ်။ လူထုမောင်နှံကတော့ ဘာသာတရား အထူးကိုင်းရှိုင်း ပါတယ်။

ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လကျာ်တို့ဟာ ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး ကလာပ်စည်းမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး သခင်အောင်ဆန်းဟာ ပါတီကလာပ်စည်း အတွင်းရေးမှူးဆိုတာ ခုအခါ လူသိများလာတော့ ကွန်မြူနစ်ဆိုတာ ဘယ်လိုလူတွေပါလိမ့်ဆို ပြီး ခေါင်းထောင်ကြည့်လာခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ကျော်ဇောစသူတို့ဟာ အထင်ကရ ကွန်မြူနစ်တွေပါ။ အောင်ဆန်းအုပ်စုထဲမှာပါတဲ့ ဗိုလ်ကျော်ဇောကွန်မြူနစ်ဆိုတာ ဗိုလ်နေဝင်းက ခုမှ သိရတာလည်းမဟုတ်ပါ။ စာရေးဆရာ အကျော် အမော် ဦးသိန်းဖေမြင့်၊ မန်းတက္ကသိုလ်ပါမောက္ခချုပ် (လေထီး) ဦးကျော်ရင် စသူတွေဟာလည်း ကွန်မြူနစ်ပါတီ စတင်တည်ထောင်သူ ထောင်သူတွေ ဖြစ်ပါတယ်။ စစ်အစိုးရခေတ်မှာ ဒါတွေကို ဖတ်ရှုလေ့လာခွင့်၊ လူကြားသူကြား လေ့လာပြောဆိုခွင့် မရှိခဲ့ပါဘူး။ သခင် အောင်ဆန်းဟာ ကွန်မြူနစ်ဖြစ်ခဲ့ပြီး ပထမဆုံး ကွန်မြူနစ်ပါတီကလာပ်စည်း အတွင်းရေးမှူးပါလို့ ကျွန်တော်က စကားဝိုင်းတခုမှာ စပ်မိလို့ ပြောမိတာကို ကြားမိခဲ့တဲ့ ကျောင်းသားလူငယ်တဦးက ဒေါသတကြီး ထခုန်ငြင်းဆိုလာလို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာ အုပ်တအုပ်ကို အနီးအနားက ဆွဲယူဖွင့်ပြခဲ့ရဖူးပါတယ်။ သူက “ဆရာကွန်မြူနစ်ကို ထောက်ခံသလား” တဲ့။ “ငါထောက်ခံတော့ ဘာဖြစ် သလဲ၊ မထောက်ခံတော့ ဘာဖြစ်သလဲ။ မင်းက ဘာဖြစ်လို့ မထောက်ခံသလဲ” လို့မေးတော့၊ “ကွန်မြူနစ်ဆိုတာ မိစ္ဆာဒိဋ္ဌိတွေပဲ”။ နောက် ဆုံး ဒီဘူတာ လာဆိုက်တာပါပဲ။ ဘယ်လိုမိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုတာ သူ မပြောနိုင်ပါဘူး။ ကားလ်မာ့က်စ်တို့ က ဖန်ဆင်းရှင် ထာဝရဘုရား ကို ဆန့်ကျင်တာ လို့ ရှင်းပြရပါတယ်။

ပြည်တွင်းစစ်ကို ဒီသူငယ်မီခဲ့ပုံ မရပါဘူး။ “ငါတို့ရွာတွေမှာတော့ ကွန်မြူနစ်သူပုန်တွေဟာ ရွာ့အပြင်ဘက်က ဘုန်းကြီးကျောင်းကို ဝင်ထွက်စားသောက်နေကြတာပဲ။ မိုးရွာရင် ဘုန်းကြီးကျောင်းထဲ ဝင်အိပ်ကြတယ်။ ကွန်မြူနစ်တွေ စားသောက်နေစဉ် ကိုရင်တွေ ဦးဇင်း တွေက သေနတ်တွေကို ယူပြီး စူးစမ်းကြ၊ ဆော့ကြလုပ်နေကြတာပါပဲ။ တချို့ သူပုန်တွေက ဆရာတော်ရဲ့ တူတွေ တူမတွေပဲ” လို့ ပြောပြ ရတယ်။

သခင်သန်းထွန်း ကွန်မြူနစ်တွေက ဘုန်းကြီးသတ်တာ ကြားဖူးလားဆိုတော့ မကြားဖူးဘူးတဲ့။ ဗိုလ်နေဝင်းစစ်တပ်က ရန်ကုန်မြို့လယ်၊ လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင်ကြီးမှာ ဘုန်းကြီးဆန္ဒပြပွဲကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်။ ဘုန်းကြီးကျောင်းတွေထဲမှာ ဖိနပ် စီးဝင်၊ ဘုန်းကြီးတွေကို ကန်ကျောက်၊ ဖမ်းဆီးလက်ထိပ်ခတ်၊ ထောင်ချခဲ့တယ်။ မစိုးရိမ်ဆရာတော်ကြီးတို့ မေဒိနီဆရာတော်ကြီးတို့ကို သင်္ကန်းချွတ်၊ ထောင်ချ၊ လူမည်ခေါ်ပြီး ရိုက်ခဲ့တယ်။ ကဗျာဆရာကြီးတင်မိုးက ဒါတွေပြောပြီး မျက်ရည်ကျဖူးတယ်။

ကွန်မြူနစ်လို့ နာမည်ကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောကို သူ့ရဲဘော်တွေက သိပ်ချစ်ကြတာ။ သူ့ရဲဘော်တွေဖြစ်တဲ့ ကျွန်တော့် ဦးလေးတွေက ပြောလွန်းလို့ ဒဏ္ဍာရီထဲက သူရဲကောင်းလို ကြားဖူးနေပေမယ့် လူကိုယ်တိုင်ကိုတော့ ကျွန်တော်တက္ကသိုလ်ရောက်မှ တွေ့ရဖူးတာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုန်းတဆူအဖြစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တရားပွဲများ လှည့်လည်ဟောပြောတုန်း က မန္တလေးလူထုသတင်းစာတိုက်ကို ဝင်လာလို့ တွေ့ရတာပါ။ ဗိ်ုလ်ကျော်ဇောနဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်နဲ့အတူ တွေ့ရတာ ပါ။ ဦးလေး လူထုဦးလှက ကျွန်တော်တို့ကို ခေါ်ယူ မိတ်ဆက်ပေးပါတယ်။ “သူတို့က တက္ကသိုလ်က ကလောင်ရှင်တွေပဲ၊ ဗိုလ်ချုပ်ရဲ့ ငြိမ်းချမ်းရေးတပ်သားတွေလို့ မှတ်ယူပါ” ပြောဆို အပ်နှံပါတယ်။ စိတ်ထဲမှာ ရင်းနှီးပြီးသားမို့ ခဏလေးတွေ့ရပေမယ့် တသက်လုံး ရင်းနှီး သွားခဲ့တယ်။

ကျွန်တော် ရန်ကုန်ရောက်တော့ စမ်းချောင်းအထက(၁) မှာ ဆရာလုပ်နေစဉ် ဗိုလ်ချုပ်က စမ်းချောင်းရပ်ကွက်ထဲက တထပ်အိမ်လေး မှာပဲ ဖိတ်ခေါ်ဧည့်ခံပြီး မြန်မာ့သမိုင်းကြောင်းတွေကို ဆွေးနွေးကြပါတယ်။ အဲဒီတုန်းက ကျွန်တော် ရန်ကုန်ကိုပြောင်းလာတာဟာ ကျောင်းသုံးသမိုင်းစာအုပ်တွေ ပြုစုရေးအတွက် အခြေခံပညာဦးစီးဌာနက ခေါ်ယူထားလို့ ရန်ကုန်ရောက်နေတာပါ။ ဗိုလ်ချုပ်က ကျွန်တော့်ကို သမိုင်းဆရာအဖြစ် ဆွေးနွေးတာပါ။

နောက်တော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် အမရဆောင် အပေါ်ထပ်မှာ ရုံးခန်းလုပ်နေရပြီး ကျောင်းသုံးသမိုင်းစာအုပ် ပြုစုရေးကိစ္စ တွေ ဆောင်ရွက်ရပါတယ်။ ဗိုလ်ကျော်ဇောနဲ့ သခင်အုန်းမြင့်တို့က လူလွှတ်ပြီး ကျွန်တော့်ကို သခင်ကိုယ်တော်မှိုင်း အမှတ်တရ ကဗျာတပုဒ်ရေးပေးပါလို့ အတောင်းလွှတ်ပါတယ်။ သူတို့နှစ်ဦးက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနကော်မတီမှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဦးသုခ၊ လူထုဦးလှ၊ လူထုဒေါ်အမာစသူတို့နဲ့ အတူပါဝင်ခဲ့ပြီး နောက်မှာတော့ ဆရာကြီး ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ မှာ ဆက်လက်ပါဝင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဂူဗိမာန် ရန်ပုံငွေအတွက် ပို့စကတ်ထုတ်ချင်လို့ ကဗျာတောင်းခိုင်းလိုက်တာဖြစ် ပါတယ်။ ကျွန်တော်က ဆရာတို့ကြိုက်ရာ ရွေးနိုင်အောင်ဆိုပြီး “မှိုင်းကဗျာ” တိုလေးတွေ ၄-၅-၆ ပုဒ်လောက် ရေးပေးလိုက်ပါတယ်။ ဆရာများက ရေးပေးလိုက်တဲ့ ကဗျာအားလုံးကိုပဲ ဆရာကြီးရုပ်ပုံတမျိုးစီနဲ့ ပို့စကတ် ၄-၅-၆ မျိုး ရိုက်နှိပ်ထုတ်ဝေခဲ့ကြပါတယ်။ ကျွန်တော့်ကိုလည်း သခင်ဟောင်းကြီးများနဲ့အတူ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထိန်းသိမ်းရေး ကော်မတီမှာ ပါဝင်စေခဲ့ကြပါတယ်။

ကျွန်တော်ရန်ကုန်ပြောင်းလာတော့ ရောက်စမှာ ပြည်လမ်းမပေါ်က ပညာရေးသုတေသနရုံးမှာ ရုံထိုင်းပြီး တကသဥက္ကဋ္ဌဟောင်း ဦးဘကောင်း၊ ဗကသဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းတို့နဲ့အတူ ကျောင်းသုံးသမိုင်းစာအုပ်ပြုစုရေးအဖွဲ့မှာ အလုပ်လုပ်ရပါတယ်။ ဒီရုံးက ‘အသုံး လုံး’ ခေါ် စာမတတ်သူ ပပျောက်ရေး လုပ်အားပေးကျောင်းသားတွေရဲ့ ရုံးလည်းဖွင့်ထားပါတယ်။ ကျွန်တော့်ကို သူတို့က အသုံးလုံး “ပဲ့တင်သံ” မဂ္ဂဇင်းစာတည်းအဖြစ် သူတို့မဂ္ဂဇင်းကော်မတီမှာ ထည့်ထားကြပါတယ်။ အသုံးလုံးကျောင်းသားတွေထဲမှာ ရဲဘော်သုံးကျိပ် ဝင် ဗိုလ်ရဲထွတ်သားနဲ့ ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်ညိုမှိုင်းရဲ့သား (ကျော်ကျော်နဲ့ သိန်းထိုက်) တို့နဲ့ ဆက်စပ်ပြီး ဗိုလ်ကျော်ဇောရဲ့ သားနှစ်ယောက် အောင်ကျော်ဇောနဲ့ ကျော်ဇောဦးတို့ အလည်လာလေ့ရှိပါတယ်။ သူတို့က မြေနီကုန်းမှာ စာအုပ်ဆိုင်လေး ဖွင့်လိုက်သေး တယ်။ သူတို့ကိုယ်တိုင်ကတော့ အစိုးရရဲ့ အသုံးလုံးစီမံကိန်းကို ဝင်ရောက်အားပေးလုပ်ကိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်တကယ် အသုံးလုံး စီမံကိန်းကြီး အောင်မြင်ဖြစ်မြောက်သွားခဲ့ရတာဟာ ဝန်ကြီးဒေါက်တာညီညီကအစ - သူခန့်အပ်ထားတဲ့ ဦးဘကောင်း၊ ဦးစိုးသိန်း၊ ဦးဇော် ဝင်း၊ ဦးခင်မောင်အုန်း၊ ဦးသန်းဦးစတဲ့ ပညာရေးအရာရှိတွေဟာ လက်ဝဲသမားဟောင်းတွေချည့်လိုလို ဖြစ်ကြပါတယ်။ သူတို့က အသုံးလုံး လုပ်ငန်းကို အစိုးရလုပ်ငန်းပုံစံနဲ့မလုပ်ဘဲ၊ လူထုလှုပ်ရှားမှု နိုင်ငံရေးပုံစံနဲ့ သရုပ်ဖော်ခဲ့ကြလို့သာ ကြီးကျယ်သွားခဲ့တာ ဖြစ်ပါ တယ်။

လုပ်အားပေးလိုက်ကြတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူကျောင်းသားတွေဟာ လုပ်အားပေးကိစ္စ ပြီးဆုံးသွားပေမယ့် လုပ်အားပေး ရုံးစိုက်ရာ ပညာရေး သုတေသနရုံးမှာ ဦးဘကောင်း၊ ဦးဇော်ဝင်းတို့ရှိရာကို ရုံးဖွင့်ရက်တိုင်းလာရောက်ကြပြီး အသုံးလုံးအထိမ်းအမှတ် မဂ္ဂဇင်း “ပဲ့တင်သံ” ထုတ်ဝေရေးကို အကြောင်းပြုပြီး လူစုမခွဲနိုင်ဘဲ ဖြစ်နေကြပါတယ်။ အဲဒီ အသုံးလုံးအဖွဲ့ထဲမှာ “စီစီ”ဆိုတဲ့ မိန်းကလေး တယောက်လည်း ပါဝင်ပါတယ်။ ဗိုလ်ကျော်ဇောရဲ့ သားငယ် ကျော်ဇောဦးက မျက်စိကျပြီး နောက်တော့ သူတို့ချင်း ယူဖြစ်လိုက်ကြရာက သားလေးတယောက်မွေးပါတယ်။ အခုသူရောက်နေတာ ကျွန်တော်တနှစ်လောက်နေခဲ့ဖူးတဲ့ မြောက်အီလီနွိုက်တက္ကသိုလ်ပါ။ သူ့အဖိုးနဲ့ သူ့အဖေရဲ့ မိတ်ဆွေဖြစ်တဲ့ မောင်စွမ်းရည်ကို လုံးဝမဆက်သွယ်ပါဘူး။ ကျော်ဇောဦးကတော့ သူဗမာပြည်က လစ်ထွက်တော့မယ့်ည သန်ကောင်လောက်ကျမှ လစ်မယ်မပြောဘဲ အိမ်ရောက်လာပြီး နှုတ်ဆက်သွားပါတယ်။ သူနဲ့ကျွန်တော် သူငယ်ချင်းလို ရင်းနှီးကြပေမယ့် နိုင်ငံရေးစကားတော့ မပြောဖြစ်ခဲ့ကြပါ။ စာပေပဲ ပြောကြပါတယ်။ သူနဲ့ ပတ်သက်ဆက်စပ်ပြီးမှ သူတို့မိသားစုနဲ့ ဆက်သွယ်မိတာပါ။ ဗိုလ်ချုပ်ကျော်ဇောနဲ့ကတော့ သမိုင်းရေးရာတွေပဲ ပြောဖြစ်ခဲ့ကြပြီး သူ့တပ်ထဲက ကျွန်တော့်ဦးလေးတွေအကြောင်းကိုတောင် စကား မစပ်မိပါ။ ဗိုလ်ချုပ်တရုတ်ပြည်ရောက်လို့ ကျွန်တော်အမေရိကားရောက်နေတော့မှပဲ စာနဲ့ရေးပြောဖြစ်ပါတယ်။

ပြည်ပမှာ စစ်ဗိုလ်ဟောင်းတဦးနဲ့တွေ့တယ်။ သူက တကသ၊ ဗကသ ကိုဘကောင်းတို့ရဲ့ သူငယ်ချင်းမို့ ကျွန်တော်နဲ့လည်း ခင်တယ်။ ဗိုလ်ကြီးမောင်ဟန်တဲ့။ ၁၉၅၄ က ခလရ ၃၃ မှာအမှုထမ်းရင်း မိုင်းဆတ်ရှေ့တန်းမှာ တရုတ်ဖြူစစ်ဆင်ရေးလုပ်နေတဲ့ ဗိုလ်ကျော်ဇောတို့ရဲ့ တပ်ကိုရောက်သွားသတဲ့။ တပ်စခန်းမှာ ထမင်းဝေတာဝန်ယူရတဲ့ တပ်ကြပ်ကြီး မောင်ညိုက ပြောပြတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ။ ဗိုလ်ချုပ်ကျော်ဇောကလည်း တပ်သားတွေနဲ့အတူ တန်းစီပြီး ထမင်းယူစားပါတယ်။ သူက ရှေ့နားမှာ စောစောယူစားတဲ့ အထဲမှာပါတော့ သူ့မှာ စောစောဟင်းကုန်သွားပုံရပါတယ်။ ဒါကြောင့်ဗိုလ်ချုပ်က တန်းစီနေတဲ့ ရှေ့ကိုလာပြီး ပဲဟင်းတောင်းတော့ တပ်ကြပ်ကြီးမောင်ညို က ဟောက်လွှတ်လိုက်တယ်။ နောက်က သွားစီ၊ စည်းကမ်းမဖောက်နဲ့လို့ အော်လိုက်သတဲ့။ သူ့ခမျာခေါင်းငုံ့ပြီး အသာလေး နောက်ဆုတ်သွားရှာတယ်။ ဘေးက တပ်သားတယောက်က “ဆရာ-အဲဒါဗိုလ်ချုပ်” လို့ ဝင်ပြောလိုက်မှ “ဖျား” သွားပြီး လိုက်တောင်းပန် တော့“မင်းမှန်တယ်။ ငါမှားတာ သွားသွား မင်းအလုပ် ဆက်လုပ်” လို့ ပြန်ပြောလိုက်သတဲ့။ အဲဒီတပ်ကြပ်ကြီးက အဲဒီကာလမှာ ဒုတပ်ကြပ်ပဲ ရှိသေးတာတဲ့။ ဒီအဖြစ်အပျက်ဟာ တပ်ထဲမှာ ဂယက်ရိုက်သွားပြီး ပြောစမှတ်ပြုနေကြသတဲ့။ ဗိုလ်ချုပ်က ရှေ့တန်းမှာ ဆိုတော့ စစ်သားတွေနဲ့အတူ ယူနီဖောင်းဝတ်ထားတာကိုး။ ဦးထုပ်က ရှေ့တန်း-စစ်သားဦးထုပ်နဲ့ပဲတဲ့။

ဗိုလ်ကျော်ဇောဟာ ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း သူ့ရဲဘော်တွေနဲ့အတူ မိုးထဲလေထဲမှာ ခြေလျင်ပဲ ချီတက်တယ်။ ကုန်တင်တဲ့ လားတကောင် ပိုနေပေမယ့် မစီးဘူး။ သူ့ရဲဘော်တွေက သူ့ကို သိပ်ချစ်ကြတာ။ သူက တန်းတူဆက်ဆံလေ့ရှိတော့ သူ့ကို လေးစားကြပေမယ့် မကြောက်ဘူး။ ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း အသက်က အငယ်လေးရှိသေးတာ။ “ဗိုလ်ချုပ်စီးပါ၊ ဗိ်ုလ်ချုပ်က အငယ် လေးရှိသေးတာ၊ ကျွန်တော်တို့ကို ခေါင်းဆောင်ရမှာ။ ဖျားနာရင် ခြေနာရင် ဒုက္ခဖြစ်မယ်ဆိုပြီး ဝိုင်းတိုက်တွန်းတာနဲ့ လားလေးကို တက်စီးလိုက်ရတယ်။ ဒီတော့မှ သူ့ရဲဘော်တွေက သူ့ကိုနောက်ပြောင်ကျီစယ်ပြီး သီချင်းဆိုကြတယ်။ “ဒို့ဗိုလ်ဟာ လားကိုစီးလို့ ရှေ့က တက်ပါတယ်။ ဘယ်မှာလဲ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သည်ရယ်”-ဆိုတဲ့သီချင်း၊ “ဒို့ ဗိုလ်ဟာ ဓားကိုဆွဲလို့ ” ဆိုတဲ့နေရာမှာ “ဒို့ဗိုလ်ဟာ လားကိုစီးလို့” ဆိုပြီး ပြင်ဆိုကြတာလေ။ ဒီတော့မှ သူ့ရဲဘော်တွေက သူ့ကိုနောက်ပြောင်မှန်းသိပြီး ရယ်ရယ်မောမောနဲ့ “ခွေးမသားတွေ” ဆိုပြီး တချက်အော်ဆဲလိုက်သတဲ့။ သူ့တပ်ထဲက ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကျွန်တော့ ဦးလေးတွေက ရွာမှာပြန်ပြောကြတာပါ။ အဲဒါကို လည်း ကျွန်တော်ဗိုလ်ချုပ်ဆီ စာရေးပြီး ပို့ဖူးတော့ သူ့ရဲဘော်တွေကို သတိရပြီး မျက်ရည်လည်ရှာသတဲ့။

တင်မိုးက“ဗိုလ်အောင်ဆန်းနဲ့ ဗိုလ်ကျော်ဇော”ကို ငါအကြည်ညိုဆုံး။ ဗိုလ်ကျော်ဇောကို ငါကန်တော့ချင်လို့ ငါလည်း လိုက်မယ်၊ နောင်နှစ် မှ သွားပါလို့ သူပြောတာနဲ့ ကျွန်တော် ဗိုလ်ချုပ်ဆီ သွားမှာကို ရက်ရွှေ့လိုက်ရတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့အတူ ဂျပန်မှာ ဆုံကြတဲ့ ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ဗိုလ်သံခဲလည်း ဗိုလ်ကျော်ဇောဆီလိုက်မယ်လို့ ပြောထားတယ်။ “သံခဲ”က မန်းတက္ကသိုလ် နောက်ဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးဝင်းမောင်ရဲ့ သားပါ။ သူက ကျွန်တော်တို့နဲ့ အလွန်ခင်ပါတယ်။ သူကတပါတည်း လိုက်ပို့မှာ။ ဒါပေမဲ့ တင်မိုးက နောက်နှစ်မှသွားပါဆိုပြီး ကျွန်တော့်ကို သူ့မြို့ လော့စ်အိန်ဂျဲလိစ်ကို ခေါ်သွားပါတယ်။ မှတ်မှတ်ရရ အမေလူထု ဒေါ်အမာဆီကို ဖုန်းဆက်ပြောကြတယ်။ သူနဲ့ အတန်ကြာနေပြီး ကျွန်တော်လည်း နယူးယောက်ကို ပြန်ရောက်ရော သူ့သားသမီးတွေဆီက ဖုန်းခေါ်တယ်။ “အဖေဆုံးပြီ”တဲ့။ ဒါနဲ့ ဗိုလ်ချုပ်ကျော်ဇောဆီ သူရောကျွန်တော်ပါ မရောက်ဖြစ်တော့တဲ့အကြောင်း ဗိုလ်ချုပ်ဆီကို ကဗျာတပုဒ်ရေးပို့တော့ ဗိုလ်ချုပ်က မျက်ရည်လည်ရှာသတဲ့။ မျက်ရည်လည်ခဲတဲ့ စစ်သားကြီးခမျာ ကဗျာဆရာတွေနဲ့ ပေါင်းမိမှပဲ မျက်ရည်ကျရတော့တယ်။

ဘာပဲဖြစ်ဖြစ် ခုလိုနောက်ဆုံးတကြိမ် လွဲသွားခဲ့ရပေမယ့် ကျွန်တော်တို့ဟာ လူထုဦးလေးလှ မိတ်ဆက်ပေးခဲ့သလိုပဲ “ဗိုလ်ချုပ်ရဲ့ ငြိမ်းချမ်း ရေးတပ်သားတွေ” ဖြစ်ခဲ့ရလို့ တသက်တာ ဂုဏ်ယူလို့ မဆုံးပါ။ တခုပဲရှိတယ်။ သူတို့ဗိုလ်ချုပ်ရဲ့ တပ်သားအဖြစ် သူတို့ရဲ့ တူမောင်စွမ်းရည်ဆိိုတဲ့ တောသားလေးတယောက်ကလည်း သူတို့လိုပဲ ဗိုလ်ချုပ်ရဲ့ တပ်သားဖြစ်နေပြီဆိုတာကို သူတို့ဆီသတင်း မပို့လိုက်ရဘူး။ ကျွန်တော့်မိဘနှစ်ပါးဆီကိုလည်း လှမ်းပြီး ဂုဏ်ယူစကား မပြောလိုက်ရဘူး။ ဒါပဲ ဝမ်းနည်းမိပါတယ်။ အမေ၊ အဖေတို့ ဦးလေးတို့ရေ ခုဆိုရင် ဗိုလ်ချုပ်တယောက်တည်းတောင်မက သူ့သားသမီးမြေးတွေနဲ့ပါ သိကျွမ်းရင်းနှီးနေပါပြီလို့ ဘဝတပါးကိုပဲ လှမ်း ပြော လိုက်ရပါတော့မယ်။

ဘဝဆက်တိုင်း ဗိုလ်ချုပ်ကျော်ဇောလို ရိုးသားဖြောင့်မတ်၊ ရဲရင့်တည်ကြည်တဲ့ စစ်သားကြီးတဦးထံမှာ တပ်သားတဦးမဖြစ်တောင် ရဲဘော်မိတ်ဆွေတဦး၊ ငြိမ်းချမ်းရေးတပ်သားတဦး ဖြစ်ခွင့်ရပါစေသတည်းလို့ ဆိုတောင်းလိုက်ပါတယ်။ ကျွန်တော်မောင်စွမ်းရည်ပါ။

၂၀၁၉ ဇူလိုင် ၆ ရက် နယူးယောက်။