မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၈ ရက် မြောက်နေ့မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၈ ရက် မြောက်နေ့မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၁
ဒေါ်လာစျေး ရွှေစျေးတွေနဲ့ မသက်ဆိုင်သော ကိုယ်
ဒီနေ့ သတင်းသမားတွေက ဒေါ်လာစျေး ၂၇၀၀ အကြောင်း သတင်းရေးရတယ်။ ကျေးလက်မြို့ရွာတွေမှာ မိသားစုတွေ လူငယ်တွေကို စစ်ကောင်စီတပ်တွေက နှိပ်စက်သတ်ဖြတ် ဖမ်းဆီး လုယက်နေတဲ့အကြောင်း သတင်းပို့ရတယ်။ ကိုဗစ်ကပ်က ဆက်လက်ရိုက်ခတ်နေဆဲ မုန်တိုင်းဆိုတာ သိစေဖို့ ကိုဗစ်သတင်းရေးရတယ်။ စစ်ကောင်စီနဲ့ တော်လှန်သော ပြောက်ကြားတပ်တွေ ပီဒီအက်တွေ၏ ခုခံစစ်တွေကိုလည်း ချိတ်ဆက်ရယူ ရေးသား တင်ပြရပြန်တယ်။ ပြည်တွင်း ပြည်ပက နိုင်ငံရေးသမားတွေ ခေါင်းဆောင်ဆိုသူတွေရဲ့ ပြောကြားချက်တွေ မိန့်ခွန်းတွေ စာတွေ စကားတွေလည်း နားစွင့်နေရပြန်တယ်။
တကယ်တန်းပြောရရင် သတင်းသမားကိုယ်တိုင်ဟာ အရိပ်အောက် အကာအကွယ်အောက် ကောင်းကင်အထက် သည်လို အခြားနဲ့မသက်ဆိုင်သော နေရာဌာန ဘုံဌာန ဘ၀တခုကနေ သတင်းရေး သတင်းပို့နေရတာ မဟုတ်ဘူးဆိုတာ သိစေချင်မိတယ်။ သူတို့လည်း သူလို ကိုယ်လိုပဲ သွေးနဲ့ သားနဲ့ ၊ မခံချင်စိတ်နဲ့ ကြောက်စိတ်နဲ့ ၊ မိသားစုနဲ့ CDMတွေနဲ့၊ စကစရဲ့ ပစ်မှတ်ကိုယ်တိုင် ဖြစ်နေတဲ့ လူသားစစ်စစ်တွေချည်းပါပဲ။ ပြီးတော့ သတင်းသမားတွေကိုယ်တိုင်မှာ ဘာ အာမခံချက်မှ မရှိဘူး။ အသက်အန္တရာယ်အတွက် စားဝတ်နေရေးအတွက်က သာမန်ပြည်သူတွေလိုပဲ အကြပ်အတည်းကို အတူတူ ရင်ဆိုင်နေကြရသူတွေ သာ ဖြစ်ပါတယ်။
သတင်းသမားတွေ စာရေးဆရာတွေ ကဗျာဆရာတွေ အနုပညာရှင်တွေ အတော်များများဟာ နွေဦးတော်လှန်ရေး ဘက်တော်သားတွေချည်းပဲ ဖြစ်ပါတယ်။ စာရေးစာဖတ် သတင်းရေးသတင်းဖတ် ကဗျာ အနုပညာ အလုပ်တွေနဲ့ ရပ်တည်ကြပြီး အခုချိန်မှာ အလုပ်မရှိတော့တာ၊ စေတနာ့ဝန်ထမ်း စာရေးသတင်းပို့နေကြတာ၊ ရှိတဲ့ စုငွေ ရိက္ခာလေးနဲ့ နေကြရတာအပြင် အဆိုးဆုံးကတော့ စစ်ကောင်စီသတင်းပေးတွေ ထောက်လှမ်းရေးတွေ လက်အောက်က လွတ်မြောက်အောင် တိမ်းရှောင် စွန့်ခွာ ပုန်းအောင်းနေထိုင်နေကြသူတွေ အများစု ဖြစ်နေလို့ပါပဲ။ သူများသာမန်လူတွေလို အခက်အခဲတွေအပြင် လူတွေ မရိပ်မိအောင် နေကြရပြီး ကိုယ့်အခက်အခဲကို ထုတ်ဖော် ပြောဆိုဖို့လည်း အကန့်အသတ်ရှိကြရတဲ့ သူတွေချည်းပါပဲ။
ကိုယ်က သတင်းသမားမို့ စာရေးဆရာ ကဗျာဆရာတွေ မို့ စစ်အာဏာရှင်မျက်စောင်း အကြောင်းသုံးပါးမရွေးဘူးဆိုတာ သိပေမယ့် ပတ်ဝန်းကျင်ကလူတွေကို နားလည်အောင် ပြောပြဖို့ ခက်ပါတယ်။ သည်တော့ ကိုယ့်ဒုက္ခကိုယ် ဖြေရှင်းနေကြရသူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီက သတင်းရလို့ တောနင်းပြီး PDF တွေ CDM တွေ အလှုငွေထောက်ပံ့နေသူတွေကို လိုက်ရှာ လိုက်ဖမ်းနေပြီဆိုရင်လည်း သတင်းသမားတွေ စာသမားတွေလည်း အထုပ်ပြင်ပြီး ရှောင်ကြတိမ်းကြရတာပါပဲ။ သူတို့ ဖုန်းတွေ ကွန်ပြူတာတွေထဲမှာ အဖိုးတန်သတင်းတွေ အချက်အလက်တွေဟာ ရန်သူလက်ထဲမရောက်ဖို့ သူတို့လည်း အသက်နဲ့ ရင်းပြီး စောင့်ရှောက်ကြရပါတယ်။ မတော်တဆ စစ်ဆေးခံကြရရင် သတင်းသမား စာသမားတွေလက်ထဲက သတင်းအချက်အလက် စာတွေ ဆောင်းပါးတွေဟာ သူတို့အသက်ကို ပြန်ချိမ်းခြောက်နေတဲ့ သက်သေတွေ ပြန်ဖြစ်ကုန်ကြပါတယ်။
သည်ကြားထဲက သတင်းသမား စာသမားတွေဟာ သူတို့အလုပ်သူတို့ လုပ်နေကြတာ ဖြစ်ပါတယ်။ ဘယ်သူမှ မခိုင်းလည်း လုပ်နေကြတာပဲ။ ခေတ်ကြိးရဲ့ သမိုင်းမှတ်တမ်းကို သူတို့လက်တွေ သူတို့ အမြင်အတွေးတွေနဲ့ ရေးထိုးနေတဲ့အလုပ်ကို သူတို့က မဖြစ်မနေ လုပ်နေကြတယ်။ သူတို့တွေက ပြည်သူ့ကြားမှာ အမှန်ကို ရှာဖွေသူတွေဖြစ်နေတော့ ပြည်သူတွေနဲ့ ဝေးရာကိုလည်း စွန့်ခွာသွားလို့ မဖြစ်ပြန်ပါဘူး။ စာသမားတွေ သတင်းသမားတွေလိုပဲ စာအုပ်တိုက်တွေ ထုတ်ဝေသူတွေကလည်း လုပ်လို့ရတဲ့ ထောင့်ကျဉ်းကလေးတွေကနေ စာအုပ်တွေ ထုတ်တာ ပုံနှိပ်တာတွေ လုပ်နေကြရပြန်တာပါပဲ။ ဒါက သူတို့ဘ၀တွေ သမိုင်းဖြတ်သန်းမှုတွေနဲ့ ရင်းနှီးထားတဲ့ အလုပ်တွေပါ။ လူထုဦးလှတို့ ဂျာနယ်ကျော်ဦးချစ်မောင်တို့တွေ ဂျပန်ခေတ် ကမ္ဘာစစ်ကာလမှာတောင် သတင်းစာထုတ်၊ စာအုပ်ထုတ်ခဲ့ကြတာကို အခုချိန်မှာ ပြန်တွေးကြည့်တော့ သဘောပေါက်မိပါတယ်။ စာဖတ်သူတွေ ရှိနေတယ်၊ ပြည်သူတွေရှိနေတယ် ဆိုမှတော့ သတင်းသမား စာသမား စာအုပ်လုပ်ငန်းသမားတွေဟာ အဲသည်အတွက် သမိုင်းမှတ်တမ်း ပြည်သူအသံပြန်ကြား ခံစားထုတ်ပြန်ဖို့ တာဝန်ကို ထမ်းဆောင်နေကြပြန်တာပါပဲ။ စစ်ဦးဘီလူးတွေ၏ ဖိနှိပ်မှုတွေအောက်မှာ လူတွေဆီကို သတင်း စာပေ အနုပညာကို အရောက်ပေးဖို့ ကြိုးပမ်းခဲ့ကြရတာ ဖြစ်ပါတယ်။
ခေတ်ပျက်ကြီးတွေထဲမှာ စာရေးဆရာတွေက ကဗျာတွေ စာတွေ ရေးပြီး ဖတ်မယ့်သူတွေ ဖတ်တဲ့သူတွေဆီအရောက် ပို့ဆောင်နေကြပါတယ်။ အဲသည် စွန့်လွှတ်စွန့်စားမှုတွေ အသက်တွေ ဘ၀တွေ ရင်းပြီး အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး ရေးသားထားတာတွေကို လူထုက နှစ်သက် တန်ဖိုးထားစွာ ဖတ်ကြတယ်။ သိမ်းဆည်းကြတယ်။ လက်ဆင့်ကမ်း မျှဝေကြတယ်။ သူတို့အကြောင်း သူတို့ဘ၀တွေအကြောင်းလည်း လူထုက မသိပါဘူး။ လူထုကသိတာက သူတို့စာတွေ အနုပညာရသတွေ သူတို့ဖြန့်ဝေတဲ့ သဘောတရား အာဘော်တွေကိုသာ ဖြစ်ပါတယ်။ ဒါကိုပဲ တန်ဖိုးထား ဖတ်ကြတာဖြစ်တယ်။ ဒါကို သူတို့ကလည်း ဂုဏ်ယူပြီး ပေးဆပ်နေကြတာ ဖြစ်ပါတယ်။
ကျနော်ကတော့ စာတွေ ဆက်ရေးနေရမှာပဲဗျာ။ လူတွေက မေးမြန်းလာရင်လည်း ကျနော် သိမှတ်စုဆောင်းထားတာတွေကို ပြောဆို တင်ပြပေးနေရမှာပဲလို့ သုတေသီစာရေးဆရာတဦးက ပြောပါတယ်။ သူကတော့ နေရပ်ကို မစွန့်ခွာလိုပါဘူး။ ခေတ်ဆိုးတွေ အဆက်ဆက်အောက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး နေထိုင်ခဲ့တာ ကျင့်သားရနေတော့ သည်ခေတ်ဆိုးကြီးကိုလည်း သူဒီလိုပဲ ရင်ဆိုင်ပြီး ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်လျက်ပါပဲ။ ပြီးတော့ သူက နွေဦးတော်လှန်ရေးမျိုးဆက်သစ်တွေကို သူ့ကိုယ်သူထက်ကို ပိုပြီး ယုံကြည်မျော်လင့်ပါတယ်။ မျိူးဆက်သစ်တိုက်ပွဲဝင် ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားပေးဆပ်မှုတွေဟာ ကြီးမားခမ်းနားလွန်းတာကြောင့် သူကိုယ်တိုင်လည်း သည်တော်လှန်ရေးရဲ့ အစိတ်အပိုင်းအသေးလေးတခုထဲမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မုန်တိုင်းထဲမှာ ကြံကြံ့ခံ ရပ်တည်မယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ပြည်တွင်းက သတင်းသမားတွေကိုယ်တိုင်လည်း ပင်ပန်းခက်ခဲစွာ ပြည်သူတွေလိုပဲ ရုန်းကန်နေကြရတာဖြစ်ပါတယ်။ သူတို့က ပြည်သူတို့၏ စကားပြန် ဖြစ်တယ်။ ခေတ်ကြီးရဲ့ မျက်မြင်သက်သေတွေ ဖြစ်တယ်။ သူတို့တွေဟာ သည်အချိန်အခါ သည်ခေတ်ကာလထဲမှာ ပြည်သူတွေနဲ့အတူ ကောင်းတူးဆိုးဖက် ဖြတ်သန်းဖို့ မှတ်တမ်းတင်ထားဖို့ လိုတယ်ဆိုတဲ့ အခွင့်အခါကောင်း (ကျိန်စာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်) ကို မလွတ်တမ်း ဆုတ်ကိုင်ထားကြသူတွေ ဖြစ်ပါတယ်။
ကျနော်တို့တတွေက သတင်းသမားတွေ စာပေသမားတွေ အနုပညာရှင်တွေကို သည်လိုနွေဦးတော်လှန်ရေးကာလမှာ သူတို့ပေးဆပ်ဖြတ်သန်း ကြံ့ခိုင်သန်မာမှုတွေအတွက် အသိအမှတ်ပြု လေးစားဂုဏ်ယူတဲ့ စာတပုဒ် ရေးသားထားဖို့ လိုမယ်လို့ ယုံကြည်ချက်နဲ့ အခုလို ရေးသားလိုက်တာ ဖြစ်ပါတယ်။ သူတို့တွေက သာမန်ပြည်သူတွေထဲ အတူတူ ဖြတ်သန်းအသက်ရှုနေကြပေမယ့် အများသူငှာတွေလိုတော့ မဟုတ်ပေဘူး။ ဒေါ်လာစျေး ရွှေစျေးတွေနဲ့ မသက်ဆိုင်သော ကိုယ်တွေ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar