Breaking News

ဇာနည် - ""ကျနော်နဲ့ဖလောင်တောင်ဝှေးပေါက်ရာမြေ..""

Image- Crd
""ကျနော်နဲ့ဖလောင်တောင်ဝှေးပေါက်ရာမြေ..""
(၂၇၆၁, ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့...)
ဇာနည်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၂

ကရင်ပြည်နယ်ကို ငယ်ငယ်ထဲက အခါခါအခေါက်ခေါက် ရောက်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်တုန်းက ဘားအံနဲ့မြိုင်ကလေးကားလမ်းမပေါက်သေးဘူး။
ကရင်ပြည်နယ် ဘားအံကိုသွားချင်ရင် ရန်ကုန်ကနေ မုတ္တမကို ကား သို့မဟုတ် ရထားနဲ့သွားရတယ်၊ မုတ္တမကမှ မော်လမြိုင်ကိုဇက်နဲ့ကူးပြီး မော်လမြိုင်ကကနေ ဘာအံကို နှစ်ထပ်လူစီးသင်္ဘောနဲ့သွားကြရတယ်။ သင်္ဘောပေါ်မှာ ရဲနဲ့စစ်သားအစောင့်အရှောက်တွေပါတယ်။ 
လမ်းမှာ ထုံးအိုင်ဆိုတဲ့ရွာကြီးတရွာရှိတယ်၊ အဲ့မှာ သင်္ဘော(၃၀)မိနစ်လောက်ကပ်တယ်၊ ရွာကစျေးသည်တွေ သင်္ဘောပေါ်တက်ပြီးနေ့လည်စာရောင်းကြတယ်၊ ပုဇွန်ငါးပေါင်းထုပ်တွေ ၊ငါးကြော် ပုဇွန်ကြော်လပ်လပ်ဆပ်ဆပ်တွေစားရတယ်။ လမ်းခရီးတလျှောက် ကွေ့ကောက်စီးဆင်နေတဲ့ သံလွင်မြစ်ကြီးရယ်၊ မြစ်ကမ်းနဘေးဝဲယာမှာတည်ရှိနေတဲ့ တောတောင်ရူခင်းတွေရယ်ဟာ၊ အင်မတန်လှတဲ့သဘာဝပန်းချီကားတချပ်ကိုခံစားကြည့်ရူနေရသလိုပါပဲ။
မြန်မာပြည်ဟာ သဘာဝကပေးထားတဲ့ မြစ်တွေချောင်းတွေ တောတွေတောင်တွေနဲ့ အမြဲတမ်းစိမ်းစိုလှပနေတဲ့တိုင်းပြည်တပြည်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ စိမ်းလန်းစိုပြေလှပတဲ့အရာတွေရဲ့အခြားတဖက်မှာတော့ ယမ်းခိုးယမ်းငွေတွေ သွေးညှီနံတွေ မျက်ရည်တွေ မုန်းတီးနာကျဉ်းမူ့တွေ စတဲ့ လှပတဲ့သဘာဝရူခင်းတွေနဲ့ ဘယ်လိုမှမအပ်စပ်လှတဲ့ အကျည်းတန်မှုတွေနဲ့ဖုံးလွှမ်းလို့နေခဲ့ရပါတယ်။

ဘားအံမရောက်ခင် တသွင်သွင်စီးဆင်းနေတဲ့ သံလွင်မြစ်ရူခင်းနောက်ခံမှာ ဇွဲကပင်တောင်ကြီးကို အံသွားတချောင်းထောင်ထားသလို ခပ်ဝေးဝေးကပင်လှမ်းမြင်နေရပုံကလဲ ရင်ခုန်လွမ်းမောဘွယ်ခံစားမှုတခုဖြစ်ခဲ့ဖူးပါတယ်။
ကျနော် ဆယ်နှစ်သားလောက်ထဲက ကရင်ပြည်နယ်မှာနေခဲ့ဖူးပါတယ်၊ ကျနော့်အကိုအကြီးဆုံးဟာ ဘားအံနဲ့ (၁၀)မိုင်လောက်ဝေးတဲ့ အိန္ဒုကျေးရွာက မွန်အမျိုးသမီးတယောက်နဲ့အိမ်ထောင်ကျခဲ့တာကြောင့် ကျနော်တို့ မကြာခဏဆိုသလို ကရင်ပြည်နယ်ကိုအလည်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ကျနော် ဆယ်တန်းအောင်တော့ ဘားအံနဲ့ကော့ကရိတ်မြို့နယ်ကြားက အိန္ဒု ,ဇာသပြင်,လွမ်းည, မြတ်ပေ, သာမည, နတ်ကျွန်း, ခံခရဲ ... စတဲ့ရွာတွေမှာ နယ်လှည့်ကျောင်းဆရာ တနှစ်ကျော်လောက်လုပ်ခဲ့ဖူးတယ်။ လှပဖြူစင်လွန်းတဲ့ ကရင်, ပအို့ဝ်မလေးတွေနဲ့ လူငယ်သဘာဝ ရင်ခုန်လွမ်းမောကြည်နူးစရာအမှတ်တရဇာတ်လမ်းလေးတွေလဲရှိခဲ့ဖူးတယ်ဆိုပါတော့။
အဲ့ဒီအချိန်တုန်းဘားအံမြို့ပေါ်ကလွဲပြီး ကျန်ဒေသတွေဟာ အနက်ရောင် အညိုရောင်သတ်မှတ်ထားတဲ့နယ်မြေတွေပါ။ ညနေ (၆)နာရီဆိုရင် နေဝင်မီးငြိမ်းအမိန့်ထုတ်ထားကြပါတယ်၊ အိမ်တိုင်း ခြံတိုင်းမှာ ဗုံးခိုကျင်းတွေတူးထားကြရတာပါ။ အိန္ဒု ဆိုတဲ့ရွာကြီးက ရဲစခန်းဟာ ကေအင်ယူကို ဆပ်ကြေးပေးထားရတယ်လို့ပြောကြပါတယ်။ လုံခြုံရေးဝန်ထမ်းဆိုတဲ့ရဲတွေဟာလဲ အစစအရာရာသတိဝရိယနဲ့နေနေကြရတဲ့ဘဝပါ။ တရားစီရင်ရေးကလဲ ဒေသဓလေ့ထုံးစံတရားစီရင်ရေးပါ။ အစိုးရအာဏာသက်ရောက်မှု လုံးဝမရှိသလောက်ပါပဲ။

နှစ်စဉ် နိုဝင်ဘာလ(၇) ရက်နေ့ဟာ ကရင်ပြည်နယ်နေ့ဖြစ်ပါတယ်၊ ဆောင်းဦးပေါက်မြူနှင်းတွေကြားက ဇွဲကပင်တောင်ခြေမှာရှိတဲ့ပြည်ထောင်ကွင်းထဲမှာ ကရင်ပြည်နယ်နေ့ပွဲတော်ကိုကျင်းပခဲ့ကြတယ်။ ဖြူ နီ ပြာ ဝါ ကရင်ရိုးရာတူညီအဝတ်အစားတွေနဲ့ ကရင်ပြည်နယ်အတွင်းမြို့နယ်တွေက ကရင်ဒုန်းယိမ်းအက ပြိုင်ပွဲတွေရဲ့ဖားစည်သံနဲ့သံပြိုင်ဒုန်းယိမ်းအကတွေဟာ မြိုင်ဆိုင်လှပပြီး ရွှင်လန်းတက်ကြွနေတဲ့ ကရင်လူမျိုးတွေရဲ့ ဘဝနဲ့အာမာန်တွေကိိုဖော်ပြနေပါတယ်။ မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေရဲ့ ဗိန်းမောင်းသံတွေကလဲ နှလုံးသွေးတိုးနှုန်းတွေကိုမြန်စေခဲ့ဖူးပါတယ်၊ သမိန်ဗရမ်း၊ သမန်းကျား၊ ဘားအံလူလေး ..စတဲ့ အဲ့ဒီခေတ်က နာမည်ကြီးလက်ဝှေ့ကျော်တွေရဲ့ပွဲတွေဖြစ်ပါတယ်။

ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်မီးလျှံအရှည်ကြာဆုံးနဲ့အကြီးမားဆုံးလောင်ကျွမ်းခံခဲ့ရပေမဲ့ ဒဏ်ရာအနာတရတွေနဲ့ ကရင်လူမျိုးတွေကတော့ သူတို့ရဲ့ရိုးရာဓလေ့ယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဟာ အားကျဂုဏ်ယူစရာကောင်းလှပါတယ်။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပြီး၊ အားလုံးမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံ သင်္ကေတ အမှတ်သညာတွေကိုယ်စီရှိကြပါတယ်။ ကျနော်တွေ့ဖူးသမျှလူမျိုးတွေထဲမှာ ကရင်လူမျိုးဟာ အပွင့်လင်းဆုံးနဲ့အရိုးဖြောင့်ဆုံးလူမျိုးတမျိုးဖြစ်ပါတယ်။ တချို့က ကရင်တွေဟာ နားတပေါက်ပဲရှိတယ်လို့ ပြောယူရလောက်တဲ့အထိ ရိုးစင်းတဲ့လူမျိုးတမျိုးဖြစ်ခဲ့ပါတယ်။

ကရင်လူမျိုးတွေရဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ ကေအင်ယူ(KNU),ဟာလဲ ၊(၈၈၈၈),အရေးတော်ပုံနောက်ပိုင်းကာလများကစတင်ပြီး ကျနော်တို့ ကျောင်းသားလူငယ်တွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအပေါ်မှာ ကျေးဇူးအများကြီးရှိခဲ့ဖူးပါတယ်။ အခု နောက်ဆုံးမျိုးဆက် (Gen-Z) ,တွေရဲ့ နွေဦးတော်လှန်ရေးအထိ၊ ကေအင်ယူ နဲ့ ကရင်ပြည်သူတွေရဲ့ကျေးဇူးတရားတွေဟာ ဆပ်လို့မကုန်နိုင်အောင်ကြီးမားဆဲလဲဖြစ်ပါတယ်။

ကော်သူလေးဒေသဟာ (၈၈၈၈) နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများရဲ့စုစည်းရာ ဗဟိုဒေသလဲဖြစ်ခဲ့ဖူးပါတယ်။ (NDF), (ABSDF), (DAB), (NCUB), (NCGUB), စတဲ့ တပ်ပေါင်းစုံတွေ ဖွဲ့စည်းခဲ့ကြ၊ လှုပ်ရှားခဲ့ကြတဲ့ အခြေခံဒေသဟာလဲ ကရင်ပြည်နယ်မှာပဲဖြစ်ခဲ့ပါတယ်။
ယခုလဲ ကျနော်တို့နွေဦးတော်လှန်ရေးအောင်မြင်ရေးရဲ့အဓိသော့ချက် အခြေခံဒေသ ငါးခု (ကရင်-ကယား-ချင်း-ကချင်-စစ်ကိုင်း) အနက်ထဲက ကရင်နယ်မြေဟာ အဓိကကျတဲ့ တော်လှန်ရေးနယ်မြေတခုဖြစ်ပါတယ်။ အင်ယူဂျီ(NUG),အစိုးအဖွဲ့အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေအခြေချရာဒေသဟာလဲကရင်ပြည်နယ် ကော်သူလေးနယ်မြေပါပဲ။ 

ဒါကြောင့် ကရင်လူမျိုးတွေရဲ့ ကျေးဇူတရားနဲ့ကော်သူလေးနယ်မြေဟာ၊ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ စစ်ဖက်ဆစ်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တည်ဆောက်ရေး နွေဦးတော်လှန်ရေးအတွက်၊ အသက်သွေးကြောတခုလို့ပြောနိုင်ပါတယ်။

ဗုဒ္ဓဘာသာ တရားတော်မှာ "ကတေညူတ ကတဝေဒီ.." သူတထူးရဲ့ ကျေးဇူးတရားကို ဆင်ခြင်သိတတ်ခြင်းဟာ မင်္ဂလာတရားတပါးဖြစ်ပါတယ်။
(၂၀၂၂) နှစ်သစ်အခါသမယနဲ့အတူ၊ ကျေးဇူ့ရှိခဲ့ဘူးတဲ့ ကရင်အမျိုးသားတွေရဲ့ "ကရင်နှစ်သစ်ကူးနေ့အခါသမ" မှာ...

"ကရင်လူမျိုးတွေနဲ့ ကရင်ပြည်နယ်ကြီး အမြန်ဆုံးလွတ်မြောက်ပါစေ..!"
"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေ.!"
"ကရင်တမျိုးသားလုံးနဲ့ကရင်ပြည်နယ်တခုလုံး အမြန်ဆုံးငြိမ်းချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်မိပါတယ်."။။

ဇာနည်
(၂-၁-၂၀၂၂)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar