မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လပြည့်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၂
၂၀၂၁ ခုနှစ်ထဲမှာရခဲ့တဲ့ အလေ့အကျင့်တွေ အသားကျမှုတွေ စိတ်ဒဏ်ရာတွေကို ပြန်ဆန်းစစ်ကြည့်တော့ သေနတ်သံကြားရင် ထိတ်လန့်တုန်လှုပ်မှု ကြီးကြီးမားမား မဖြစ်မိဘဲ ဘယ်နားကအသံလဲ အပေါ်ထောင်ပစ်တဲ့ အသံလား မြေပြင်မှာပစ်တဲ့ အသံလား စိစစ်ကြည့်မိတာ၊ ဗုံးကွဲသံကြားတဲ့အခါမှာလည်း ဘယ်အရပ်ကလဲ ဘယ်လောက်နီးလဲ အချိန်နာရီမိနစ်ကို မှတ်သားထားပြီး ဒေသအလိုက် သတင်းအချက်အလက်တွေ တင်ကြတဲ့ ပေ့ချ်တွေ ဂရုတွေမှာ ဘာ update တက်လာမလဲလို့ သွားကြည့်မိတဲ့ အလေ့အထ၊ တက်ကြွလှုပ်ရှားသူ ဆန္ဒပြသူတွေ အဖမ်းခံရတဲ့သတင်းတွေ့မိရင် နေ့စဥ် အပတ်စဥ်ဖတ်နေရတဲ့ သတင်းလို့တွေးပြီး ဘယ်လိုအဖမ်းခံရတာလဲဆိုတာကို သတိထားဖတ်ကြည့်တဲ့ အလေ့အထ၊ စစ်အာဏာရှင်ဆန့်ကျင်အသက်ဆုံးရှုံးသွားရတဲ့ အဖြစ် အပျက်တွေ ဖတ်ရှုကြားသိရတဲ့အခါမှာ အသက်အောင့်ထားမိပြီး ပြီးမှ သက်ပြင်းချကာ ဒီဖြစ်ရပ်တွေ ရပ်တန့်အောင် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရမလဲဆိုတဲ့ အတွေး၊ ကာယကံရှင်တွေ မိသားစုတွေ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ အတွက်စိတ်မကောင်းဖြစ်ရခြင်းတွေ၊ နေအိမ်တွေ ကျေးရွာတွေ မြို့တွေ မီးရှို့ခံရတဲ့ သတင်းတွေကြားသိရရင် ရင်ထဲနာကျင်ရတဲ့ ခံစားချက်တွေနဲ့ အကြိမ်ကြိမ်ပေါင်းများစွာ တလှည့်စီဖြစ်ပေါ်ခဲ့တဲ့ တနှစ်တာ ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ကာလတွေ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ နှောင်းပိုင်း၊ မတ်လတလလုံးဟာ နေ့စဥ် အဖမ်းခံရတဲ့ ဖြစ်ရပ်တွေ အရေအတွက် ကိန်းဂဏန်းတွေကို စောင့်ပြီးမှတ်တမ်းတင်နေရတာနဲ့ အလားသဏ္ဍာန်တူခဲ့ပါတယ်။ မိနစ်အလိုက် နာရီအလိုက် ဆိုရှယ်မီဒီယာပေါ်က တက်လာတဲ့သတင်းတွေ အဖြစ်အပျက်တွေနဲ့ တနေ့လုံးတညလုံး နာကျင်ခံစားရတဲ့ ခံစားချက်တွေကို တသက်မှာ တခါကြုံဖူးသလို ကြုံခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်။
ဒီလို ဖမ်းဆီးခံရမှု၊ အများမြင်ကွင်း လမ်းပေါ်မှာ ရိုက်နှက် နှိပ်စက်ညှင်းပမ်းမှုနဲ့ပတ်သက်တဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရလွန်းလို့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ မာကျောမှုတွေ ဖြစ်ပေါ်လာပြီး လက်စားချေခြင်း၊ တဖက်ရန်သူဘက်က သေဆုံးတဲ့သတင်းတွေကိုကြားသိတဲ့အခါ ဝမ်းသာအားရဖြစ်ခြင်းတွေလည်း ပြီးခဲ့တဲ့တနှစ်နီးနီးကာလမှာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြုံလာကြရပါတယ်။ လူသေဆုံးတာကို ကြားသိရလို့ ဝမ်းသာအားရတဲ့ခံစားချက်ဆိုတာ အမှန်တော့ လူသားဆန်တဲ့ ခံစားချက်တော့မဟုတ်ဘူးလို့ စံနှုန်းအရ ပြောဆိုကြပါလိမ့်မယ်။ သို့သော် ဒီခံစားချက်ဘာလို့ ဖြစ်ပေါ်လာသလဲဆိုတဲ့အကြောင်းက အင်အားရှိသူ လက်နက်ရှိသူတွေက အင်အားနဲ့ လက်နက်ကိုအသုံးချပြီး အနိုင်ကျင့်ခဲ့ ရက်စက်စွာ ပြုကျင့်ခဲ့ကြတာကြောင့် အခုလိုခံစားချက်မျိုး ထွက်ပေါ်လာကြတာလို့ သုံးသပ်ကောက်ချက်ချမိပါတယ်။
လူသားတယောက် သေဆုံးတဲ့အဖြစ်ကို အားရကျေနပ် ဝမ်းသာခြင်းမျိုး လူမှုအသိုင်းအဝိုင်းမှာ များပြားမလာစေဖို့ အသားမကျလာစေဖို့အတွက် ဘက်တိုင်းမှာပါဝင်နေကြတဲ့သူတွေအပေါ်မှာ မူတည်ပါလိမ့်မယ်။
မိမိနဲ့ ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဖက်တွေ အသက်ဆုံးရှုံးရ ဖမ်းဆီးခံရပြီး နှိပ်စက်ညှင်းပမ်းခံရတဲ့ သတင်းတွေကြားရလို့ အဲဒီအတွေးနဲ့ ညဘက်အိပ်မရပဲ ကုန်လွန်ခဲ့ရတဲ့ညတွေ အခုကုန်ခဲ့တဲ့ နှစ်ထဲတရက်မက များစွာရှိခဲ့ရပါတယ်။
၂၀၂၁ ရဲ့ ဒုက္ခတွေ နာကျင်ဝမ်းနည်းမှုတွေ စာရင်းပိတ်ပြီးနောက် ၂၀၂၂ ခုနှစ်ကို မျှော်ကြည့်တဲ့အခါ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးက လက်ရှိဖြစ်ရပ်တွေနဲ့ လိုက်ဖက်မညီတော့သလို ဖြစ်နေပြီး ခုနေခါ နိုင်ငံရေးသမားတယောက်က ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကိုသုံးစွဲတဲ့အခါ သံသယနဲ့အကြည့်ခံရမယ့်သဘောလည်း ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးထက် ရန်သူကိုအနိုင်ရခြင်းဆိုတဲ့ စကားလုံးက ပိုပြီးရေပန်းစားတဲ့ကာလ ဖြစ်ပါတယ်။ ရန်သူကို အမြစ်ဖြတ်ရေး အဆုံးတိုင်ဖယ်ရှားရေး ဆိုတဲ့ကြွေးကြော်သံ စကားလုံးကိုသာ လူအများက အလိုရှိကြတဲ့သဘောလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နှစ်သစ်ရဲ့ မျှော်လင့်ချက်တွေ သံဓိဌါန်တွေလို့ တွေးကြည့်ရင် စစ်အာဏာရှင် စနစ်၊ စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ရှိဖို့ စကားလုံးသာမဟုတ်ပဲ အနှစ်သာရအားဖြင့် ပြည့်ဝတဲ့ ဖက်ဒရယ်စနစ်ကို ထူထောင်နိုင်ဖို့ လူ့အခွင့်အရေးတွေကို လေးစားတန်ဖိုးထားတဲ့ လူမှုအသိုက်အဝိုင်းဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ သံဓိဌါန်တွေ ဖြစ်ပါတယ်။
ဒီမျှော်လင့်ချက် သံဓိဌါန်တွေ အကောင်အထည်ပေါ်နိုင်ဖို့အရေးမှာတော့ မှန်ကန်တဲ့ခေါင်းဆောင်မှု၊ ခေါင်း ဆောင်သူတွေအနေနဲ့ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအရ ရိုးသားမှု၊ ပါတီအဖွဲ့အစည်း အကျိုးထက် လူထုအကျိုးစီးပွားကို ဦးစားပေးမှု၊ တန်းတူဆက်ဆံမှုတွေ လိုအပ်မှာဖြစ်ပြီး နောက်က အားပေးထောက်ခံကြသူတွေ အနေနဲ့တော့ အများကောင်းကျိုးပေါ် အခြေခံတဲ့ ညီညွတ်မှု စုစည်းမှု ရှိကြဖို့လိုအပ်မယ်လို့ မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar