မသီတာ (စမ်းချောင်း) - လမ်းစနဲ့ ခြေလှမ်းသစ်
(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၂၂
‘အချိန်နဲ့ ဒီရေဟာ လူကို မစောင့်’ ဆိုတဲ့စကားလိုပါပဲ ၂၀၂၂ ခုနှစ်ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပြီ။ နွေဦးတော်လှန်ရေးကတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ခရီးနှင်နေဆဲပါ။ နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက်စကားကိုက ‘အရေးတော်ပုံ အောင်ရမည်’တဲ့။ ဒါပါပဲ။ လမ်းစပေါ်မှ ခြေလှမ်းသစ် စလို့ရမှာမို့ ဖက်ဒရယ်ဒီမိုကရေစီခြေလှမ်းသစ် စလှမ်းနိုင်ရေးအတွက် စစ်အာဏာရှင်မဲ့ လမ်းစရယ်လို့ပေါ်လာအောင် တော်လှန်ရေးကို အရင် ဦးစားပေးကြရမှာပါ။
လွန်ခဲ့တဲ့လေးလလောက်က ‘တံတားထိုးရအောင်’ လို့ စာတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။
၁။ တော်လှန်ရေးကို ဘယ်တော့ ဘယ်လို အဆုံးသတ်မလဲ။
၂။ နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုကို ဘယ်တော့ ဘယ်လို လုပ်ကြမလဲ။
၃။ နိုင်ငံတော်သစ်အတွက် အခင်းအကျင်းကို ဘယ်တော့ ဘယ်လို စတင်ကြမလဲ’ ဆိုတဲ့ မေးခွန်းသုံးခုကို ဆွေးနွေးထားတာပါ။
အဲဒီထဲမှာ ‘အန်ယူဂျီနဲ့ မြေပြင်က တော်လှန်အစုအဖွဲ့တွေအကြား တံတားလိုပါတယ်။ အန်ယူဂျီဟာ လက်တွေ့ပြည်တွင်းမြေပြင်က အစုအဖွဲ့အားလုံးနဲ့ မထိတွေ့နိုင်ရင်တောင် နိုင်ငံရေးဗျူဟာအရ တိုက်ခိုက်ရေးနည်းနာဆိုင်ရာ ဦးဆောင်မှုပေးနိုင်ဖို့ လုပ်ရမှာပါ။ အဲဒီလိုပဲ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေကလည်း ကိုယ့်ပန်းတိုင်နဲ့ကိုယ်၊ ကိုယ့်လမ်းစဉ်နဲ့ကိုယ်ဆိုတဲ့ မူဝါဒကို ကိုင်စွဲမယ့်အစား အန်ယူဂျီရဲ့ အရွေ့နဲ့ အဆုံးအဖြတ်ကို နားစွင့်ကြည့်မြင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ခက်ခဲနေတဲ့ပြဿနာတစ်ခုကတော့ နိုင်ငံရေးခံယူချက်တူတယ်ဆိုတဲ့တိုင် လက်နက်ကိုင်အစုအဖွဲ့တွေကို Identity-based လို့ ဆိုရမယ့် လူမျိုးစုခေါင်းစဉ်အောက်ကနေ သီးခြားစီ ဖြေရှင်းဖို့ ကြိုးစားနေတဲ့အတွက် ပြည်ပရဲ့ အမြင်မှာတော့ ဘုံလုပ်ငန်းစဉ် အားနည်း ချက်ကြီးနေတဲ့ အတိုက်အခံကို ဘယ်လိုထောက်ခံပေးရမလဲ မတွေးတတ်တဲ့အနေအထားကို ဖြစ်စေလို့ပါ’လို့ ရေးခဲ့ပါတယ်။
‘ခေါင်းဆောင် မလိုဘူး၊ လူတိုင်းဟာ ခေါင်းဆောင်ပဲ။ တွဲတိုင်းမှာ စက်ခေါင်းရှိတယ်’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ တော်လှန်ရေးသမားတိုင်းကို ခွန်အားရှိစေခဲ့တာ အမှန်ပါ။ ဒါပေမယ့် တော်လှန်ရေးက ရေရှည်လာတဲ့အခါမှာတော့ ‘ဗဟိုချက်’တစ်ခု မဖြစ်မနေလိုအပ်တယ်ဆိုတာကို လက်ခံလာကြသလို တဖက်မှာလည်း တကိုယ်ေတာ်ဟီးရိုးအဖွဲ့တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ တော်လှန်ရေးရံပုံငွေကိစ္စမျိုးမှာတောင် အန်ယူဂျီကို ငွေ မလှူဘူး၊ လိုကယ်ပီဒီအက်ဖ်တို့ ဒေသအလိုက် စစ်ရှောင်တို့ လိုအပ်နေတဲ့ ငွေနဲ့ပစ္စည်းတွေကို ဒဲ့လှူမယ်ဆိုပြီး ဝိဝါဒတွေ ကွဲလာပါတယ်။ ဒီလိုအခင်းအကျင်းဟာ အကောင်းရော အဆိုးပါ ဒွန်တွဲဖြစ်ပေါ်စေတာပါပဲ။
တော်လှန်ရေးဟာ ဗဟိုချက်မဲ့လွန်းရင် အစုအဖွဲ့ငယ်လေးတွေအနေနဲ့ ရေရှည်မှာ လျှောက်လမ်းကျဉ်းပြီး ဖြိုခွဲခံရဖို့ လွယ်ကူတဲ့အစု ဖြစ်လာနိုင်ချေရှိသလို ဗဟိုချုပ်ကိုင်မှုများလွန်းရင်လည်း ဖြန့်ကျက်လွှမ်းခြုံနိုင်မှု အားနည်းသွားမှာ သေချာပါတယ်။ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး၀န်ကြီးဌာနမဟုတ်ဘဲ၊ ဗဟိုရဲ့ အမိန့်အရ ထူထောင်ထားကြတာမဟုတ်ဘဲ ကိုယ့်ဆန္ဒသေဘာထားအရ ဗော်လံတီယာထောင်ထားကြတဲ့ ပီဒီအက်ဖ်လက်နက်ကိုင်အစုအဖွဲ့ငယ်အားလုံးကို ကောက်သင်းကောက် တံတားလိုက်ထိုးရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ပီဒီအက်ဖ်ေပါင်းစုံရဲ့ မတူတဲ့ တုံ့ပြန်မှုတွေကို ကြားသိနေရတာလည်း ထူးဆန်းလှတာတော့ မဟုတ်ပါဘူး။ စစ်ရေးလှုပ်ရှားမှုဆိုရာမှာတောင် ဟန်ချက်ညီလှုပ်ရှားမှုမျိုးရအောင် ဗဟိုချက်ဆိုတာ ရှိကြရမြဲ မဟုတ်ပါလား။ ဒီတော့ ခုချိန်မှာ အန်ယူဂျီတစ်ခုတည်းကိုသာ တော်လှန်ရေးရဲ့ခေါင်းဆောင်သဘော ပြည်သူလူထုအများစုက လက်ခံနေကြတာဟာ တော်လှန်ရေးရဲ့အားသာချက်တခု ဖြစ်ပါတယ်။
တခြားတဖက်မှာတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်ဖို့နဲ့အတူ ဖက်ဒရယ်အခင်းအကျင်းကို ခုကတည်းက ရအောင်ညှိကြဖို့ အားထုတ်လာကြပါတယ်။ အားရစရာ စိတ်တက်ကြွစရာ နိုင်ငံရေးအေရွ့တစ်ခုပါပဲ။ ဒါပေမဲ့ အခုအနေအထားမှာ နိုင်ငံရေးအရ ပန်းတိုင်နှစ်ခုကို တပြိုင်တည်းရအာင် လုပ်နိုင်မလားဆိုတာ စဉ်းစားကြရမယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဟာ နိုင်ငံရေးလမ်းစ ဖြစ်နေပြီး ဖက်ဒရယ်ဒီမိုကေရစီအခင်းအကျင်းကို တော်လှန်ရေးကာလအတွင်း အုတ်မြစ်ချနိုင်ဖို့ဆိုတာ နိုင်ငံရေးခြေလှမ်းသစ် ဖြစ်နေလို့ပါပဲ။ တနည်းအားဖြင့် လမ်းစပေါ်ကို ခြေမချနိုင်သေးဘဲ ခြေလှမ်းသစ်လှမ်းဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။
နိုင်ငံရေးမှာ ‘အလှမ်း ကျယ်၊ အလယ် လပ်’ ဖြစ်နိုင်ချေဟာ အခုလို တော်လှန်ရေးကာလမျိုးပါပဲ။ နိုင်ငံရေးအရွေ့မှာ အားလုံးပါဝင်ဖို့ဆိုတာ နိုင်ငံရေးအစုအဖွဲ့တွေ များနိုင်သလောက် များအောင်၊ လူမျိုးရေးအစုအဖွဲ့တွေ ပါနိုင်သလောက် ပါအောင်ဆိုတဲ့ အတွေးအမြင်ထက်မက လူထုအများစု (တစ်ယောက်ချင်းစီတိုင်း) ရဲ့ သဘောထားကို အရယူနိုင်ဖို့ဆိုတာထိ ကျယ်ပြန့်ဖို့ လိုပါတယ်။ ဒါကြောင့် တော်လှန်ရေးကာလမှာ လူတိုင်းအတွက် သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ဆွေးနွေးခွင့်မရဘဲ နိုင်ငံရေးအီလစ်ေတွအချင်းချင်း ညှိနှိုင်းဆုံးဖြတ်ထားတဲ့ ပဋိဉာဉ်တို့၊ သဘောတူညီချက်တို့ကို ရေရှည်နိုင်ငံရေးအရွေ့အဖြစ် အတည်ပြုပေးကြဖို့ဆိုတာ လူထုအများစုအပေါ် လျော့တွက်ကြလွန်းရာ ကျသွားပါမယ်။ အခြေအနေအရ အင်တာနက်ကိုတောင် နပ်မှန်အောင် မသုံးကြတဲ့ လက်ရှိတော်လှန်ရေးထဲမှာ စစ်ရေးအရ ပါ၀◌င်နေသူဖြစ်ဖြစ်၊ ကလစ်အလှူလောက်သာ ပါနေရသူဖြစ်ဖြစ်၊ ဘယ်မှာမှ မပါတဲ့သူပင်ဖြစ်ဖြစ်၊ အနာဂတ်နိုင်ငံအရွေ့အတွက် ဆွေးနွေးဆုံးဖြတ်ခွင့် ရှိကြသူချည်းပါပဲ။
ဒီမိုကရေစီဆိုတာ ပြည်သူ့ကိုယ်စား ပြည်သူ့အတွက် ပြည်သူကိုယ်တိုင်က ပါဝင်ဆုံးဖြတ်ခွင့်ရပါမှ အထ မြောက်ရတာမျိုးပါ။ တော်လှန်ရေးကာလအတွင်း စုဖွဲ့ချင်သလို စုဖွဲ့ထားတဲ့ အဲဒီအစုအဖွဲ့တွေက လူထုတရပ်လုံးကိုယ်စား (သူတို့ အဆင်ပြေသလို ညှိချင်သလို) ညှိနှိုင်းပြီး အတည်ပြုတာကို နိုင်ငံရေးအရွေ့ပဲလို့ လက်ခံခိုင်းကြဖို့ဆိုတာ စစ်ေကာင်စီကလုပ်ပေးမယ့် ရွေးကောက်ပွဲအသစ်ကို မဲပေးခိုင်းတာမျိုးနဲ့ ခပ်ဆင်ဆင်တူနေမှာပါ။ စစ်အာဏာရှင် အမြစ်ဖြတ်တဲ့ လမ်းစပေါ် ရောက်ကာမှ ခြေလှမ်းသစ်အတွက် အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်ကြရင် ပိုပြီးစုံလင်ကွဲပြားတဲ့ အကြံဉာဏ်ေတွကို ရလာနိုင်မှာပါ။ ပိုပြီး အားလုံးအကျုံးဝင်တဲ့ အဆုံး အဖြတ်မျိုးကို ယူနိုင်လေ ရေရှည်အတွက် ပိုကောင်းလေပါပဲ။
ဒီနေရာမှာ စစ်အာဏာရှင် အမြစ်ဖြုတ်ရေးအတွက် လက်ေတွ့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ မြေပြင်အခက်အခဲတွေကို ပြန်စိစစ်ကြည့်ရင်ကို နိုင်ငံရေးအရွေ့အတွက် လမ်းစပေါ် အရင်ခြေချပြီးမှ ခြေလှမ်းသစ်ကို လှမ်းနိုင်မယ်ဆိုတာ ပိုထင်ရှားပါမယ်။ စစ်ေရးကို တော်လှန်ရေးရဲ့ တပ်ဦးခြေလှမ်းအဖြစ်သတ်မှတ်လိုက်တဲ့အခါ အန်ယူဂျီအပေါ် သူ ထူထောင်ထားတဲ့ နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ထောက်ခံမှုတွေဟာ တမျိုးတဖုံ ဖြစ်လာပါတယ်။ စီအာရ်ပီအိပ်ခ်ျတုန်းက နိုင်ငံအတော်များများရဲ့ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို လွယ်လွယ်ရတာဟာ မဲဆန္ဒရှင် ပြည်သူအများစု (လူမျိုးဘာသာအစုံ) ကို ကိုယ်စားပြုမှုရှိလို့ပါ။ အန်ယူဂျီအနေနဲ့ လက်နက်ဝယ်ယူခွင့် တရားဝင်ရရေး ခက်ခဲနေတာဟာ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ ခက်ခဲနေလို့ဆိုတာမျိုး အများစုက သဘောပေါက်ကြပါတယ်။
ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားသူတချို့ဟာ အန်ယူဂျီအနေနဲ့ အားလုံးပါဝင်တဲ့ အစိုးရမျိုးဖြစ်အောင် လူမျိုးစုံပါမှ ဒါမှမဟုတ် လူမျိုးစုလက်နက်ကိုင်တွေအပါအဝင် နိုင်ငံရေးအစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေးဦးသျှောင်များအစုအဖွဲ့ရဲ့ နိုင်ငံရေးလမ်းညွှန်မှုအတိုင်း အလုပ်လုပ်ပါမှ အဆင်ပြေမယ်လို့ သဘောထားကြပါတယ်။နိုင်ငံတကာကတော့ အဲဒီလို သဘောမထားပါဘူး။ ‘နိုင်ငံတကာက တတ်သိနားလည်သူ မိတ်ဆွေတစ်ယောက်ကို အန်ယူဂျီအနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုခံရဖို့ ဘာအဓိကလိုအပ်သလဲဆိုတာ လှမ်းတီးခေါက် မေးကြည့်တော့ ၂၀၂၀ ရွေးကောက်ပွဲအရ တက်လာရမယ့်အစိုးရကို ကိုယ်စားပြုပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အစုအဖွဲ့အဖြစ် သက်သေပြနိုင်ရမယ်လို့ ပြန်ဖြေပါတယ်’ လို့ ‘တံတားထိုးရအောင်’ထဲမှာ ရေးခဲ့ပါတယ်။ တနည်းအားဖြင့် ‘၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရာမကျတဲ့၊ ကိုယ်စားပြုမှုရှိတဲ့ အစုအဖွဲ့အနေနဲ့သာ အန်ယူဂျီဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ အသိအမှတ်ပြုမှုကို အကောင်းဆုံးရယူနိုင်မှာ’ ဖြစ်ပါတယ်။ အခု အမေရိကန်နိုင်ငံက ဉပေဒအသစ်မှာလည်း အန်ယူဂျီကို အစိုးရအနေနဲ့ အသိအမှတ်ပြုတာမျိုးထက် စစ်ေကာင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ ဆောင်ရွက်နေတဲ့ အန်ယူဂျီရဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို အထောက်အကူပြုနိုင်စေဖို့ ပြဌာန်းတာမျိုး ဖြစ်ပါတယ်။ ဒီတော့ စစ်အာဏာရှင် အမြစ်ဖြုတ်ရေးမှာတောင် တော်လှန်ရေးကိုဦးဆောင်နေတဲ့ အစုအဖွဲ့ဆိုရုံနဲ့ နိုင်ငံတကာမှာ နိုင်ငံရေးအရ အရွေ့ကို လွယ်လွယ်မရတာ သေချာပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုအများစုရဲ့အခန်းကဏ္ဌဟာ ပစ်ပယ်လို့ ရကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာ သိပ်သေချာပါတယ်။
ဒါကြောင့် အန်ယူဂျီဟာ ဖွဲ့စည်းပုံအေခြခံဥပေဒအသစ်ကို ကိုယ့်ဘာသာ ရေးဆွဲပြဌာန်းလိုက်ရုံနဲ့ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါဘူး။ (ဒါပေမယ့် နောင်တချိန်အတွက် လိုအပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပေဒအသစ်အတွက် တင်ကြိုပြင်ဆင်ထားတာမျိုးကတော့ ကောင်းပါတယ်။ လူထု သဘောထားမပါဘဲ အတည်ပြုလို့ မဖြစ်နိုင်တာကို သတိချပ်ရမှာပါ။ ဒီနေရာမှာ အန်စီဂျီယူဘီတုန်းက ရွေးကောက်ခံအမတ်ေတွနဲ့ချည်းဖွဲ့ခဲ့လို့ အစိုးရတစ်ရပ်အဖြစ် အသိအမှတ် ပြုပေးဖို့ နိုင်ငံတကာက လက်မနှေးခဲ့ကြတာကိုလည်း ထည့်စဉ်းစားကြရမှာပါ။) နောက်တခု တွေးစရာရှိတာက အန်ယူဂျီဟာ တော်လှန်ရေးအလွန်မှာ ရေရှည်တည်တံ့မယ့်အစိုးရမျိုး မဖြစ်နိုင်တာကိုပါပဲ။ တနည်းအားဖြင့် အန်ယူဂျီဟာ ဖက်ဒရယ်ဒီမိုကရေစီအစိုးရလို့ လုပ်လို့မရနိုင်ပါဘူး။ ကြားကာလ တော်လှန်ရေးအစိုးရတစ်ရပ်သာ ဖြစ်နိုင်ပါမယ်။ ဒီနေရာမှာ တော်လှန်ရေးအလွန်ကျရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် အစိုးရတစ်ရပ်ကို အာဏာအပ်ရမယ်ဆိုရင်တောင် ၂၀၀၈ အရ အစိုးရဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ (ဥပေဒေကြာင်းအရ အကြပ်အတည်းတွေရှနေဦးမှာဖြစ်ပေမဲ့ ၂၀၀၈ ပျက်ပြယ်ရင် စစ်အုပ်ချုပ်ေရး အတည်ဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်ကို ဒီနေရာမှာ ထည့်မဆွေးနွေးလိုပါဘူး။ တော်လှန်ရေးရဲ့ ရေချိန်အရ ၂၀၀၈ ကို ဆက်သုံးမယ်ဆိုရင် လူထုက လက်ခံမှာမဟုတ်တာကြောင့် နိုင်ငံတည်ငြိမ်ရေးအတွက် အာမခံချက်မရှိတဲ့ဘဝ ပြန်ရောက်သွားမှာမို့ပါ)
ဖွဲ့စည်းပုံအခြေခံဥပေဒအသစ်ဆိုတာလည်း ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးမှ အတည်ပြုနိုင်မှာမို့ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးပြီးပြီးချင်း အာဏာသုံးရပ်ကို ကိုင်တွယ်ကျင့်သုံးရမယ့် အစိုးရအဖွဲ့ဟာ ကြားကာလအစိုးရအသွင်သာ ဆောင်ပါတယ်။ ကြားကာလအစိုးရအဖို့ အရေးအကြီးဆုံး လုပ်ပေးရမှာက ကြားကာလ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ပါပဲ။ သူချည်းသက်သက်နဲ့ ဆောင်ရွက်ဖို့ ခက်ခဲမှာမို့ နိုင်ငံတကာက ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ကြားကာလတရားမျှတမှုဆိုင်ရာ ကော်မရှင်မျိုးလို တရားဉပဒေစိုးမိုးရေးနဲ့ အခြေအနေတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အကူအညီပေးမယ့် အစုအဖွဲ့တွေ လိုမှာပါ။ အဲဒီကာလမှာတော့ တရားဉပဒေကို ကျော်လွန်သတ်ဖြတ်မှုတွေအပါအ၀င် ဉပဒေမဲ့ စီရင်ဆုံးဖြတ်လုပ်ကိုင်မှုအားလုံးအတွက် ဉပဒေလမ်းကြောင်းအရ ဖြေရှင်းအရေးယူပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာမှ ဖွဲ့စည်းပုံအခြေခံဉပဒေအသစ် ပေါ်ပေါက်ရေးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေး၊ အဲဒါနဲ့ ညီတဲ့ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ပွဲဥပဒေအသစ်တွေ ပေါ်ပေါက်ရေး၊ အဲဒီအတိုင်း ရွေးကောက်ပွဲအသစ် ကျင်းပရေးတွေကို ဆောင်ရွက်ရမှာပါ။ အန်ယူဂျီရဲ့တာဝန်ဟာ အဲဒီအကြောင်းအရာတွေကို အစုအဖွဲ့အားလုံးက လွတ်လပ်စွာ ဆွေးနွေးအဖြေရှာဆုံးဖြတ်ပိုင်ခွင့်အတွက် အာမခံပေးဖို့၊ ေဒသအလိုက်နဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွေ လုပ်ပေးဖို့တွပဲ ဖြစ်ပါမယ်။ ဒီတော့ ရွေးကောက်ပွဲဥပေဒအသစ်အရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမှာမို့ ပါတီအဟောင်းတွေ အရည်အချင်း ပျက်ယွင်းတာရှိနိုင်သလို တချို့ပါတီအသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ အဲဒီရွေးကောက်ပွဲကနေ အစိုးရသစ်ပေါ်လာတဲ့အခါ အဲဒီအစိုးရအသစ်မှာ ပါဝင်ခွင့်ရဖို့ ရွေးကောက်ပွဲအသစ်ကို ဝင်ပြိုင်ချင်တဲ့ ကြားကာလ (အန်ယူဂျီ) အစိုးရထဲက ကက်ဘိနက်အဖွဲ့ဝင်ေတွအနေနဲ့ကတော့ ကက်ဘိနက်ထဲက တင်ကြိုနှုတ်ထွက်ကြဖို့ပါပဲ။ ပီဒီအက်ဖ်နဲ့ အန်ယူစီစီအဖွဲ့ဝင်ေတွဆိုလည်း ဒီအတိုင်းပဲ ဖြစ်မှာပေါ့။ တချို့က ပါတီဝင်တွေ ဖြစ်သွားမယ်။ ရွေးကောက်ပွဲအသစ်မှာ ဝင်ပြိုင်မယ်၊ တချို့ကတော့ ရွေးကောက်ပွဲကော်မရှင်ထဲ ပါချင်ပါမယ် စသဖြင့်ပေါ့။ သေချာတာကတော့ လူထုကထောက်ခံရင် နိုင်ငံရေးလောကမှာ အချိန်ကြာကြာ ဆက်နေလို့ရမယ်၊ လူထုကငြင်းပယ်ရင် တာ့တာဆိုတာပါပဲ။ ဒီတော့ လက်ရှိ တော်လှန်ရေးဦးဆောင်ဖြစ်ဖြစ်၊ ဦးသျှောင်ဖြစ်ဖြစ် ဘယ်လိုပဋိဉာဉ်တွေဖြစ်ဖြစ် ပြည်သူလူထုရဲ့ အစစ်အဆေး အဆုံးအဖြတ်ကို မဖြတ်သန်းဘဲ ရေရှည်အတွက် နိုင်ငံရေးတိုင်ဦးထားလို့ မရနိုင်ပါဘူး။
ဒါကြောင့် နိုင်ငံရေးအရွေ့ကို စနစ်တကျလုပ်လေ လမ်းစပေါ် ခြေမချခင် ခြေလှမ်းသစ်ပြင်လို့ ခက်လေဆိုတာကို သဘောပေါက်နိုင်ကြမှာပါ။ တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးအလွန်မှာ စရမယ့် ခြေလှမ်းတွေအတွက် အချင်းချင်း အချင်းများနေကြမယ့်အစား တော်လှန်ရေးကို ခြေလှမ်းမှန်မှန်နဲ့ ဖြတ်သန်းပြီး စစ်အာဏာရှင်မဲ့ လမ်းစပေါ် ခြေချနိုင်ဖို့အတွက်သာ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆာင်ရွက်မှုတွေကို အားပြုကြဖို့ လိုပါမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar