Breaking News

စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူ လူ့အခွင့်အရေးဘက်တော်သားအား ဂုဏ်ပြုလျက်



စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူ လူ့အခွင့်အရေးဘက်တော်သားအား ဂုဏ်ပြုလျက်


“Pu Tui Dim သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သော ကျွန်ုပ်တို့ပြည်သူလူထု၏ တော်လှန်ရေးသူရဲကောင်းတစ်ဦးဖြစ်သည်”
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွင် လုပ်ဖော်ကိုင်ဖက်ဖြစ်၊ လူ့အခွင့်အရေးကာကွယ်သူ နှင့် သတင်းသမားတစ်ဦးဖြစ်သည့် Pu Tui Dim သည် ချင်းပြည်နယ် အနောက်မြောက်ပိုင်း မတူပီမြို့နယ်ရှိ ၎င်း၏ ဇာတိကျေးရွာသို့ ပြန်လည်ရောက်ရှိစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် တစ်ရွာတည်းနေ အရပ်သားကိုးဦးလည်း ၎င်းနှင့်အတူ ဖမ်းဆီးခံရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ Pu Tui Dim အပါအဝင် ၄င်းတို့ရွာမှ အခြားဒေသခံများလည်း ပျောက်ဆုံးကြောင်း သိရှိရသည့်အတွက် အဆိုးဆုံးအခြေအနေဖြစ်မည်ကို စိုးရိမ်သည့်အတွက် မြေပြင်ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ပြုလုပ်ကာ သတင်းအချက်အလက်စုဆောင်းမှုကို တပူတပြင်း စတင်ဆောင်ရွက်ခဲ့ကြသည်။
ဆိုင်ကယ်ဖြင့် ခရီးသွားသည့် Pu Tui Dim နှင့် ရွာသားများကို စစ်အစိုးရတပ်က ဒီမိုကရေစီဘက်တော်သားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် Chinland Defence Force နှင့် စစ်ဖြစ်ပွားသည့် ဧရိယာအတွင်း ဖမ်းစီးခံရခြင်းဖြစ်ကြောင်း မကြာမီသိရှိခဲ့ရသည်။ အဆိုပါဒေသတစ်ဝိုက်တွင် စစ်တပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် နောက်ထပ်သတင်းအချက်အလက်များ စုဆောင်းရေးသည် အပူတပြင်းအားစိုက်ထုတ်ရသည့် အနေအထားဖြစ်ခဲ့သည်။
အဖမ်းခံရကြောင်း ကြားသိရပြီး ၂ ရက် အကြာ ဇန်နဝါရီလ (၉) ရက်နေ့မှာတော့ မိမိတို့စိုးရိမ်သည့် အဆိုးဆုံးအခြေအနေကို အတည်ပြုခဲ့ရသည်။ Pu Tui Dim နှင့် အခြားရွာသားများ၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း မြေပြင်မှ သတင်းရင်းမြစ်များက အကြောင်းကြားခဲ့သည်။ အဖမ်းခံရသူများ၏ လက်များကိုနောက်ကျောတွင် လက်ပြန်ကြိုးချည်ထားပြီး ပါးစပ်များပိတ်ထားသည်ဟုဆိုကြသည်။ တစ်ချို့မှာ လည်မျိုအလှီးခံရပြီး အချို့မှာ ဝမ်းဗိုက်ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ကြသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ယခုကဲ့သို့ အစုအပြုံ သတ်ဖြတ်မှုသည် စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် အမြဲဆောင်ကြည်းပေးလေ့ရှိသည့် ထိတ်လန့်မှုနှင့် သတ်ဖြတ်မှု၏ ဥပမာတစ်ခုသာဖြစ်သည်။
CHRO မှ မိမိတို့အနေဖြင့် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ မြေပြင်အခြေအနေများကို မှတ်တမ်းတင်နေပါသည်။ အရပ်သားများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းချ ကွပ်မျက်ခြင်း၊ အရပ်သားရပ်ကွက်များနှင့် မြို့များကို ခွဲခြားဆက်ဆံခြင်း၊ ညအချိန် အကြမ်းဖက်စီးနင်းတိုက်ခိုက်ခြင်းနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းများသည် ပြီးခဲ့သည့်နှစ်တွင်း ဒေသတစ်ခုလုံးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေပါသည်။
စစ်အစိုးရ၏ အကြမ်းဖက် အုပ်စိုးမှုကို လက်မခံနိုင်ကြသည့် ပြည်သူများအနေဖြင့် နောက်ဆုံးနည်းလမ်းအဖြစ် စစ်တပ်ကို လက်နက်စွဲကိုင်တိုက်ခိုက်ရန် အဖွဲ့များရှိလာခဲ့သည်။ သို့သော် လက်နက်ကိုင်တော်လှန်ရေး ကြီးထွားလာသည်နှင့်အမျှ စစ်ကောင်စီတပ်မှ အရပ်သားများအပေါ် ကျူးလွန် တိုက်ခိုက်မှုပို၍ဆိုးရွားလာခဲ့သည်။ လအနည်းငယ်အတွင်း သောင်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးမှုများရှိပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့လည်း ထွက်ပြေးခဲ့ကြရသည်။
တစ်ချိန်တည်းတွင်၊ စစ်တပ်အနေဖြင့် ကျူးလွန်ခဲ့သည် အထောက်အထားများ စုဆောင်းမှုကို ဟန့်တားရန် တမင်တကာ ကြိုးစားခဲ့သည်။ စက်တင်ဘာလကတည်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ၂၄ မြို့နယ်တွင် မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ဆို့ခဲ့ပြီး တစ်ခါတစ်ရံတွင် မိုဘိုင်းလ်ဖုန်းကွန်ရက်များကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့အပြင်၊ မြေပြင်ပေါ်ရှိ သတင်းအချက်အလက်များ စုဆောင်းရာတွင် လူများ ပိုမိုအန္တရာယ်ဖြစ်စေရန်အတွက် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ အပါအဝင် စစ်အုပ်ချုပ်ရေး ဥပဒေကိုလည်း အခါအားလျော်စွာ ပြဌာန်းထားသည်။
အာဏာသိမ်းစစ်ကောင်စီအား ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားသည်နည်းတူ ၄င်းအားဆန့်ကျင်သူများကို သတ်ပစ်ခြင်းနှင့် ၄င်း၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ဆယ်စုနှစ်ကြာမှတ်တမ်းတင်ခဲ့ရသည့်အတွက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ကောင်းမွန်စွာ သိရှိသော်လည်း အာဏာသိမ်းပြီး မကြာသေးမီကာလများတွင် နိုင်ငံအနှံ့တွင် ကျူးလွန်သည့် သွေးအေးရက်စက်သည့် လူမဆန်စွာကျူးလွန်မှုကိုမူ မတွေ့ခဲ့ဘူးချေ။
ဥပမာအားဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်များ ထိခိုက်ကျဆုံးမှု ဖြစ်ပွားခဲ့သည်။ ရွာသားများ ထွက်ပြေးရန် ကြိုးပမ်းစဉ် စစ်ကောင်စီတပ်မှ ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် အနည်းဆုံးရွာသား ၁၉ ဦးသေဆုံးခဲ့သည်။ ခရစမ္မတ်အကြိုနေ့တွင် အရင်နီပြည်နယ်ရှိ အမျိုးသမီး၊ ကလေးများနှင့် လူမှုအကူအညီပေးသည့် ဝန်ထမ်းများအပါအဝင် စုစုပေါငး ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ၄င်းတို့၏ ကားများကိုလည်း မီးရှို့ခဲ့သည်။
လွန်ခဲ့သည့် ၄ လတာ ကာလအတွင်း ထန်တလန်မြို့ကို တပ်မတော်က အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အိမ်ခြေ ၈၀၀ ကျော် မီးလောင်ကာ လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရပြည့်ဝသော အစားအသောက်များ ချို့တဲ့မှုကြောင့် ထွက်ပြေးလာစဉ် ထန်တလန်မြို့မှ သက်ကြီးရွယ်အို လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း မိမိတို့အဖွဲ့အစည်းမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ဝမ်းနည်းစရာ အချက်မှာ ယခုတိုက်ခိုက်မှုများကို မှန်းဆ၍မရနိုင်ခြင်းဖြစ်သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အား မြန်မာနိုင်ငံဖြစ်စဉ်များနှင့်ပတ်သက်ပြီး အရေးတယူ ဆောင်ရွက်ရန် တောင်းဆိုမှုများတွင် နိုင်ငံတစ်ဝှမ်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများနှင့် အကြိမ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း စစ်အာဏာရှင်၏ ရက်စက်မှုများနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ကင်းမဲ့စွာ ဆက်လက်ကျူးလွန်နေသည့်အတွက် ကမ္ဘာမှ ပါဝင်ချုပ်ကိုင်ရန် မည်သို့မျှတတ်နိုင်သည့် အနေအထားမဟုတ်ပေ။
ဥပမာအားဖြင့်၊ အောက်တိုဘာလတွင် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ စစ်ရေးအရ တိုက်ခိုက်တော့မည်ကို သတိပေးသည့် အရပ်ဘက်အဖွဲ့အစည်း ၉၀ ကျော်ပါဝင်ကာ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ( UNSC ) အနေဖြင့် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သော်လည်း နက်နဲသည့် အချက်ဖြစ်သည်ဟုသာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထင်သာမြင်သာသည့် ရလဒ်မျိုးမတွေ့ရပါ။ ယခုလပိုင်းအတွင်းမှာလည်း စစ်တပ်မှ နေအိမ်ျားနှင့် ဝတ်ပြုရာနေရာများကို မီးရှို့ဖျက်စီးကာ လက်နက်မဲ့ အရပ်သားများကို ပစ်သတ်ခြင်းနှင့် အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကိုလည်း ဖြတ်တောက်ခဲ့သည်။
နိုင်ငံတကာမှ စောလျှင်စွာ ပြတ်ပြတ်သားသာ အရေးယူဆောင်ရွက်မှုမရှိပါက အခြေအနေပိုမိုဆိုးရွားလာမည်ဟု မိမိတို့ CHRO မှသုံးသပ်ပါသည်။ ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ အင်အား ၅၀၀ ထက်မနည်း နှင့် လက်နက်ခဲယမ်း အမြောက်အများဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၉၀၀၀၀ ၏ သုံးပုံနှစ်ပုံခန့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ရသည်။
ယခုနှစ်အတွင်း မိမိ၏ လုပ်ဖော်ကိုင်ဖက် ဆုံးရှုံးမှုများပြားလွန်းလှသည်။ ဒုက္ခရောက်သူများ၊ ပျက်စီးဆုံးရှုံးမှု များပြားလာခြင်းကြောင့် စစ်တပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု ထပ်မကျူးလွန်ရန် တားဆီးနိုင်ရေး ကြိုးပမ်းရင်း စွန့်လွှတ်အနစ်နာခံရမှုတွေလည်း တိုးလျက်ရှိနေပါသည်။
အကယ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများမှ တစ်ဖက်တစ်လမ်း ကူညီဆောင်ရွက်မှုရှိနေမှသာလျှင် အကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်နိုင်သည့် အနေအထား ရှိနိုင်မည်ဖြစ်ကြောင်း တွေ့မြင်ရသည်။
ကွယ်လွန်ချိန်တွင် ၅၅ နှစ်ရှိပြီဖြစ်သော Pu Tui Dim သည် သူအရွယ်ရောက်ပြီးနောက်ပိုင်း ဘဝတစ်လျှောက်လုံး မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေခဲ့သည်။ CHRO နှင့် ခြောက်နှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်သည့် အချက်အလက်များ စုဆောင်းရန် အသက်အန္တရယ်ရှိသည့် ဒေသများသို့ စွန့်စားသွားခဲ့သူဖြစ်သည်။
သူသည် အမြဲအကောင်းမြင်စိတ်ဖြင့် မိမိတို့အဖွဲ့၏ စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်ခဲ့သူဖြစ်သည်။ သူ၏ ကိုယ်ကျိုးစွန့်အလုပ်လုပ်ဆောင်ခဲ့မှုများသည် ချင်းပြည်နယ်အတွင်း ယခင်စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကမ္ဘာသိစေရန် CHRO ၏ကြိုးပမ်းမှုတွင် အရေးပါလှသည်။
၂၀၀၂ ခုနှစ်တွင် CHRO မှ နုတ်ထွက်ပြီးနောက် ချင်းပြည်နယ်၏ အခြေအနေများကို ဖော်ပြသည့် ပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် Khonumthung News ကို ပူးတွဲတည်ထောင်ခဲ့သည်။ သူသည် အဖွဲ့အစည်း၏ အယ်ဒီတာချုပ်အဖြစ် လွန်ခဲ့သည့် ၁၆ နှစ်တာလုံး ထမ်းဆောင်ခဲ့သည်။ သူသည် တိုင်းရင်းသား မီဒီယာများ ကွန်ရက်ဖြစ်သည့် Burma News International ၏ တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။
စစ်အစိုးရ၏ မတရားအုပ်စိုးမှုအောက်က သားကောင်များကဲ့သို့ပင် Pu Tui Dim သည်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် ပြည်သူများ၏ သူရဲကောင်းတစ်ဦးဖြစ်သည်။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ စစ်တပ်ကြောင့် စောလျှင်စွာ အသက်စတေးရသူများ၏ နောက်ဆုံးလူ့အခွင့်အရေးကာကွယ်သူဖြစ်ပါစေ။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး လွတ်လပ်၍ ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ရယူကျင့်သုံးနိုင်သည်အထိ မိမိတို့ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။
(ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ Deputy Executive Director Salai Za Uk Ling မှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့်ဆောင်းပါး( https://www.aljazeera.com/.../a-tribute-to-a-human-rights... ) ကို ဆီလျော်အောင် ဘာသာပြန်ခြင်းဖြစ်သည်)
ပုံ - ချင်းဒုက္ခသည်များ ကော်မတီမှ ကြီးမှူး၍ အိန္ဒိယတွင် နေထိုင်သည့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များမှ မြန်မာစစ်အစိုးရလက်ချက်ဖြင့် သေဆုံးသွားသူများကို ဂါရဝပြုရန်အတွက် ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဖယောင်းတိုင်မီး ထွန်းညှိခြင်း [Mayank Makhija/NurPhoto Getty Images]


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar