Breaking News

ကိုကျော် (မြစ်ကြီးနား) - ဇီလန်းစကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဒဲ့ပြောပြီ

ကိုကျော် (မြစ်ကြီးနား) - ဇီလန်းစကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဒဲ့ပြောပြီ
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂

အင်္ဂါနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အစည်းအဝေးမှာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ဗီဒီယိုကွန်းဖရင့်မှတဆင့် ရုရှားတို့ရဲ့ ရက်စက်ယုတ်မာမှုများကို ပြောဆိုစွပ်စွဲခဲ့ပြီး စစ်ကိုရပ်တန့်ဖို့ ဘာလုပ်ဆောင် ချက်မှမရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါဟာ ရာပေါင်းများစွာသော အရပ်သားများကို ရုရှားတပ်များ မဆုတ်ခွာသွားချိန်မှာ သတ်ဖြတ်ထားခဲ့တဲ့ ဘူချာမြို့ (Bucha) သို့ ဇီလန်းစကီး သွားရောက်လည်ပတ်ခဲ့ပြီး နောက်တစ်ရက်မှာ ဇီလန်းစကီးရဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မိန့်ခွန်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဇီလန်းစကီးရဲ့မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

"လုံခြုံရေးကောင်စီက အာမခံပေးတဲ့ လုံခြုံရေးဆိုတာက ဘယ်မှာလဲ? ခင်ဗျားတို့က ကုလသမဂ္ဂအဖွဲ့အစည်းကို ပိတ်လိုက်ဖို့ အသင့်ဖြစ်နေသလား? နိုင်ငံတကာဥပေဒဆိုတာ မရှိတော့ဘူးလို့ ထင်နေကြသလား? အကယ်၍ ခင်ဗျားတို့ရဲ့အဖြေက "NO" ဆိုရင် ခင်ဗျားတို့က ချက်ခြင်း ဆောင်ရွက်လှုပ်ရှားသင့်ပါတယ်"

"လူကြီးမင်းတို့ခင်ဗျား၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း ၁ အပိုဒ် ၁ ကို ပြန်သတိပေးပါရစေ။ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်။ အခုက ကုလသမဂ္ဂကိုယ်တိုင် အပိုဒ် ၁ ကို ချိုးဖောက်နေတယ်ဆိုရင် ကျန်တဲ့ရည်ရွယ်ချက် ပုဒ်မတွေက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?"

"အခုဆိုရင် ကမ္ဘာတစ်ခုလုံးက ဘူချာမြို့ကို ရုရှားတွေထိန်းချုပ်ထားချိန်မှာ ဘာတွေလုပ်ခဲ့သလိုဆိုတာကို မြင်ခဲ့ရပါပြီ။ ဒါပေမဲ့ ကမ္ဘာက ယူကရိန်းရဲ့ တခြားသောမြို့တွေ၊ ထိန်းချုပ်ခံထားရတဲ့ မြို့တွေမှာ ရုရှားတွေ ဘာလုပ်ခဲ့သလဲဆိုတာကို မမြင်ရသေးပါဘူး။ အခုက ၂၀၂၂ ခုနှစ်ပါ၊ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိတယ်၊ ဂြိုဟ်တုဓာတ်ပုံတွေရှိတယ်၊ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်နိုင်ပါတယ်။"

"ကုလသမဂ္ဂ ဖွဲ့စည်းပုံစနစ်ကို ချက်ခြင်း ပြုပြင်ပြောင်းလဲသင့်ပါပြီ။ ဗီတိုပါဝါ အခွင့်အရေးဆိုတာက လူသတ်ဖို့အခွင့်အရေးမဖြစ်အောင်၊ ကုလသမဂ္ဂအဖွဲ့အစည်းမှာ ပါဝင်တဲ့နိုင်ငံအားလုံးက မျတတဲ့ကိုယ်စားပြုမှုရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ ရန်လိုကျူးကျော်သူကို ချက်ခြင်းပဲ အတင်းအကြပ် ဖိအားပေးပြီး ငြိမ်းချမ်းရေးဆီသို့ ပြောင်းလဲပေးရပါမယ်။ ခိုင်မာတဲ့ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဆီးရီးယားမှ ဆိုမားလီးယား၊ အာဖဂန်နစ္စတန်မှရီမင် ပြီး​တော့ လစ်ဗျားတို့မှာ လူပေါင်းများစွာ သတ်ဖြတ်ခဲ့မှုတွေကို အရင်ကတည်းက ရပ်တန့်နိုင်ခဲ့သင့်ပါတယ်"။

"အာဏာရှင် နဲ့ ကျူးကျော်ရန်စသူကို ဘယ်လိုရပ်တန့်မလဲ? ယူကရိန်းက စစ်ရာဇဝတ်မှု အတွက် ရုရှားစစ်တပ်နဲ့ အမိန့်ပေးတဲ့ တာဝန်ရှိသူတွေကို ချက်ခြင်း တရားဥပဒေနဲ့အညီ ခေါ်ယူရင်ဆိုင်ခိုင်းရပါမယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ရုရှားသံတမန်အရာရှိ von Ribbentrop လိုလူတစ်ယောက်က ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ မလွတ်ခဲ့ပါဘူး။ ရုရှားရဲ့ ရာဇဝတ်မှုရေးရာ မူဝါဒကိုရေးဆွဲခဲ့တဲ့ Adolf Eichmann ကလည်း ဒဏ်ခတ်ခံရမှုမှ ထွက်မပြေးနိုင်ခဲ့ပါဘူး ဆိုတာကို သတိပေးချင်ပါတယ်။ ဘယ်တရားခံ တစ်ဦးတစ်ယောက်မှ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ပါဘူး"။

"သူကိုယ်တိုင်ရဲ့ ကျူးကျော်ရန်စမှု၊ သူစခဲ့တဲ့စစ်ပွဲကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ဗီတိုပါဝါနဲ့ ပိတ်ပင်တားဆီးတဲ့ ရုရှားကို လုံခြုံရေးကောင်စီမှ ဖယ်ရှားပစ်ပါ။ (သို့မဟုတ်) လုံခြုံရေးကောင်စီကို ငြိမ်းချမ်းရေးအတွက် တကယ်အလုပ်ဖြစ်အောင် ပြုပြင်ပြောင်းလဲပါ။ (သို့မဟုတ်) အကယ်၍ လက်ရှိဖွဲ့စည်းပုံအရ ခင်ဗျားတို့မှာ တခြားနည်းလမ်း မရှိတော့ဘူး။ ဘာမှမတတ်နိုင်ဘူးဆိုရင် လုံခြုံရေးကောင်စီကို တခါထဲ အပြီးဖျက်သိမ်းလိုက်ပါ"။

"တတိယနည်းလမ်းကို မရွေးချယ်ဘဲနဲ့ ခင်ဗျားတို့မှာ လုပ်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။  ယူကရိန်းမှာ ငြိမ်းချမ်းရေးလိုအပ်တယ်၊ ကျနော်တို့မှာ ငြိမ်းချမ်းရေး လိုအပ်တယ်၊ ဥရောပမှာ ငြိမ်းချမ်းရေး လိုအပ်တယ်၊ ကမ္ဘာကြီးက ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ လူကြီးမင်းတို့ကို ဗီဒီယိုအတိုလေးတစ်ခု ကြည့်ကြဖို့ တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ကျနော်တို့ဆီလာပြီး ကြည့်နိုင်ဖို့အခွင့်အရေး ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ဗီဒီယိုကို ကြည့်ကြပါလို့၊ ကျေးဇူးတင်ပါတယ်"။ 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar