Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၈ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - မေ ၈ မြင်ကွင်း

(မိုးမခ) မေ ၉၊ ၂၀၂၂


ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ၂၀၂၂ ငြိမ်းချမ်းရေးကမ်းလှမ်းမှု  

မနက်ဖြန် မေလ ၉ ရက်နေ့ဟာ စစ်ကောင်စီက ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာရင်းပေးဖို့ နောက်ဆုံးရက် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အဓိကဦးတည်ပြီး ကမ်းလှမ်းတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မဟုတ်တာဆိုလို့ ၁၉၈၈ ခုနှစ်စစ်အာဏာသိမ်းပြီး ဖွဲ့စည်းထွက်ပေါ်ခဲ့တဲ့ ABSDF အဖွဲ့တဖွဲ့သာ တိုင်းရင်းသားလက်နက်ကိုင် ခေါင််းစဥ်ထဲ မဟုတ်တဲ့ အဖွဲ့ဖြစ်ပြီး ဖိတ်ခေါ်ခံရတဲ့ ကျန်အဖွဲ့အားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းစဥ်အောက်က အဖွဲ့တွေသာ ဖြစ်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ NUG က ထောက်ပံ့ထားတဲ့ PDF အဖွဲ့တွေ၊ NUG ထောက်ပံ့မှုမရဘဲ မိမိတို့ဘာသာ ဒေသနဲ့ မျိုးနွယ်စု အလိုက်ပေါ်ထွက်လာတဲ့ PDF တွေကိုတော့ အခု ဖိတ်ကြားတဲ့အထဲ မပါဘူးလို့ စစ်ကောင်စီက ပြောထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ ယေဘုယျအားဖြင့် PDF လို့ ခေါ်ဆိုတဲ့အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့ဆိုပြီး စစ်ကောင်စီက ခေါင်းစဥ်တပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အထဲ ဖိတ်ခေါ်တာ မလုပ်ပါဘူး။  

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၉ ဖွဲ့ကျော် ရှိတဲ့အထဲ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ၅ ဖွဲ့လောက်သာ အကြောင်းပြန်ထားပြီး ကျန်အဖွဲ့တွေထဲက နောက်ထပ်တက်မယ်လို့ အကြောင်းပြန်တာရှိကောင်းလည်း ရှိနိုင်ပေမယ့် ထက်ဝက်အရေအတွက်ထိတော့ မရှိနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။  

လွတ်လပ်ရေးရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် သက်တမ်းတလျှောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ မကြာမကြာ ရှိခဲ့ပြီးအချို့သော ဆွေးနွေးမှုတွေက နိုင်ငံရေးပရိယာယ်အရ ကမ်းလှမ်းတာတွေ၊ တဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာကို မတုံ့ပြန်ခဲ့ရင် ငြိမ်းချမ်းရေး မလိုလားသူအဖြစ် မှတ်တမ်းတင်ခံရမှာစိုးလို့ ဆွေးနွေးဖို့ သဘောတူပြီး မလိုက်လျောနိုင်မှန်းသိတဲ့ တောင်းဆိုချက်တွေ တောင်းဆိုကြတဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။  

ဦးနု ဝန်ကြီးချုပ်လက်ထက် လက်ဝဲညီညွတ်ရေးမူ စတာတွေ ဆွေးနွေးခဲ့ကြ၊ ပြောဆိုခဲ့ကြပေမယ့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲလို တိတိပပ လုပ်ဆောင်ခဲ့တာမျိုး မရှိခဲ့ပေမယ့် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ဗကပ၊ ကေအန်ယူ၊ အလံနီ စတာတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး ၁၉၆၃ မှာ စတင်ဆွေးနွေးခဲ့ပါတယ်။ ဗကပ၊ အလံနီတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးစည်းရုံးမှု အခွင့်အလမ်းတခုအဖြစ် အသုံးပြုကာ မြို့ပေါ်က လက်ဝဲအယူအဆရှိတဲ့ အဖွဲ့အစည်းတွေ ၊ လက်ဝဲလိုလားတဲ့ နိုင်ငံရေးအစဥ်အလာရှိသူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အခွင့်အရေးတခုအဖြစ် အသုံးပြုပြီး သူတို့ရပ်တည်ချက်၊ သူတို့နိုင်ငံရေး အယူအဆကို အများသိအောင် လုပ်ဆောင်ခဲ့ကြပြီး ဗိုလ်နေဝင်း အစိုးရကလည်း သူ့ကို ထောက်ခံတဲ့သူတွေကို နိုင်ငံရေးအရ ခိုင်မာအောင် လုပ်ဆောင်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့က ငြိမ်းချမ်းရေးလိုလားသူတွေ ကမ်းလှမ်းဆွေးနွေးခဲ့ပြီး တဖက်က ငြိမ်းချမ်းဖို့ ဆန္ဒမရှိလို့ ဆက်လက်တိုက်ခိုက်ရတဲ့ သဘောမျိုးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။  

အဲဒီနောက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးခြင်းမပြုခဲ့ဘဲ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ ဗီယက်နမ်ကွန်မြူနစ်အစိုးရ ဒေသတွင်းအင်အားကြီးလာတာကို အကြောင်းပြုပြီး တရုတ်နိုင်ငံက ဗကပကို မဆလ အစိုးရနဲ့ဆွေးနွေးဖို့ တိုက်တွန်းမှုကြောင့် လားရှိုးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီဆွေးနွေးမှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့လဲ နှစ်အတန်ကြာတဲ့အခါမှသာ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြကြတာ ဖြစ်ပါတယ်။  

အဲဒီနောက် ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး မဆလ အုပ်ချုပ်မှုကနေ စစ်အုပ်ချုပ်မှုကို အသွင်ပြောင်းတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ခွဲခြား ချေမှုန်းဖို့ ၊ ငြိမ်းချမ်းရေးစကားပြောပြီး လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်အောင် လက်နက်နဲ့ အပစ်ရပ် သဘောတူညီချက်တွေ ရဖို့ ဗိုလ််ချုပ်ခင်ညွန့်ကို တာဝန်ပေးပြီး အထူးဒေသတွေ သတ်မှတ်ကာ အပစ်ရပ်ခဲ့ရာမှာ ကိုးကန့်၊ ကေအိုင်အေ၊ ဝ စတဲ့ အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်ရပြီး ကေအန်ယူ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တွေကို ဖိတိုက်ခဲ့တာဖြစ်ပါတယ်။  

၂၀၁၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ သမိုင်းတလျှောက် နိုင်ငံရေးပြဿနာကို စတင်စကားပြောတဲ့ ဆွေးနွေးပွဲလို့ပြောဆိုနိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးအရ သဘောတူညီမှု ရဖို့ အချိန်ယူရဦးမယ့် အနေအထားမျိုးရှိသည့်တိုင် အပစ်ရပ် သဘောတူညီမှု အများဆုံးရတဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။  

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာတော့ နဂိုက ရထားတဲ့ တိုးတက်မှုတွေအားလုံး နောက်ပြန်ဆုတ်သွားခဲ့ပြီး ပြည်တွင်းစစ်က ၂၀၁၁ ခုနှစ်မတိုင်ခင် အခြေအနေထက်ကို ပိုပြီးကျယ်ပြန့်ကာ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့ပေါင်း ဒါဇင်နဲ့ချီ ပေါ်ထွက်လာကာ အဖွဲ့သေးတွေအနေနဲ့ဆို ရာနဲ့ချီတဲ့ လက်နက်ကိုင် အဖွဲ့တွေမွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။  

ဒါကြောင့် အခု ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲဟာ နိုင်ငံအနှံ့အပြား ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့ အသစ်တွေဖြစ်တဲ့ PDF တွေကို ခုခံတိုက်ခိုက်နိုင်ဖို့ အစဥ်အလာအရ ရှိပြီးတိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်ရပ်ဖို့ အနေအထားကို ရည်ရွယ်ပြီးလုပ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။  

ယေဘုယျအားဖြင့် ပြည်တွင်းစစ် ကျယ်ပြန့်လာတာကို မလိုလားသော်လည်း ပြည်တွင်းစစ် ကျယ်ပြန့်လာတဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားနိုင်မှသာ တည်တံ့တဲ့ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်သလို နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုး အခင်းအကျင်းမျိုး ရှိမှာသာ လက်နက်ကိုင်တိုက်ပွဲတွေ လျော့နည်းသွားမှာ ဖြစ်တယ်ဆိုတာကိုတော့ ယေဘုယျ သဘောအနေနဲ့ မျက်ခြည်မပြတ် ဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar