ဗေဒါညို - အခုတော့လည်းဗျာ
ဗေဒါညို - အခုတော့လည်းဗျာ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၂
ဒီနေ့ ၇၅ နှစ်မြောက် အာဇာနည်နေ့။ ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အိမ်ထဲမှ အလေးပြု မေတ္တာပို့ အမျှဝေလိုက်ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အပြင်မထွက်နိုင်တာ နှစ်နှစ်ကျော်သွားပါပြီ။ လာခေါ်တဲ့သူမရှိရင် အိမ်မှာပဲ နေ့တိုင်း ငုတ်တုတ်ထိုင်နေရသမို့ အရင်ကလို တစ်နေ့ လက်ဖက်ရည်ဆိုင် သုံး လေးဆိုင်လောက် ထိုင်ပြီး လွှားတားလွှားတား လုပ်ခဲ့ရတာတွေကိုလည်း လွမ်းသွားရပါတယ်။ ဒါပေတဲ့ ဘာတတ်နိုင်မလဲ။
အသက်အရွယ်ရလာတဲ့အခါ ကိုယ့်နယ်ပယ်အသိုင်းအဝိုင်းက အလိုလို ကျဥ်းမြောင်းသွားစမြဲပေါ့။အဲဒီတော့ ကိုယ့်အိမ်ကို လာကြမယ့် စကားပြောဖော်ပြောဖက်များကို အထူးသဖြင့် မျှော်မိသည်ပေါ့။ နို့ပေမဲ့ လူတိုင်း ကိုယ့်အကြောင်းနဲ့ကိုယ် ချာရပတ်ယမ်းနေကြတော့ တစ်ယောက်နဲ့တစ်ယောက် ဟေ့ သူငယ်ချင်းရေ... မလုပ်နိုင်ကြတော့ပါဘူး။
ဒီတော့လည်း အိမ်မှာ တစ်ယောက်တည်း နေရင်း ဟိုတွေး ဒီတွေးပေါ့။ ငယ်စဥ်တုန်းကတော့ ကိုယ်တိုင်လည်း အခန်းဆက်ဇာတ်လမ်းထဲမှာ ပါဝင်ကပြခဲ့ရပြီး အခုချိန်ပွဲကြည့်ပရိသတ်နေရာမှာရောက်သွားတော့ ဘယ်ဟာတွေက ဘာတွေလဲဆိုတာ မှန်မှန်ကန်ကန် လေ့လာသုံးသပ်ခွင့်ရသွားလို့ စိတ်မချမ်းသာတာတွေ တော်တော်လျော့သွားပါတယ်။ ဒါကို ကျွန်တော်က အိုခြင်းရဲ့အရသာလို့ပဲ ဆိုချင်ပါတယ်။
ဇာတိ ဇရာ ဗျာဓိ မရဏ ဆိုတဲ့အတိုင်း ဘဝရယ်လို့ဖြစ်လာတာနဲ့ ဇရာက တစ်ခါတည်း ကပ်ပါလာခဲ့တယ်။ အရွယ်ကောင်းတုန်းက သူ့ကို အရေးမလုပ်ခဲ့ပေမယ့် အသက်ကြီးလာပြီး အလှုပ်အရှားတွေ နှေးသွားချိန်မှာတော့ သူ့လက်ချက်က ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အထင်းသားကြီး ပေါ်လွင်လာခဲ့တယ်ဗျ။
အတိတ်က အကြောင်းအရာတွေကလည်း အိပ်မက်လို ကျန်ရစ်ခဲ့ရပါပြီ။
ဒါပေတဲ့ဗျာ အတိတ်ကလို့ ပြောလိုက်ရပေမယ့် ကျွန်တော်တို့မှာဖြင့် ပျော်ရွှင်စရာရယ်လို့ ဘယ့်နှယ်မှန်းတောင်မသိပါဘူး။ ကလေးဘဝမှာ ပထမဆုံး အာဏာသိမ်းတာနဲ့ တည့်တည့်တိုးပါတယ်။အခု အိုဇာတာထဲ ရောက်တော့လည်း ဒီဇာတ်ထုပ်က မပြီးသေးဘူးဗျ။ လက်သန်းကလေး မှင်စွန်းပြီး မဲပေးခဲ့ရလို့ တို့ တိုင်းတော်ပြည်တော်ကြီးတော့ နိပ်ပဟေ့လို့ စိတ်ကူးယဥ်မိလိုက်တာ၊ အခုတော့လည်း မွတ်ကရောပါလား။
ကျွန်တော်က စာပေဟောပြောပွဲ တော်တော်များများ သွားခဲ့ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းကြီးတစ်ခုလုံးနဲ့ မကွေးတိုင်း အနောက်ခြမ်းပေါ့။ ဒါပေသိ ကိုယ် သွားခဲ့တဲ့နယ်တွေဆီက ကြားရတဲ့သတင်းတွေနဲ့ တနိုင်ငံလုံးက ဖြစ်ပျက်နေတဲ့ သတင်းတွေကြောင့် စိတ်ဆင်းရဲနေရပါတော့တယ်။ပြောရရင် နေ့တိုင်း တစ်စက်ကလေးမှတောင် စိတ်မချမ်းသာပါဘူးဗျာ။ ကိုယ်တိုင်ကလည်း ဘာမှမကူညီနိုင်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်ရရောဗျ။
မနှစ်တုန်းက ကိုဗစ်ဒုက္ခကြောင့် မိတ်ဆွေတွေ ခရီးရှည်ကြီး ထွက်ခွာသွားကြတယ်။ ကျွန်တော့်မိတ်ဆွေကြီး မဟာနန္ဒာဦးမျိုးဝင်းလည်း နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်ခွာသွားတာ တစ်နှစ်ပြည့်သွားပါပြီ။
အဲလိုပဲ ဆရာသိုက်ထွန်းသက်၊ ဆရာညီစေမင်း၊ ဆရာဒေါက်တာကိုကိုကြီး၊ ရန်ကုန်က ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာသူငယ်ချင်း တင်ကိုအောင် စသဖြင့် မိတ်ဆွေတွေ ဖျတ်ခနဲ ထွက်ခွာသွားကြလို့ အိပ်မက်လို ဖြစ်နေမိပါတယ်။
မိတ်ဆွေ သူငယ်ချင်းတွေက ကိုယ့်အနားမှာ အရိပ်လိုလာပြီး အရိပ်လိုပဲ ပြန်လည်ပျောက်ကွယ်သွားခဲ့ကြ။ ဆိုတော့ နောင်တစ်ချိန်မှာ ရောဂါဘေး စစ်ဘေးထဲက လွတ်ကင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့သူ ဘယ်လောက်ရှိမှန်း မခန့်မှန်းရဲတော့ပါဘူးဗျာ။ အခုလည်း ကိုဗစ်ရဲ့ ဘဖိုးနဲ့ဘဖိုက်ကလာနေပြီဆိုတော့ ကြောက်စရာကောင်းနေပြန်ပြီဗျ။
ဒေါ်လာစျေး ရွှေစျေးတွေတက်တော့ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ရပေမယ့် ဘယ်ဟုတ်မတုံး။ ဆေးဈေးတွေတက်ကုန်လို့ မနေ့တုန်းက ရှိတဲ့ပိုက်ဆံကလေးနဲ့ ကပျာကယာ သုံးလစာ ဝယ်လိုက်ရပါတယ်။ အဲဒီသုံးလကျော်လို့ ဆေးတွေ ဝယ်မရဖြစ်ရင် ဘယ်လိုလုပ်ကြမလဲမေးရင် ကျွန်တော်လည်း မသိပါ။
မနက်တိုင်း ဝယ်တဲ့ ပဲပြုတ်ကလည်း စျေးမတက်ပေမယ့် သုံးရာဖိုးကို ကလေးလက်သီးဆုပ်သာသာပဲ ရပါတော့တယ်။ စားသောက်ကုန်တွေလည်း တက်သဗျ။ အဲတော့ပြောရရင် ကပ်သုံးပါးထဲမှာ (သောက်သောက်လဲပိုက်ဆံရှိတဲ့သူတွေကလွဲပြီး) လူတိုင်း အသက်ကို ဖက်နဲ့ထုပ်ပြီး ရှင်သန်အောင် ဖြတ်သန်းနေကြရပါတယ်။
ဖော်ပြပါ ဓာတ်ပုံက လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက အခုလို ဝါဆို ဝါခေါင် ရေကြီးနေခိုက် ဝက်လက်မြို့နယ် ရှိန်းမကားဘက်မှ ဧရာဝတီတစ်ဖက်ကမ်း စကျင်တောင်ဘက်ကို အေးအေးလူလူ မျှော်ကြည့်နေတဲ့ပုံ ဖြစ်ပါတယ်။
အခုတော့လည်းဗျာ...
မိတ်ဆွေများအားလုံး ဘေးအန္တရာယ်တွေထဲမှ အောင်မြင်စွာဖြတ်သန်း၍ ချမ်းသာကိုယ်စိတ်မြဲကြပါစေ။
ဗေဒါညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar