Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၈



လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၈

(မိိုးမခ) မတ် ၃၀၊ ၂၀၂၀

ရပ်ကွက်ကော်မတီများ

တရုတ်ပြည်မှ ာရပ်ကွက်ကော်မတီများရဲ့ အခန်းကဏ္ဍဟာ သမိုင်းဝင်ပါတယ်။ ၁၉၄၉ တရုတ်ပြည်သစ်ထူထောင်စဉ်ကစလို့ ခေတ်အဆက်ဆက်မှာ အလွန်အရေးပါခဲ့တာပါ။ အဲဒီကာလ ထိုင်ဝမ်ကိုပြေးတဲ့ ချန်ကေရှိတ်အဖွဲ့သား ကူမင်တန်များက သူတို့ရဲ့နံမည်ကြီးထောက်လှမ်းရေးအဖွဲ့တွေကို အင်အားအလုံးအရင်းနဲ့ တပြည်လုံးအနှံ့ချန်ထားခဲ့တာပါ။ အဲဒီသူလျှိုဂိုဏ်းတွေကို တရုတ်ကွန်မြူနစ်တွေက နှိမ်နှင်းရာမှာ ဒေသခံပြည်သူလူထုနဲ့ ဖွဲ့စည်းထားတဲ့ ရပ်ကွက်ကော်မတီတွေက အများကြီးကူညီခဲ့တာပါ။ အဲဒီကာလထဲက ဒီအဖွဲ့တွေက နံမည်ရခဲ့တာပါ။ ဒါ့အပြင် နောက်ပိုင်းကာလတွေမှာလည်း တရုတ်ကွန်မြူနစ်ပါတီက ချမှတ်လိုက်တဲ့ မူဝါဒများပဲဖြစ်ဖြစ်၊ အစိုးရရဲ့လမ်းညွှန်ချက်များပဲဖြစ်ဖြစ် ပြည်သူလူထုတရပ်လုံးအကြား ပျံ့နှံ့ရေးအတွက် ကြားက အမြဲမပြတ် ပါဝင်လုပ်ဆောင်ရတဲ့ လူထုလက္ခဏာဆောင်တဲ့ အဖွဲ့အစည်းတရပ်ပါ။

(စကားချပ်။ ဒီရပ်ကွက်ကော်မတီဝင်များဟာ အစပိုင်းက စေတနာဝန်ထမ်း ဗော်လံတီယာများ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ (professional) စနစ်ကျလာအောင် ကြိုးစားတည်ဆောက်လာပါတယ်။ ဒေသဆိုင်ရာကွန်မြူနစ်ပါတီရဲ့ ကလပ်စည်းတွေနဲ့ တွဲဖက်ပေးပြီး ဘွဲ့ရပညာတတ်ကလေးတွေကို အောက်သက်ကျေအောင် လေ့ကျင့်မွေးမြူတာကို နည်းလမ်းတရပ်အဖြစ်လည် းလုပ်ဆောင်လာတာတွေ့ရပါတယ်။အထူးသဖြင့် ကျေးလက်ဒေသရွာကော်မတီများအတွင်း ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ကေဒါများ(grass-root official) အဖြစ် တာဝန်ပေးနေတာတွေ တွေ့လာရပါတယ်။)

အခုလည်း ဒီကိုရိုနာရောဂါကပ်ဘေးကြီးကို တိုက်ရာမှာ ပြည်သူစစ်ပွဲ ဆင်နွှဲရမယ်လို့ သမ္မတရှီကျင်ဖျင်ကြေညာလိုက်ကတည်းက ဒီအဖွဲ့တွေ ရှေ့တန်း တက်လာပါတော့တယ်။ ရှီက ဒီလိုလည်း ပြောပါသေးတယ်။ "ရပ်ကွက်ကော်မတီတွေဟာ ဒီရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းစခန်းများဖြစ်ပြီး ဒီရောဂါ အပြင်ဖက်ကိုရော၊ အတွင်းဖက်ကိုရော မပျံ့ပွားရေးအတွက် ထိန်းချုပ်တဲ့ ကာကွယ်ရေးကတုတ်စခန်း (defence line)  တွေဖြစ်တယ် ..." တဲ့။

သူတို့ ဘယ်လို ပါဝင်လုပ်ဆောင် ခဲ့ကြသလဲ။

ဝူဟန့်ကိုပဲ ကြည့်ရအောင်ပါ။

ဝူဟန့်မှာ ရပ်ကွက်ကော်မတီပေါင်း (၇၁၄၈) ဖွဲ့ ရှိပါတယ်။ အဲဒီထဲက ဆွေ့အန်းဆိုတဲ့ လူနေရပ်ကွက်တခုက ရပ်ကွက်ကော်မတီတွေ ဘာတွေလုပ်ခဲ့ကြသလဲ။

အဲဒီရပ်ကွက်မှာ ကော်မတီဝင်(၁၁)ဦး၊ အိမ်ထောင်ပေါင်း(၄၃၈၃)။ လူဦးရေ(၁၁၀၀၀) ကျော်ရှိလို့ ကော်မတီဝင်တဦးဟာ အိမ်ထောင်ပေါင်း (၄၀၀) ကျော်စီ တာဝန်ယူရပါတယ်။ သက်ဆိုင်ရာအိမ်တွေကိုလည်း သူတို့ကိုတာဝန်ယူရတဲ့ ကော်မတီဝင်တွေရဲ့ ဖုံးနံပတ်တွေ ပေးထားပါတယ်။ ဖုံးတွေကိုလည်း (၂၄) နာရီ ဖွင့်ထားရပါတယ်။

သူတို့ရဲ့ ပထမဆုံးလုပ်ငန်းကတော့ ကိုယ်တာဝန်ကျတဲ့  အိမ်ထောင်စုများရဲ့ အခြေခံ အချက်အလက်တွေ (အိမ်တွင်းလူကုန်စာရင်း၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ)ကို စုဆောင်းပြီး နေ့စဉ် အိမ်ရှိလူများအပူချိန်ကို မေးမြန်းမှတ်တမ်းတင်ရပါတယ်။ မိမိအဖွဲ့နဲ့ မိမိ အင်တာနက် (ဝီချက်) (We-chat)
ကွန်ရက်နဲ့ ဆက်ထားရပါတယ်။ ဒါ့အပြင် တချို့ရပ်ကွက် အဝင်ဝတွေမှာလည်း တနေ့ (၂-၃) ကြိမ် အော်လံလေးတွေကိုင်ပြီး ဖြစ်ပေါ်နေတဲ့ (နောက်ဆုံးပေါ်) ကပ်ရောဂါအခြေအနေတွေ၊ သတိပြုရမယ့်အချက်တွေ၊ အကြောင်းကြားရမယ့်နေရာတွေ၊ အစိုးရရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေ စတာတွေကို အချိန်နဲ့ တပြေးညီကြေညာပေးနေရပါတယ်။ (ဒါမှသာ မလိုလားအပ်တဲ့ ကောလာဟလတွေကို တိုက်ဖျက်နိုင်မှာပါ။)

သံသယဖြစ်ဖွယ် လူနာတွေတွေ့တာနဲ့ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့တွေကို အကြောင်းကြားပြီး ကျန်ထိတွေ့သူများအားလုံး (contacts)ကို ခွဲခြားထားရေးတွေ စီစဉ်ရပါတယ်။ အဲဒီရပ်ကွက်မှာ လူနာ (၂၃) ယောက်၊ သံသယလူနာ (၁၀) ယောက် တွေ့ခဲ့ပြီး အားလုံး ဆေးရုံတင်နိုင်ခဲ့ပါတယ်။ အင်တာနက် မသုံးနိုင်မသုံးတတ်သူများ (သက်ကြီးရွယ်အို၊ တဦးတည်းနေသူများ၊ ဒုက္ခိတများကိုတော့ အထူးဦးစားပေးအဖြစ်သဘောထားပြီး) အိမ်တိုင်ရာရောက် သွား အပူချိန်တိုင်းပေးရပါတယ်။

ဖေဖော်ဝါရီ(၁၄)ရက်နောက်ပိုင်း ပိတ်ဆို့မှုကို ပိုအဆင့်မြင့်လိုက်လို့ ရပ်ကွက်တွေအတွင်းကလူတွေ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိတော့ပါဘူး။ ဒီတော့ နေ့စဉ်စားသောက်နေထိုင်ရေးအတွက်ရော၊ နဂိုရှိရင်းစွဲ ရောဂါများကုသရေး (ဆေးမပြတ်ရေးအပါအဝင်) စတာတွေအားလုံးကိုလည်း ဒီကော်မတီဝင်များကပဲ လုပ်ဆောင်ပေးရတာပါ။

ဝယ်ချမ်းလာတဲ့ပစ္စည်းတွေကို ရပ်ကွက်အဝင်ဝတွေမှာ ချထားရင် ထွက်ယူနိုင်သူများအတွက် မထောင်းတာလှပေမယ့် တချို့ကိုဆို အိမ်တိုင်ရာရောက်ပို့ရတာပါ။ တချို့လူနေတိုက်တွေမှာ ဓာတ်လှေကားတွေ ရှိပေမယ့် တချို့ရပ်ကွက်ဟောင်းတွေက မရှိပါဘူး။ (အထပ်တွေကလည်း ၅ထပ်ကနေ ၇ထပ် အထိ)။ ဒီတော့ တက် ပို့ပေဦးတော့။

ဒီကြားထဲက တချို့မကျေနပ်ချက်များလည်း ကြားလာရပါတယ်။ လာပို့တဲ့ ဟင်းသီးဟင်းရွက်တွေက မလတ်ဆတ်ဘူး။ ဈေးကကြီးတယ်။ တို့မှာတာတခြား- ဝယ်လာတာတခြား ... စသဖြင့် အပြောအဆိုလည်း မလွတ်ပါဘူး။ ဒါ့ကြောင့် အချေအတင် ပြောတာဆိုတာလေးတွေလည်း ကြားရပါတယ်။ ရန်ပွဲလေးတွေလည်းတွေ့လိုက်ရတာတွေ ရှိပါတယ်။

ဒီတော့ ရပ်ကွက် ကော်မတီဝင်လေးတဦးကတော့ ဒီလိုပြောရှာပါတယ်။
... ကျွန်တော်တို့ဘက်ကလည်း ချို့ယွင်းမှုတွေရှိပါတယ်။ လူတွေက ဘယ်မှမထွက်ရပဲ နေရတဲ့အခါ အထူးသဖြင့် တယောက်တည်းနေရသူတွေအနေနဲ့ ပိုချောက်ချားတာ ဖြစ်နိုင်ပါတယ်။ သည်းညည် းပိုခံကြပါလို့ ကျွန်တော်တိုရဲ့ တာဝန်ခံများကလည်း ပြောထားပါတယ် ... တဲ့။

သြော် ... ပြည်သူကို အလုပ်အကျွေးပြုတယ် ဆိုတာ မလွယ်လှပါဘူး။
ဒီစိတ်ဓာတ်တွေနဲ့ တရုတ်ပြည်က ရပ်ကွက်ကော်မတီဝင်များဟာ သူတို့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပါတယ်။

လှကျော်ဇော
၂၉-၃-၂၀၂၀