သတင်းဆိုး ပေါများတဲ့ ကာလ
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၅ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၂
သတင်းဆိုး ပေါများတဲ့ ကာလ
“ဘာသတင်းမှ မကြားရခြင်းသည်က ကောင်းတဲ့ သတင်းဖြစ်တယ်” (No News is good news) လို့ သတင်းတွေနဲ့ ပတ်သက်တဲ့ အနောက်တိုင်းဆိုရိုးစကားတခု ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ တနေ့တနေ့ သတင်းတွေက ပေါလွန်းလှတယ်လို့ ဆိုရလောက်အောင် အဖြစ်အပျက်တွေက များပြားလှပါတယ်။ အစပိုင်းမှာတော့ ဆန္ဒပြတဲ့သတင်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ထိန်းသိမ်းခံရတဲ့ သတင်းတွေ နေ့စဥ်လိုလို ကြားခဲ့ရပြီး အဲဒီနောက်မှာတော့ ဆန္ဒပြမှုဖြိုခွင်းတဲ့ သတင်းတွေ၊ မျက်ရည်ယိုဗုံး၊ အသံဗုံး၊ အတားအဆီးဖြိုဖျက်တာ၊ ဓာတ်ငွေ့သေနတ် ၊ ဒိုင်းကာ၊ ဓာတ်ဆီပုလင်း ၊ လောက်လေးခွ စတာတွေနဲ့ ခုခံတဲ့ သတင်း၊ ဖမ်းဆီးခံရတဲ့ သတင်းတွေကနေ နောက်ပိုင်းမှာတော့ အသက်ဆုံးရှုံးရမှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတော့တယ်။ အစပိုင်း တဦးစ နှစ်ဦးစ အသက်ဆုံးရှုံးရတာတွေက သတင်းကြီး ဖြစ်နေသေးပေမယ့် နောက်ပိုင်းမှာ တဦးစ နှစ်ဦးစ သေဆုံးတာ သတင်းကြီးမဟုတ်တော့ပါဘူး။ တနှစ်လောက်ကြာလာတဲ့အခါမှာ ဆယ်ဂဏန်းနဲ့ အသက်ဆုံးရှုံးကြတဲ့ အဖြစ်အပျက်တွေကမှ သတင်းကြီး ဖြစ်လာပါတော့တယ်။ အရင့်အရင်က နှစ်နဲ့ချီနေလို့မှ တကြိမ် မကြားရဖူးတဲ့ ဘဏ်ဓားပြတိုက်မှုလို သတင်းက အပတ်စဥ်လို လစဥ်လိုလို ကြားရတဲ့ သတင်းဖြစ်လာပါတော့တယ်။ လုယက်သတ်ဖြတ်ခံရမှု၊ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှု ဗုံးကွဲမှု သတင်းတွေက နေ့စဥ် နိုင်ငံအနှံ့အပြား ဖြစ်ပွားနေပြီး မထင်မရှား သာမန်ပြည်သူတွေ ဖြစ်ရင် သတင်းကြီးလို့တောင် မယူဆတော့ပဲ သတင်းဖတ်သူ နားထောင်သူ ပရိသတ်က ခေါင်းစဥ်ကြည့်ပြီး ကျော်သွားတဲ့ သတင်းမျိုးဖြစ်လာပါတယ်။
ပြည်တွင်းက သတင်းစာတစောင်မှာ “..... မြို့နဲ့ မြို့နယ်အချို့မှာ ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်ပွား” ဆိုတဲ့ သတင်းခေါင်းစဥ်က နေ့စဥ်လိုလို အပြောင်းအလဲမရှိပဲ ပါရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါနေ့စဥ်ဖေါ်ပြတဲ့ ကဏ္ဍမှာ ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်း ပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့ သတင်း ၊ ထိခိုက် သေဆုံးမှု ရှိမရှိ သာပါရှိပြီး ဘာကြောင့် ဘယ်အဖွဲ့၊ ဘယ်သူလုပ်တယ်ဆိုတာ မပါရှိတော့ပါဘူး။ နေ့စဥ် ဖြစ်ပျက်နေကျ အဖြစ်အပျက်လို ဖြစ်လာနေပြီး အကြောင်းရင်းကို စေ့ငုဖို့နဲ့ လက်သည်ဖေါ်ထုတ်ဖို့ အခြေအနေမျိုး မရှိတော့ဘူးလို့ သတင်းဖတ်သူ ပရိသတ်က ဖြည့်တွေးနားလည်ပေးရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
တဖန် အခုလပိုင်းတွေမှာတော့ မြို့ရော တောပါမကျန် လုယက်မှု ၊ သတ်ဖြတ်မှု၊ ဖောက်ထွင်းမှု သတင်းတွေ နေ့စဥ် ပါရှိလာတာ တွေ့နေရပါတယ်။ ဒီနေ့ သတင်းတွေကိုကြည့်ရင် မန္တလေးမြို့မှာ ဆိုင်ကယ်လုယူဖို့အတွက် မျက်နှာကို ဓားနဲ့လှီးသွားတဲ့ သတင်း၊ ရန်ကုန်မြို့ လှည်းတန်းက စိန်ဆိုင်ကို နေ့ခင်းမှာ ဝင်လုသွားတဲ့ သတင်းနဲ့ တချို့ အွန်လိုင်းသတင်းပေ့ချ် တချို့မှာတော့ မြစ်ကြီးနားက လုယက်သတ်ဖြတ်မှု သတင်းတွေပါရှိတာ ဖြစ်ပါတယ်။ အလားတူ နေ့စဥ်လိုလို ဖေါ်ပြနေကျ သတင်းတွေက စစ်ကောင်စီတပ်တွေ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ ကျေးရွာက နေအိမ်မီးရှို့တဲ့ သတင်း၊ ကျေးရွာသူ ကျေးရွာသား ဖမ်းခံရပြီး သတ်ဖြတ်ခံရတဲ့ သတင်း၊ ရဝတ၊ ရာအိမ်မှူး၊ သတင်းပေးလို့ သံသယရှိခံရသူတွေကို PDF ဘက်က လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေက နေ့စဥ်သတင်းတွေလို ဖြစ်လာပြီး သတင်းဖတ်သူတွေ အနေနဲ့ သတင်းခေါင်းစဥ်မြင်ပေမယ့် ဒိလောက်ထူးဆန်းတယ်လို့ မထင်မှတ်တော့လောက်အောင် နေ့စဥ် အခုလို အဖြစ်အပျက်တွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန် လို မန္တလေးလိုမြို့တွေမှာလည်း လုယက်မှုတွေ နေ့စဥ် ဖြစ်ပွားနေသလို ပဋိပက္ခဖြစ်တဲ့ ကျေးရွာတွေ နယ်မြို့တွေမှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းစဥ် ပိုင်ရှင်တွေထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွားကြတဲ့ သတင်းမျိုး၊ လက်နက်ကိုင် အဖွဲ့နဲ့မသက်ဆိုင်တဲ့ လုယက် ဓါးပြတိုက်မှု လူသတ်မှုလို သတင်းမျိုးတွေက နေ့စဥ်သတင်းတွေ ဖြစ်လာနေကြတာပါ။
လူတဦး၊ တဦးထက်မက အသက်ဆုံးရှုံးတဲ့သတင်းတွေ နေ့စဥ်ဖြစ်ပျက်နေပြီး စာမျက်နှာတွေပေါ်မှာ ဖော်ပြသည့်တိုင် သိပ်ပြီးမထူးခြားသလို ပရိသတ်က အရေထူလာကြတဲ့ သဘောလည်း တွေ့မြင်ကြရပါတယ်။ သတ်ဖြတ်လုယက် တဲ့သတင်းတွေနဲ့အတူ ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ သတင်းတွေလည်း နေ့စဥ်ဖေါ်ပြနေကြတာ ဖြစ်ပါတယ်။ စားသုံးဆီ စျေးနှုန်းတွေမြင့်တက်လာတာ တပိသာကို သောင်းဂဏန်းနီးနီးထိ ရောက်လာတဲ့သတင်း၊ စက်သုံးလောင်စာဆီ စျေးနှုန်း မကြုံဖူးလောက်အောင် မြင့်တက်လာတဲ့သတင်း၊ ကျပ်ငွေတန်ဖိုးကျလာလို့ ပြည်ပက တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ စျေးနှုန်းမကြုံဖူးအောင် မြင့်တက်လာနေတဲ့ သတင်းတွေလည်း နေ့စဥ်သတင်းတွေထဲ ဖေါ်ပြနေကြပြီး ဒီသတင်းတွေမှာလည်း စျေးနှုန်းတက်တယ်ဆိုတဲ့ ခေါင်းစဥ်က မထူးခြားတော့တဲ့ သတင်းခေါင်းစဥ် ဖြစ်ပြီး ထူးခြားတာက ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ့ စျေးနှုန်းကို စံချိန်တင်ရောက်ရှိတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အာဆာ လက်နက်ကိုင်တွေက နယ်စပ်ရဲစခန်းတွေကို စတင်တိုက်ခိုက်ရာတဲ့ နေ့ဖြစ်ပြီး အဲဒီနေ့ရက်က ခမောင်းဆိပ် ဆိုတဲ့ ဟိန္ဒူဘာသာဝင်တွေ နေထိုင်တဲ့ရွာက ကျေးရွာသား ၁၀၀ နီးပါးကို အာဆာလက်နက်ကိုင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တဲ့နေ့ရက်လည်း ဖြစ်ပါတယ်။ အာဆာလက်နက်ကိုင်တွေရဲ့ စတင်လှုံ့ဆော်လိုက်တဲ့ တိုက်ခိုက်မှုအပြီး နောက်ရက်အနည်းငယ်မှာတော့ မြန်မာအစိုးရစစ်တပ်ရဲ့ ရက်စက်တဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို အကြောင်းပြုပြီး လူမျိုးတုန်းသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့ကြတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးက လူမျိုးတုံး သတ်ဖြတ်မှုတင်မကပဲ ရိုဟင်ဂျာ ၇ သိန်းမှာ ၁ သန်းနီးပါး အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး ၅ နှစ်ကြာမြင့်တဲ့ အခုချိန်ထိတိုင် အဖြေ မရှာနိုင်သေး မဖြေရှင်းနိုင်သေးတဲ့ ဒုက္ခသည် ပြဿနာတရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်နဲ့ ထိုစဥ်က နိုင်ငံရေးအာဏာအရ အစိုးရ ဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရအနေနဲ့ စစ်အာဏာမသိမ်းမှီနှစ်တွေက ICJ လို့ခေါ်တဲ့ နိုင်ငံတကာ တရားရုံးမှာ အမှုရင်ဆိုင် ခဲ့ကြရပြီးခုချိန်ထိ တရားရုံးအမှုလည်း မပြီးဆုံးသေးသလို လူ ၁ သန်းနီးပါးလည်း အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေကြဆဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar