Breaking News

ကိုသန်းလွင် - မျိုးချစ်စိတ်


ကိုသန်းလွင် - မျိုးချစ်စိတ်

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၂၂

( ၁ )

ယူကရိန်းစစ်ပွဲသည် စစ်နှင့်ဆိုင်သောစစ်ပွဲသက်သက် မဟုတ်ပါ။ ၎င်းသည် အသိဉာဏ်နှင့်ဆိုင်သော စစ်ပွဲလည် းဖြစ်သည်။ ယူကရိန်းတို့ကစစ်ပွဲကိုနိုင်နေသည်မှာသူတို့စစ်သားများ၏အားသာနေခြင်းသာမဟုတ် သူတို့သည် ပိုမိုမြင့်မြတ်သော စိတ်ကူး စိတ်သန်း တခုအတွက် တိုက်ခိုက်နေကြသောကြောင့်ဖြစ်သည်။ ထို စိတ်ကူး စိတ်သန်း သည် ယူကရိန်းစစ်သားများကိုတိုက်ခိုက်ရန ်တွန်းအားပေးနေသည်။ ထိုအရာသည်ပင် ယူကရိန်းနိုင်ငံတွင်သာမက အနောက်ကမ္ဘာနှင့် ဥရောပတိုက်မှလူများ ကိုပါ ယူကရိန်းနောက်မှနေ၍မားမား မတ်မတ်ရပ် ပြီးအကူအညီပေးနေကြသည်။

စိတ်ကူးစိတ်သန်းမှာ အကယ်စင်စစ် အိုင်ဒီယာနှစ်ခုကို ရောပေါင်းထားခြင်း ဖြစ်သည်။ ပထမ တစ်ခုမှာ လစ်ဘရယ်လစ်ဇင် ခေါ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာရှိရှိ နေနိုင်ရေးနှင့်  အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာစေသောဝါဒ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ သမ္မတ ဇယ်လင်စကီး (Bolodomyr Zelensky) ၏အမျိုးကိုချစ်သော ဝါဒဖြစ်သည်။ ၎င်းသည် ဒီမိုကရေစီရေးအတွက် သာမက ယူကရိန်းပြည်သူများအတွက် တိုက်ခိုက်နေရခြင်း ဖြစ်ပါသည်။ ယူကရိန်းယဉ်ကျေးမှု၊ အမျိုးသားရေး၊ ကိုးကွယ်သည့် ဘာသာဝါဒ၊ ပြောဆိုသည့် ဘာသာစကားအားလုံး အတွက် တိုက်ခိုက်ရခြင်းဖြစ်ပါသည်။ ဤစစ်၏ လက္ခဏာ ပြယုဂ်မှာ ယူကရိန်းအလံ ဖြစ်ပြီး ယူကရိန်းတို့၏ အမျိုးကို ချစ်ခြင်း၏ ပြယုဂ်ဖြစ်ပါသည်။

( ၂ )

လောက၌ လစ်ဘရယ်လစ်ဇင်နှင့် မျိုးချစ်ဝါဒကိုမတူကွဲပြားသည်ဟု ယူဆသူ မြောက်များစွာရှိပါ သည်။ လစ်ဘရယ်လစ်ဇင်သည် ခေတ်မီသည် တိုးတတ်သည်ဟု ယူဆမှုများရှိပါသည်။ ၎င်းသည် မိမိဖါ သာ လွတ်လပ်စွာရွေးချယ်နိုင်မှု ဖြစ်ပြီးအမျိုးမျိုးကွဲပြားကာ လူတစ်ဦးချင်းဆီအတွက် မိမိယုံကြည်ချင်သည် များကို ယုံကြည်ခြင်းပင်ဖြစ်သည်။ မျိုးချစ်ဝါဒသည်များစွာအခြေခံကျပြီး မိမိအုပ်စုသာပါဝင်သော၊ နိုင်ငံခြား သားများကို ရွှံ့မုန်းသော အယူအဆမျိုးဖြစ်ပါသည်။

ခေတ်သစ် လူ့ဘောင်အဖွဲ့အစည်းအနေဖြင့် မိမိ၏အမျိုးကိုသာချစ်သော စိတ်ဓာတ်ကို လျှော့ချပြီး လောကရှိ လူတိုင်းကို မိမိ၏ညီအစ်ကိုအရင်းသဖွယ် ပြုမူဆက်ဆံရေးကို ပြုစုပျိုးထောင်ရန်ဖြစ်သည်။ ဂျွန် လီနွန် (John Lenon) က “ကမ္ဘာပေါ်မှာ နိုင်ငံဟူ၍ မရှိခဲ့ဘူးဆိုလျှင် ဘယ်သူ့ကိုမှလည်း သတ်စရာ မလိုတော့ပေ။ သေစရာလည်း မရှိ ဘာသာတရားပါ ပျောက်ဆုံးသွားလျှင် ပိုကောင်းသည်” ဟူ၍ သီဆို ညည်းတွားခဲ့ဖူးသည်။

မျိုးချစ်ဝါဒ ပြင်းထန်သူတို့၏လက်တွင် သွေးစွန်းနေသည်မှာ အထင်အရှားဖြစ်သည်။ မျိုးချစ်စိတ်ဟု ဆိုရာတွင် အမျိုးစားအားဖြင့် ၂ မျိုးကို တွေးရလေသည်။ ပထမအမျိုးအစားမှာ လစ်ဘရယ်ဒီမိုကရေစီမဟုတ်သော အမျိုးသားရေးဝါဒကို လက်ကိုင်ပြုသည့် မစ္စတာပူတင်နှင့် ဒေါ်နယ်ထရမ့် တို့၏ဝါဒ ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီကို ဇယ်လင်စကီးတွင် တွေ့ရမည် ဖြစ်သည်။ မျိုးချစ်ဝါဒတွင် ပထမတစ်မျိုးမှာ နောက်ပြန်ကြည့် နေသော နိုင်ငံခြားသားများကို လက်မခံသော အာဏာရှင်ဝါဒ (အော်တိုကရေစီ) ကို အခြေခံသည်။ နောက် အမျိုးအစားမှာ အရှေ့ကိုမျှော်သော၊ အားလုံးပါဝင်နိုင်ပြီး ဥပဒေကိုအခြေခံသော လူနေမှုပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ကြရန်ဖြစ်သည်။ လုပ်ပိုင်ခွင့်ပါဝါများစွာ ရှိသောအာဏာရှင်ကိုဝိုင်းရံသည့် လူနေမှုဝန်းကျင် မဟုတ်ပေ။ ယခုအခါ ပိုမိုထင်ရှားလာသည်မှာ တာရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိုကဲ့သို့သော ဝါဒကို ရှောင်ရှားကြရမည်။

အမျိုးသားရေးဝါဒသည် မိမိတို့၏ပိုင်ဆိုင်မှုများအတွက် ဂုဏ်ယူနေသောစိတ်ဓာတ်ကိုဖြစ်စေပါသည်။ နိုင်ငံတခု ရပ်တည်နေနိုင်ခြင်းမှာ ဤနိုင်ငံသည် မိမိအတွက်သာဖြစ်သည်ဟူသော အယူအဆမဟုတ်ဘဲ မိမိတို့ ဘဝများဖြစ်တည်မှုကို စွဲမြဲစွာယုံကြည်နေကြခြင်း၊ မိမိတို့ဘဝများ၏ယဉ်ကျေးမှု နှင့် မိမိတို့ပိုင်ဆိုင်ရာမြေတို့ကြောင့် ခိုင်မြဲရခြင်း ဖြစ်ပါသည်။ ဤချစ်ခင်မြတ်နိုးမှုသည် ရင်ထဲ အသည်းထဲမှာ စွဲနှစ်နေပြီး ဘာဖြစ်သင့်သည်ဟု ဦးနှောက်က မဆုံးဖြတ်မိ ချထားသော ယုံကြည်မှုပင် ဖြစ်ပါသည်။

မျိုးချစ်ဝါဒသည် လူတို့ကို ယုံကြည်မှုအတွက် အဓိပ္ပာယ်တမျိုးမျိုးကို ဖြစ်စေပါသည်။ ၎င်းတို့သည် ပျက်စီးယိုယွင်းနေသော အတိတ်ကာလကို ဖြစ်စေ၊ မျှော်လင့်ချက်ရောင်ခြည်များနှင့် ဝင်းဝင်းတောက်နေသော အနာဂတ်ကာလကို ဖြစ်စေ၊ ပုံပြင်သဖွယ် ပြောပြကြပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှာ အသက်ရှင် နေထိုင်ပြီး သေသွားကြပါသည်။ သို့သော် နိုင်ငံတော်မှာ ဆက်လက်ချီတက်နေပါသည်။ လူတို့သည် မိမိတို့ ၏ အတွေ့အကြုံ အရည်အချင်းများသည်အရေးကြီးသည်ဟုယူဆကြပါသည်။ ၎င်းတို့နှင့် ပါတ်သတ်၍ မဆုံး နိုင်သော ပုံပြင်များကို ပြောပြကြပါသည်။ လွှတ်လပ်မှုဆိုသည်မှာ မိမိတို့ တန်ဖိုးထားသော ဘဝများ၏ ပြင်ပတွင် ဘာမှတန်ဖိုးထိုက်တန်မှုမရှိပါ။ လူသည် မိမိတို့ယဉ်ကျေးမှုနှင့် မိမိဘဝအတွက် လိုအပ်ချက်များ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်နှင့် ဘဝတစ်လျှောက်လုံးလုပ်ရန် ရည်ရွယ်ချက်များ မိမိတို့၏မိသားစုကို အဆင်ပြေပြေနေ နိုင်စေရန် လုပ်ဆောင်ချက်များ မပါဝင်ပါက လူတို့၏ လွတ်လပ်မှုမှာ တန်ဖိုးရှိမည်မဟုတ်ပါ။ 

ဒီမိုကရေစီမိမိ၏ရန်သူကို ကာကွယ်ရန်အတွက် မျိုးချစ်ဝါဒသည် လိုအပ်ပါသည်။ လူတို့ကိုအတူတကွ ယှဉ်တွဲနေထိုင်ရန်အတွက် မျိုးချစ်စိတ်ဓာတ်သည် လိုအပ်ပါသည်။ အရေးကြီးသည်မှာ လူတို့ကို စုစည်းထားသော မိမိယဉ်ကျေးမှုကို ချစ်မြတ်နိုးခြင်း ဆိုသည့်(Cultural Patriotism) အား ကပေးသည့် အတွင်းဆွဲအားတခု လိုအပ်ပါသည်။ လူအမျိုးမျိုး ကွဲပြားနေသောကြောင့် (Diversity)  လူအုပ်စု ပြိုကွဲသွားခြင်းကို ကာကွယ်ရန် ဤဆွဲအားလိုအပ်ပါသည်။

နောက်ဆုံးပြောရလျှင် ဒီမိုကရေစီအတွက် ဤကဲ့သို့သော မျိုးချစ်စိတ်ဓာတ်သည် နိုင်ငံတခုကိုစုစည်းထားနိုင်ရန်အတွက် လိုအပ်ပါသည်။ လစ်ဘရယ်မျိုးချစ်ဝါဒသည် ဖြစ်ပျက်ခဲ့ပြီးသောအတိတ်ကာလကို စွဲလမ်းမနေဘဲ အနားဂတ်အတွက်ခေတ်နှင့်အညီ တွေးခေါ်နိုင်ရေးလူ့အဖွဲ့အစည်းကို စိတ်သစ်လူသစ်နှင့် ဖွဲ့စည်းနိုင်ရေးတို့သည် အရေးကြီးပါသည်။

လွန်ခဲ့သော  ၁၀ နှစ်ကာလအတွင်းက ဤသို့သော အမျိုးသားရေးဝါဒသည် ပညာတတ် လူတန်းစားအတွင်းတွင်  တဝဲလည်လည်ဖြစ်နေသော သဘောရှိပါသည်။ အမေရိကန်နိုင်ငံတွင် အမေရိကန်နိုင်ငံအလံအစား ယူကရိန်းအလံကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ခြင်းဖြင့် ခေတ်မီသည်ဟုယူဆသည့် လူတန်းစား ရှိပါသည်။ ပထမဆုံး တက်လာသည့် ပြဿနာမှာ ထိုပညာတတ် လူတန်းစားနှင့် နိုင်ငံကို ချစ်သော တကယ့်မျိုးချစ်တို့အကြား ရင်ကြားမစေ့ ယူနိုင်သော ကွဲပြားမှု ဖြစ်သည်။

ဒုတိယပြဿနာမှာ လစ်ဘရယ်လစ်ဇင်ကို ကမ္ဘာ့လုပ်သားရေးနှင့် ပေါင်းစပ်စေခြင်းဖြင့် ထိုလူတန်းစားကို တိုက်ခိုက်မှုများ ရှိလာပါသည်။ ပေါ်ပြူလာဖြစ်သော လူတန်းစား၊ လစ်ဘရယ်ဝါဒကို ဆန့်ကျင်သော လူတန်းစားတို့ ပေါင်းစည်းမိပြီး ကမ္ဘာနှင့်အဝန်း ဒီမိုကရေစီကို တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ တတိယအနေဖြင့် ဤအဖြစ်အပျက်များကြောင့် ထရမ့်ကဲ့သို့သော ခေါင်းဆောင်များ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့က အမေရိကန်တို့ မိမိနိုင်ငံချစ်သည်ကို အကြောင်းပြု၍ စိတ်ဝမ်းကွဲပြားစေခဲ့ကြပါသည်။

လစ်ဘရယ်မျိုးချစ်စိတ်ဓာတ်သည် လစ်ဘရယ်များ ယုံကြည်သည်ကို ယုံကြည်ကြပါသည်။ နိုင်ငံတွင်းမှာ အယူအဆတူသူများ စုစည်းထားပြီး ၎င်းတို့သည် ခိုင်မြဲသောနယ်နိမိတ်များ ရှိရပါမည်။ အမေရိကန်လုပ်သားများသည် အပါးသူတို့ထက် သာလွန်ရမည်ဆိုသော အယူအဆကို လက်ခံပါသည်။ သို့သော် ဒိုင်ဗာစတီကို လက်မခံဘဲ မိမိတို့က အမြဲသာလွန်ရမည်ဟု ယူဆပါက တစ်ချိန်ချိန်တွင် ယဉ်ကျေးမှုကွဲပြားမှုကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နိုင်ပါသည်။့ ထို့ကြောင့် ဟယ်မင်တန် (Alexander Hamilton) နှင့် သီရိုဒို ရုစဗဲ့ တို့ ခေတ်က ရှိနေခဲ့သော အမျိုးချစ်ဝါဒသည် ထရမ့်တို့ခေတ်ရောက်လာပြီး အဓိပ္ပာယ် ယုတ်လျော့ကုန်သည်။

( ၃ )

မည်သို့ဖြစ်စေ ရုရှားတို့၏ ဧရာမစစ်တပ်ကြီးက လေးမိုင်မျှ ရှည်သော တင့်ကားတန်းကြီးဖြင့် ဇယ်လင်စကီ၏ ယူကရိန်းစစ်တပ်ကို အနိုင်မတိုက်ခိုက်နိုင်ခြင်းမှာ ဤမျိုးချစ်စိတ်ဓာတ်ကြောင့်ပင် ဖြစ်ပါသည်။ ဤဖြစ်ရပ်မျိုးမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ ခေတ်မီလက်နက်များဖြင့် ဗုံးတွေကို သွန်ချသကဲ့သို့ ကြဲချနိုင်သော အမေရိကန်စစ်တပ်သည်လည်း ဗီယက်နမ်စစ်တပ်ကို နိုင်အောင်မတိုက်နိုင်ပါ။ ၁၉၇၉ ခုနှစ်က တရုတ်တပ်မတော်သည်လည်း အင်အားအလုံးအရင်း ရှိသော်လည်း ဗီယက်နမ်တို့ကို အနိုင်မတိုက်နိုင်ခဲ့ပါ။

အမျိုးကို ချစ်စိတ်သည် လူတို့ကို ညီညွတ်စေ၍ အလွန်တရာခိုင်ခံ့သော ခုခံအားကိုဖြစ်စေသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: The triumph of Ukarinian idea, By David Brooks , N. Y. Times 7 October 2022.




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar