Breaking News

အောင်သူငြိမ်း - မာ့စ်- အတောမသတ်နိုင်သော စုပြုံမှု အခြေခံမူ (The Principle of Infinite Accumulation)


အောင်သူငြိမ်း - မာ့စ်- အတောမသတ်နိုင်သော စုပြုံမှု အခြေခံမူ (The Principle of Infinite Accumulation)

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 4)

၁၈၆၇ ခုနှစ်တွင် ပုံနှိပ်သည့် မာ့စ်၏ အရင်းကျမ်း (Capital) ပထမတွဲသည် ရီကာဒို၏ အခြေခံမူများ (Principles) ကို ပုံနှိပ်ထုတ်ဝေအပြီး အတိအကျ ရာစုဝက်ကာလတွင် ထွက်ပေါ်လာခဲ့သည်။ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ သိသိသာသာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ မေးခွန်းမှာ လယ်သမားများက တိုးပွားလာသည့် လူဦးရေကို လုံလောက်အောင် ကျွေးမွေးနိုင်ပါ့မလား မဟုတ်တော့။ မြေဈေးနှုန်းများက မိုးထိုးအောင် တက်နေမလား မဟုတ်တော့။ ယင်းအစား စက်မှုအရင်းရှင်စနစ်ကို မည်သို့မည်ပုံ နားလည်ရမည်နည်းဟူ၍ ဖြစ်လာသည်။ ယခုအခါတွင် စက်မှုအရင်းရှင်စနစ်က အပြည့်အဝ ဖူးပွင့်လာခဲ့ပြီ။ 

ယင်းကာလတွင် အထိခိုက်ဆုံးအချက်မှာ စက်မှုလုပ်ငန်းမှ ပစ္စည်းမဲ့များ၏ ကြေကွဲဝမ်းနည်းဖွယ်အဖြစ် ဖြစ်သည်။ စီးပွားရေးက ဖွံ့ဖြိုးလာနေသော်လည်း သို့မဟုတ် တနည်းဆိုရသော် ဤသို့ဖွံ့ဖြိုးနေမှု၏ တစိတ်တပိုင်းအဖြစ် ကျေးလက်မှ မြို့ပြ စက်ရုံ များသို့ ထွက်ချလာခဲ့သော လူအုပ်ကြီးက လူဦးရေတိုးတက်မှုကို ဖြစ်စေသကဲ့သို့၊ စိုက်ပျိုးရေး ထုတ်လုပ်မှုကိုလည်း တိုးတက် လာစေခဲ့သည်။ မြို့ပြ၏ ဆင်ခြေဖုန်းများတွင် ပျံကျကျူးရပ်ကွက်များဖြင့် လူဦးရေထူထပ်စေခဲ့သည်။ လုပ်ငန်းခွင် နေ့တာက ရှည်လျားလှသည်။ လုပ်ခလစာက နည်းလွန်းသည်။ မြို့ပြ၏ ကြေကွဲဖွယ်အဖြစ် အသစ်များ ပေါ်ပေါက်လာသည်။ ပို၍မြင်သာ ပို၍ စိတ်နှလုံးကြေကွဲဖွယ် ဖြစ်ပြီး၊ ယခင်ခေတ်ကာလများက ကျေးလက်ရှိ ကြေကွဲဖွယ်အဖြစ်များထက်စာလျှင် ပို၍ပြင်းထန် ဆိုးရွားသည်။ ဂျာမီနယ်၊ အိုလီဗာတွစ် နှင့် လီ မစ်စာဟာဘဲလ် (Germinal, Oliver Twist, and Les Misérables) စာပေဝတ္ထု တို့တွင် စာရေးသူတို့၏ စိတ်ကူးမှန်းဆချက်မှ မွေးဖွားထွက်ပေါ်လာခြင်း မဟုတ်ပါ။ (၁၈၄၁ ခုနှစ် ပြင်သစ်တွင်) စက်ရုံများ၌ အသက် ၈ နှစ်ထက်ကြီးမှ ကလေးများကို ကလေးလုပ်သားအဖြစ် ခိုင်းစေခွင့်ရှိသည်ဟု ဥပဒေကန့်သတ်ချက်များလည်း မရှိ သေးပါ။ (၁၈၄၂ ခုနှစ် ဗြိတိန်တွင်) မိုင်းတွင်းများ၌ ကလေးများကို ခိုင်းစေရန် ၁၀-နှစ်ဟု သတ်မှတ်ခဲ့သည်။ ဒေါက်တာ ဗဲလာ မေ (Dr. Villermé) ၏ ၁၈၄၀ ခုနှစ် ပြင်သစ်တွင် ပုံနှိပ်ထုတ်ဝေသည့် “စက်ရုံတွင် ခိုင်းစေသည့်လုပ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဇယား” (Tableau de l’état physique et moral des ouvriers employés dans les manufactures) နောက်ပိုင်းမှသာ ၁၈၄၁ ခုနှစ်တွင် ခြားနားသည့် ကလေးသူငယ်ဥပဒေပြဌာန်းသည့် အဖြစ်သို့ ရောက်စေခဲ့ သည်။ ထို့အပြင် ၁၈၄၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည့် ဖရက်ဒရစ် အိန်ဂျယ်စ်၏ “အင်္ဂလန်ရှိ အလုပ်သမားလူတန်းစား၏ အခြေအနေ” (The Condition of the Working Class in England) စာအုပ်တွင်လည်း အလားတူ အငြင်းပွားဖွယ် မရှိသော အခြေအနေကို ဖော်ပြခဲ့သည်။ 4

အမှန်ဆိုရင် ယနေ့ကာလတွင် မိမိတို့ရရှိနိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များအရဆိုလျှင် ၁၉ ရာစု၏ ဒုတိယတဝက်၊ သို့မဟုတ် နောက်ဆုံး ရာစုသက်တမ်း သုံးပုံတပုံတိုင် လုပ်ခလစာ ဝယ်နိုင်စွမ်းမှာ သိသိသာသာ မြင့်မားလာခြင်း မရှိသေးပါ။ ၁၉ ရာစု၏ ပထမဦးဆုံး ၁၀ နှစ်မှ နှစ် ၆၀ တိုင်အောင် အလုပ်သမားများ၏ လုပ်ခလစာမှာ အလွန်အမင်းနိမ့်ကျစွာ တန့်နေ ခဲ့သည်။ ၁၈-ရာစု သို့မဟုတ် ရှေးယခင်ရာစုများနှင့် ယှဉ်လျှင်ပင် အနိမ့်ပိုင်းတွင် ပိုကျသည်၊ ထို့ထက်ပင် ပို၍နည်းနေခဲ့သေး သည်။ ဤသို့ အင်္ဂလန်နှင့် အလားတူ ပြင်သစ်တွင် နာတာရှည် လုပ်ခလစာ တန့်နေမှုသည် တဖက်က ဤကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေမှုနှင့် ယှဉ်ကြည့်လျှင် ထူးခြား၍နေသည်။ အမျိုးသားဝင်ငွေ၏ အချိုး အများစုသည် စက်မှု လုပ်ငန်းအမြတ်ငွေများ၊ မြေငှားခများ၊ အဆောက်အဦငှားရမ်းခများ ဖြစ်နေသည်ကို မိမိတို့ယနေ့ကာလ ရရှိသည့် ဒေတာများ မပြည့်စုံသော်လည်း တွက်ဆကြည့်၍ရသည်။ နှစ်နိုင်ငံလုံးတွင် ၁၉ ရာစု၏ ပထမတဝက်ပိုင်း၌ အမျိုးသားဝင်ငွေတွင် ပါဝင် သည့် ဤအချိုးက သိသိသာသာ မြင့်မား၍နေသည်။ 5 ၁၉ ရာစု၏ နောက်ဆုံးဆယ်စုနှစ်များ ကျမှသာ အနည်းငယ်နိမ့်ကျ သွားသည်။ ဖွံ့ဖြိုးမှုတွင် လုပ်ခဝင်ငွေက တစိတ်တပိုင်း ပါဝင်လာသည်။ 

မိမိတို့ စုဆောင်းမိနိုင်သော ဒေတာများအရ မည်သို့ပင်ဆိုစေ ပထမကမ္ဘာစစ် မတိုင်မီအထိ လူတန်းစားမညီမျှမှုက ဖွဲ့စည်း ထားပုံအရ လျော့နည်းကျဆင်းမှု မရှိသည်ကို ဖော်ပြနေပါသည်။ ၁၈၇၀-၁၉၁၄ အကြား ကာလတွင် မိမိတို့တွေ့ရှိရသမျှမှာ အလွန်အမင်း မြင့်မားသည့်အခြေအနေတွင် လူတန်းစားမညီမျှမှုကို တည်ငြိမ်အောင် အကောင်းဆုံး ထိန်းထားနိုင်ခြင်းသာ ဖြစ်ပါသည်။ အချို့ကဏ္ဍများအရဆိုလျှင် လူတန်းစားမညီမျှမှုက ကြောင်လိမ်လှေခါးသဖွယ် အတော မသတ်နိုင် တက်၍တက်၍ နေပါသည်။ အထူးသဖြင့် ဓနဥစ္စာ တိုး၍တိုး၍ စုပုံမိလာခြင်းက အထင်အရှားပြသနေသည်။ ဤသို့ တိုးတက်လာနေ သည့် လားရာက စစ်ပွဲများမှ စတင်လာသည့် အရေးကြီးသည့် စီးပွားရေး၊ နိုင်ငံရေး အကျပ် အတည်းများသို့ ဦးတည်မဖြစ်ပေါ်ဟု ပြေ၍မရနိုင်အောင် ရှိပါသည်။ သမိုင်းဆိုင်ရာ သုံးသပ်ချက်များ၏ အကူအညီကို ရယူ၍ အနည်းငယ်မြင်သမျှ ဆိုရလျှင် စက်မှုတော်လှန်ရေးကြောင့် လူတန်းစားမညီမျှမှုကို လျှော့ချနိုင်လောက်အောင် စွမ်းအားရှိနေသော်လည်း၊ ဖော်ပြပါ အကျပ် အတည်း ရိုက်ခတ်မှုများ ဖြစ်ရသည်ကို မိမိတို့ မြင်သာလာပြီ ဖြစ်သည်။ 

မည်သို့ဆိုစေ၊ ၁၈၄၀ ခုနှစ်များတွင် အရင်းအနှီးများ တိုးပွားလာပြီး စက်မှုလုပ်ငန်းမှ အမြတ်ငွေ ကြီးထွားလာသည်။ လုပ်အား မှရသည့် ဝင်ငွေမှာမူ မတိုးတက် တန့်၍နေသည်။ ဤကာလ နေ့ရက်များအတွက် စုပေါင်းသိမ်းကြုံးဖော်ပြသည့် အမျိုးသား စရင်းအင်းများ ယခုတိုင်မရှိသော်လည်း ဤအချက်က လူတိုင်းအတွက် ထင်ရှားပါသည်။ ဤအခြေအနေအောက်တွင် ပထမ ဦးဆုံး ကွန်မြူနစ်နှင့် ဆိုရှယ်လစ် လှုပ်ရှားမှုများ ကြီးထွားလာခြင်း ဖြစ်သည်။ ယင်းအတွက် ဆွေးနွေးငြင်းခုန်ချက်မှာ ရိုးရှင်း လှပါသည်။ စက်မှု ဖွံ့ဖြိုးမှု၏ ကောင်းကွက်များမှာ အဘယ်နည်း။ နည်းပညာ တီထွင်ဖန်တီးမှုများ၊ အားသွန် ခွန်စိုက် အလုပ်လုပ်ကိုင်နေရမှုများ၊ လူဦးရေ ရွေ့လျားမှုများ အားလုံး၏ ကောင်းကွက်များမှာ အဘယ်နည်း။ စက်မှုဖွံ့ဖြိုးမှု ရာစုနှစ်တဝက် ကျော်ကြာ ဖြစ်ပေါ်ခဲ့သော်လည်း လူထုများ၏ အခြေအနေမှာ ဝမ်းနည်းကြေကွဲစရာပင် ယခင်အတိုင်း ရှိနေသေးပြီး၊ ဥပဒေပြု နိုင်ငံရေးသမားများ လုပ်ဆောင်နိုင်သမျှမှာ အသက် ၈ နှစ်အောက် ကလေးများကို စက်ရုံတွင် အလုပ်မလုပ်စေရန် တားမြစ် ခြင်းမျှသာ ရှိပါသည်။ တည်ရှိနေသည့် စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ ချွတ်ခြုံကျမှုမှာ ထင်ရှားနေသည်။ သို့အတွက်ကြောင့် လူထုများက တဖြည်းဖြည်ချင်း ဖြစ်ပေါ်တိုးတက်နေမှုအပေါ် မေးခွန်းထုတ်လာကြသည်။ ဤအခြေအနေဆိုလျှင် ဘာပြောနိုင်တော့မည်နည်း။ 

ဤအချက်အပေါ် မာ့စ်ကိုယ်၌က သူ့အတွက် လုပ်ငန်းတာဝန် သတ်မှတ်ခဲ့သည်။ ၁၈၄၈ ခုနှစ် “နိုင်ငံများ၏ နွေဦး” (spring of nations) တွင် (ဥရောပတွင် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သော နွေဦးကို ဆိုလိုခြင်းဖြစ်သည်) သူက “ကွန်မြူနစ်ကြေညာ စာတမ်း” (The Communist Manifesto) ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ တိုတောင်း၍ ထိမိသော စာသားများဖြင့် ပထမဦးဆုံး အခန်းတွင် နာမည်ကျော်စာပိုဒ်ဖြင့် စတင်ခဲ့သည်။ “တစ္ဆေကြီးတကောင်သည် ဥရောပ တိုက်တွင် လှည့်လည်သွားလာနေ သည်၊ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏” ဟု အစချီခဲ့သည်။ 6 သူ၏စာတမ်းကို အလားတူ နာမည်ကျော် တော်လှန် ရေးနမိတ်ဖတ်ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။ “ထို့ကြောင့် ခေတ်သစ်စက်မှုလုပ်ငန်း ဖြစ်ပေါ်တိုးပွားလာမှုက ဓနရှင် လူတန်းစား ၏ အထွက်ပစ္စည်းများ ထုတ်လုပ်ရာ အပိုင်စီးရာ အရင်းအမြစ်ကို ချိုးဖျက်ပစ်လိုက်သည်။ ထို့ကြောင့် ဓနရှင်လူတန်းစားသည် ဦးစွာအားဖြင့် မိမိ၏သင်္ချိုင်းကို တူးသူများကို ထုတ်လုပ်လိုက်သည်။ ဓနရှင်လူတန်းစား၏ ကျဆုံးမှုနှင့် ပစ္စည်းမဲ့လူတန်းစား ၏  အောင်ပွဲသည် ထပ်တူထပ်မျှ မရှောင်လွှဲနိုင်တော့ပေ”။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar