Breaking News

ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်းရဲ့ နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်း


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၂


ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်းရဲ့ နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်း

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကို နံနက်ပိုင်းရောက်တဲ့အခါ တွေ့ရမယ့်မြင်ကွင်းကတော့ ခရီးဆောင်သေတ္တာ အိတ်တွေနဲ့ လူငယ်အရွယ်တွေ အများအပြား ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ခွာကြတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းက ဒါ မလေးရှား၊ တောင်ကိုးရီးယား၊ အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ခန့်မှန်းမိစေပါတယ်။ လူငယ်တွေကို လာပို့ဆောင်ကြတဲ့ မိသားစုဝင်တွေ၊ မိဘတွေ၊ မောင်နှမတွေ အများအပြားလည်း လေဆိပ်အဆောက်အဦ ပြင်ပမှာ အလုပ်သွားလုပ်မယ့်သူတွေနဲ့ အတူတွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ လေဆိပ်အဆောက်အဦထဲကို ခရီးသွားမယ့်သူက လွဲရင် လိုက်ပို့သူ ကြိုသူတွေကို ဝင်ခွင့်မပေးတော့တာကြောင့် ပြည်ပမှာ အလုပ်လုပ်ဖို့သွားမယ့်သူတွေ လေဆိပ်အဆောက်အဦ အဝင်မှန်တံခါး အပြင်ဘက်မှာ မိသားစုတွေနဲ့ နှုတ်ဆက်နေတာ၊ အတူအမှတ်တရ ဖုန်းနဲ့ ဓာတ်ပုံရိုက်နေကြတာ မိဘတွေက သားသမီးတွေကို မှာကြား နှုတ်ဆက်နေတဲ့ မြင်ကွင်းကို မြင်တွေ့ရတဲ့အခါ မြန်မာနိုင်ငံရဲ့ ဒီနေ့အခြေအနေကို ထင်ဟပ်နားလည်စေနိုင်ပါတယ်။ 

ရန်ကုန်မြို့ရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးမှာလည်း နေ့စဥ် ထောင်နဲ့ချီတဲ့ လူအုပ်ကြီးတွေ တန်းစီကြ၊ နိုင်ငံကူးလက်မှတ်ထုတ်ကြသလိုပဲ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာလည်း နံနက်တိုင်း ရာနဲ့ချီတဲ့ လူငယ်တွေ ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ဘေးက ကမ္ဘာ့အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့ပြီးနောက် ထပ်ပြီးကံဆိုးစွာပဲ နိုင်ငံရေးအကျပ်အတည်း ဖြစ်တဲ့ စစ်အာဏာသိမ်းမှုကြုံတွေ့လိုက်ရတဲ့နောက် တနှစ်ကျော်အကြာမှာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်မှု မရှိသလောက်နည်းပါးသွားပြီး ရှိပြီးသား ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေတောင် စီးပွားရေးအခွင့်အလမ်းအရရော ဂုဏ်သိက္ခာအရပါ ကျဆင်းလာနေတာကြောင့် တခုပြီးတခု လုပ်ငန်းတွေကို ရောင်းချပြီးထွက်ခွာခဲ့ကြတာကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက သိသာစွာကျဆင်းနေတာ ဖြစ်ပါတယ်။ 

အလုပ်အကိုင်အခွင့်အလမ်းကျဆင်းနေချိန်မှာ ငွေကြေးဖောင်းပွမှုက မကြုံဖူးတဲ့အရှိန်အဟုန်နဲ့ မြင့်တက်လာတာကြောင့် လူနေမှုစရိတ်တွေ ကြီးမြင့်လာပြီး တက်လာတဲ့ ကုန်စျေးနှုန်းဒီရေအောက်မှာ မြင့်တက်မလာတဲ့ လက်ရှိဝင်ငွေက လိုက်မမီဘဲ အသက်ရှူမရလောက်အောင် နစ်မြုပ်နေကြရတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။ ဒီအခြေအနေက ထွက်ပေါက်တခုကတော့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားပြည်ထောင်စုနိုင်ငံ တို့လိုနိုင်ငံတွေကို လေကြောင်းကတဆင့် သွားရောက်ကြပြီး စားသောက်ဆိုင် နဲ့ စက်ရုံတို့လို အခြေခံလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ထဲ ဝင်လိုက်တဲ့အခါ မလေးရှား ကွာလာလမ်ပူကို သွားမယ့် လေယာဥ်လိုင်းနဲ့ တောင်ကိုးရီးယားကို သွားမယ့် လေယာဥ်လိုင်း check in တွေမှာ ခရီးဆောင်သေတ္တာ အထုပ်တွေအပိုးတွေနဲ့ လူတန်းရှည်ကြီး တန်းစီထားကြတာတွေ့ရတာ ဖြစ်ပါတယ်။ 

လူငယ် အရွယ်တွေ ၄ ယောက်တစု၊ ၅ ယောက်တစု အချို့က ဒီထက်များတဲ့ အစုအဖွဲ့လိုက် လေဆိပ်ထဲ မြင်တွေ့နေရပြီး ရန်ကုန်မြို့တင်မကပဲ အနယ်နယ် အရပ်ရပ်က လာတဲ့လူငယ်တွေ လို့အသွင်အပြင်နဲ့ စကားပြောသံ လေယူလေသိမ်းကို နားထောင်ရင် သိနိုင်ပါတယ်။ 

တိုင်းပြည်က ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ အနေအထားကနေ လူငယ်တွေအဖို့ အလုပ်အကိုင်ရဖို့ ပိုခက်ခဲလာနေပြီး ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ဥပဒေစိုးမိုးမှု လျင်မြန်စွာ ကျဆင်းပျက်စီးလာနေတာတွေကြောင့် ပြည်ပမှာ အလုပ်သွားရောက်လုပ်ဖို့သာ စိတ်အားသန်နေကြပြီး ရှိတဲ့အခြေ ပိုင်ဆိုင်မှုတွေကို ထုခွဲကာ ကုန်ကျစရိတ်နဲ့ လမ်းစရိတ်အဖြစ် စိုက်ထုတ်ကာ သွားရောက်စေကြတဲ့ အနေအထား လမ်းကြောင်းမျိုး ဖြစ်လာနေတာပါ။ 

စစ်အာဏာသိမ်းမှု မဖြစ်ခင် နှစ်တွေတုန်းက စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်စပ်ပြီး ပြည်ပ ကုမ္ပဏီတွေက ဝန်ထမ်းတွေ၊ နိုင်ငံတကာအကူအညီ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ကြသူ၊  ပြည်ပအလည်အပတ် လာရောက်သူ၊ ပြည်တွင်းက ပြည်ပအလည်အပတ် သွားရောက်ကြသူ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ပြည်ပကို အစည်းအဝေး လေ့လာရေးခရီး စတဲ့ သူတွေနဲ့ ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ထွက်ခွာသူတွေ ရောနှောတွေ့ရလေ့ရှိခဲ့ပေမယ့် အခုအခါမှာတော့ အလုပ်သွားလုပ်မယ့်သူတွေက ၈၀ ရာနှုန်း၊ ၉၀ ရာနှုန်းလောက် တွေ့လာရတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေ မတည်ငြိမ်မှုတွေ စီးပွားရေးအကျပ်အတည်းတွေနဲ့ မြန်မာနိုင်ငံဟာ မိမိနိုင်ငံထဲက လူထုကို မနေနိုင်အောင် ခါထုတ်နေတဲ့ နိုင်ငံတနိုင်ငံအလား ခံစားမိစေပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေထဲမှာလည်း လူကုန်ကူးခံရတဲ့ ကိစ္စရပ်မျိုးတွေ ကြားသိလာနေရပြီး အုပ်ချုပ်တဲ့ အစိုးရ မကောင်းတဲ့အခါ မနေသင့်တဲ့အရပ် မနေအပ်တဲ့ အရပ်ဒေသတခုလို တစတစ ဖြစ်လာနေတာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar