Breaking News

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီအကြား အလွတ်သဘော အပစ်ရပ်စဲ

မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၂၆ မြင်ကွင်း

မိုးမခ - နိုဝင်ဘာ ၂၇၊ ၂၀၂၂


ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီအကြား အလွတ်သဘော အပစ်ရပ်စဲ

AA နဲ့  စစ်ကောင်စီတပ်အကြား ယခုနှစ် သြဂုတ်လက စလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာရာက ၄ လအကြာမှာ အပစ်ရပ်သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် အဖွဲ့အစည်းတွေက အပစ်ရပ် သဘောတူညီမှုရတာကို အတည်ပြုကြပြီး စစ်ကောင်စီဘက်ကတော့ ဘာကြောင့် အပစ်ရပ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြောဆိုခြင်းမရှိပါဘူး။ 

AA ဘက်ကတော့ လူသားချင်းစာနာမှု အခြေအနေ လိုအပ်ချက်တွေကြောင့်လို့ ပြောဆိုထားတာ သတင်းတွေထဲ ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်လာကတည်းက ရခိုင်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင် ရသေ့တောင်နဲ့ ချင်းပြည်နယ်ထဲ ပါဝင်တဲ့ ပလက်ဝတို့လို့ ဒေသတွေကို စစ်ကောင်စီဘက်က ကုန်ပစ္စည်းတွေ သယ်ယူတာ သွားလာတာတွေပါ ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး လနဲ့ချီကြာလာတဲ့အခါမှာ အဲဒီဒေသတွေမှာ ရိက္ခာတွေ စျေးနှုန်းကြီးမြင့်လာတာ ဆေးဝါး၊ စက်သုံးဆီတွေ ဝယ်ယူဖို့ ခက်ခဲလာတာ၊ ပြည်သူ့ဆေးရုံတွေမှာတောင် ဆေးဝါးလုံလောက်မှုမရှိတော့လို့ အရေးပေါ် အခြေအနေမှလွဲပြီး ကုသမှုမပေးနိုင်တဲ့အကြောင်း အသိပေးထုတ်ပြန်ထားရတဲ့ အခြေအနေထိ ရောက်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေ AA အဖွဲ့ဝင်လို့ စွပ်စွဲခံရတဲ့ အရပ်သားတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ၊ တဖန် စစ်ကောင်စီဘက်ကို သတင်းပေးတာ အားပေးတာ၊ ပံ့ပိုးတာလို့ စွပ်စွဲခံရတဲ့ သူတွေလည်း AAဘက်က ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်သိမ်းရာက နေ စတင်ဖြစ်ပွားလာတာဖြစ်ပြီး မိုင်တိုင် ၄၀ နယ်ခြားစောင့်စခန်းလိုမျိုးကို AA က သိမ်းယူခဲ့တဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး AAအနေနဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားမှာ ခြေကုပ်နယ်မြေ ထူထောင်ဖို့ ရည်မှန်းချက်ရှိခဲ့တာလားလို့ အကဲခတ်သူတွေက ယူဆခဲ့ကြတာလည်း ဖြစ်ပါတယ်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့လည်း ဖြေရှင်းရာမှာ AAအနေနဲ့ ပါဝင်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ပြီး AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့ အရေးတင်မက နိုင်ငံတကာက အာရုံစိုက်တဲ့ ရိုဟင်ဂျာအရေးမှာပါ အဓိကကျတဲ့အခန်းက ပါဝင်ဖို့ ရည်မှန်းထားခဲ့ပြီး နိုင်ငံရေးအရ အဓိကဇာတ်ကောင် တနေရာက ပါဝင်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ 

AAအနေနဲ့ သတင်းစာရှင်းလင်းပွဲ နဲ့ အင်တာဗျူးတချို့မှာ အခုတကြိမ် ပြန်ဖြစ်လာတဲ့ တိုက်ပွဲဟာ ၄င်းတို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ကွန်ဖက်ဒရိတ် ရသည်အထိ အရှိန်မြှင့်တိုက်ခိုက်ရမယ့် တိုက်ပွဲလို့ ရည်ညွှန်းပြောဆိုခဲ့တာလည်းတွေ့ရပါတယ်။ အခု ၄ လအကြာမှာ အပစ်ရပ်သဘောတူညီလိုက်ချိန်မှာ အထက်က ရည်မှန်းချက်တွေကိုတော့ မရောက်ရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

ဒါကတော့ AA ဘက်က ရည်မှန်းချက်တွေ ပြောဆိုထားချက်တွေ ဖြစ်ပြီး တဖက်မှာ စစ်ကောင်စီဘက်က ဘာကြောင့် အပစ်ရပ်ဖို့ သဘောတူခဲ့တာလဲ ဆိုတာလည်း မေးခွန်းတွေ ရှိလိမ့်မှာ ဖြစ်ပါတယ်။

 ၂၀၂၀ ရွေးကောက်ပွဲ မစတင်မီကာလလောက်ကတည်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အရှိန်လျော့ကျခဲ့ရာက ရွေးကောက်ပွဲအပြီးမှာ လုံးဝရပ်တန့်သွားတဲ့အထိ AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ရပ်နားခဲ့ပြီး မကြာခင်မှာ ဂျပန်ဆာဆာကာဝါဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့အတူ သဘောတူညီမှု ရှိခဲ့ပြီး စစ်အာဏာမသိမ်းမီကတည်းက စစ်တပ်ဘက်က AA နဲ့တိုက်ပွဲတွေကို ရပ်ဆိုင်းထားခဲ့ပြီး စစ်အာဏာသိမ်းအပြီးမှာတော့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကိုပါ ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ 

ပြည်မမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအာဏာ ထိန်းချုပ်ရေး ၊ ပြည်မမှာ အသစ်ထွက်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ မြို့တွေမှာ ပေါ်ပေါက်လာတဲ့ မြို့ပြပြောက်ကျားတွေကို နှိမ်နှင်းရေး ၊ လက်နက်ကိုင် တိုက်ခိုက်မှု နယ်မြေအသစ်တွေ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတို့မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အာရုံစိုက်နိုင်ရေးအတွက် ရခိုင်စစ်မျက်နှာကို အပစ်ရပ်ထားတာလို့ အားလုံးက နားလည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီကာလတွေမှာ AA နဲ့ စစ်ကောင်စီအကြားဆက်ဆံရေး လမ်းကြောင်းတွေရှိနေခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အေအေ တပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့တဲ့အထိ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီးနောက် AA ဘက်က အရပ်ဘက် အုပ်ချုပ်ရေး ၊ တရားစီရင်ရေးတွေကို တစတစဖေါ်ဆောင်လာရာက စစ်ကောင်စီဘက်နဲ့ တင်းမာမှုတွေ ပြန်ဖြစ်လာတာလို့ ယူဆစရာရှိပါတယ်။ AA အနေနဲ့ နောက်ကွယ်ကနေ အုပ်ချုပ်နေတဲ့ Shadow Government သဖွယ် လုပ်ဆောင်လာတာကို စစ်ကောင်စီက ဟန့်တားရာကနေ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်စတင်လာတာလို့ ကောက်ချက် ချကောင်းချနိုင်ပါတယ်။ 

ဒီလို အခြေအနေကနေ စစ်ကောင်စီအနေနဲ့ ဘာကြောင့် အခုလို အပစ်ရပ်စဲဖို့ သဘောတူခဲ့တာလဲလို့ ဆိုရင် AA အဖွဲ့ဟာ ပြည်နယ်ရဲ့ ကွန်ဖက်ဒရေးရှင်း ရည်မှန်းချက်နဲ့ လက်နက်ကိုင် တိုက်နေတဲ့အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အချို့သော ဒေသက လက်နက်ကိုင်အဖွဲ့တွေကတော့ ပြည်မရဲ့ နိုင်ငံရေးအာဏာကို ဖြုတ်ချဖို့ တနည်းအားဖြင့် တနိုင်ငံလုံးကို လွှမ်းခြုံထားတဲ့ ဗဟိုအာဏာကို ရည်မှန်းချက်ထားတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်လို့ ဘယ်ရန်သူက ပထမဦးစားပေး တိုက်ရမလဲဆိုတာကို စစ်ရေးအမြင်အရ လက်တွေ့ကျကျ ရွေးချယ်လိုက်တာလို့ ကောက်ချက်ချရပါတယ်။ 

အန်ယူဂျီကို လက်ခံကူညီနေတဲ့ ကေအန်ယူ အဖွဲ့လို စစ်ကိုင်းတိုင်း အထက်ပိုင်းကို လက်နက်နဲ့ စစ်ရေး ဦးဆောင်မှု အကူအညီတွေပေးနေတဲ့ ကေအိုင်အေ လိုမျိုးကို အဓိကထား တိုက်ခိုက်ဖို့ တဖက်စစ်မျက်နှာကို အပစ်ရပ်လိုက်တာလို့ လက်ရှိ အနေအထားအရ ကောက်ချက်ချမယ်ဆိုရင် မှားမယ် မထင်ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar