Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၅ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၅ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၂


စီးပွားပျက်ကပ်ကြီးကို မည်သို့တုံ့ပြန်ခဲ့သနည်း - ၃

ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများနှင့် အထူးသဖြင့် ယူရိုငွေကြေးဇုန် အဖွဲ့ဝင်များက ကမ္ဘာ့စီးပွားပျက်ကပ်အတွက် အောက်ပါနည်းနာများဖြင့် တုံ့ပြန်ခဲ့ကြသည်။ ဘဏ္ဍာရေးအရ လှုံ့ဆော်မှု ကနဦးကာလနောက်ပိုင်းတွင်၊ ယူရိုငွေကြေးဇုန်ရှိ နိုင်ငံများ နှင့် အခြားသော EU အဖွဲ့ဝင်နိုင်ငံများ (ဥပမာ-ယူကေ) တို့က စီးပွားရေးအရ ဖွဲ့စည်းပုံပြုပြင် ပြောင်းလဲမှုများ (structural reform measures) စတင် ဆောင်ရွက်ခဲ့ကြသည်။ 

ဥရောပတွင် မလုံလောက်မှုနှင့်အတူ ပေါင်းစပ်၍ ယူရိုငွေကြေး အကျပ်အတည်းက ပို၍ နက်ရှိုင်းလာခဲ့သည်။ ယူရိုငွေကြေးဇုန်မှာ အထူးသဖြင့် ပြဿနာတက်ရသည့် ထင်ရှားသော အကြောင်းအချက်တရပ်မှာ စီးပွားရေးစနစ်များက မတူခြားနား ထွေပြားစွာ ရှိနေကြပြီး၊ ဂျာမဏီနှင့် အီတလီတို့က တခုတည်းသော ငွေကြေး စည်းမျဉ်းအောက်တွင် ထားရှိကြသည်။ 

(One monetary set of rules) အိုင်ချင်ဂရင်း လေ့လာတွေ့ရှိသကဲ့သို့ပင်  သင့်လျော်သော သင်ခန်းစာများ မထုတ်ယူနိုင်ခဲ့ကြခြင်းသည် တခုတည်းသော အကြီးမားဆုံး မှားယွင်းမှုဖြစ်တော့သည်။ ယင်းမှာ… “ယူရိုငွေကြေးအဖြစ် လက်ခံကျင့်သုံးခဲ့ကြခြင်းပင် ဖြစ်သည်။ 

၁၉၂၀ ပြည့်နှစ်များနှင့် ၁၉၃၀ ပြည့်နှစ်များ၏ အတွေအကြုံများအရ ဖော်ပြနေသည်မှာ မတူခြားနားသည့် နိုင်ငံအစု၏ ငွေကြေးများကို တခုတည်းသော ငွေကြေးမူဝါဒအဖြစ် ပေါင်းစု လိုက်သည်ထက်စာလျှင် မည်သည့် ပိုကြီးသော အန္တရာယ် ရှိပါဦးမည်နည်း။ စစ်အတွင်းကာလ ရွှေနှင့်စက်၍ စံနှုန်းသတ်မှတ် ခဲ့သည့် အတွေ့အကြုံများအရ အတိုးနှုန်းနည်းသည့် နိုင်ငံများမှ ငွေကြေးများက အတိုးနှုန်းမြင့်မားသည့် နိုင်ငံများထံသို့ အစုအပြုံအလိုက် စီးထွက်သွားစေသည့် အချက်နှင့် ယင်းသို့စီးဆင်းနေမှု ရပ်တန့်သွားသည့်အခါ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရသည့် အချက်က မီးမောင်းထိုးပြနေပါသည်။ ဤအချက်က မီးမောင်းထိုးပြနေသည်မှာ တုံ့ပြန်မှု အဖြစ် တင်းကျပ်ချုပ်တည်းမှုတခုသာ နည်းလမ်းရှိနေသည့်အခါ စီးပွားရေးအရ နာကျဉ်ခံစားရမှုများ နှင့် နိုင်ငံရေးမတည်ငြိမ် မှုများ ရလဒ်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ယင်းသမိုင်း ကြောင်းက ဥရောပခေါင်းဆောင်များအဖို့ ယူရိုငွေကြေးအဖြစ် မပေါင်းစည်းကြမီကတည်းက တချက်နား၍ စဉ်းစားကြည့်သင့်ပါသေးသည်။” 

ဘတ်ဂျက်ဘဏ္ဍာရေး ရှုထောင့်အမြင်ဖက်မှ ဆိုလျှင် ဦးစားပေးကိစ္စမှာ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် ဖြစ်သည်။ ငွေ ကြေးဆိုင်ရာ မူဝါဒပိုင်းတွင် ဥရောပဗဟိုဘဏ် (ECB) က အရေးပေါ်ချေးငွေ ခရက်ဒစ် နှစ်ကြိမ်ဖြည့်ဆည်းပေးခဲ့ပြီး ဥရောပ နိုင်ငံများ စီးပွားရေးစနစ်အတွင်းသို့ ယူရိုငွေ ၁၅၆ ဘီလီယံ ဖြည့်ဆည်းခဲ့သည်။ (ECB) က အတိုးနှုန်းကို နှိမ့်၍ဆက်ထားသည်။ ယာယီ ဥရောပငွေကြေးဆိုင်ရာ တည်ငြိမ်မှု ဆောင်ရွက်ချက်များ temporary European Financial Stability Facility (EFSF) နှင့် ဥရောပ ငွေကြေးတည်ငြိမ်မှု လုပ်ငန်းစဉ် European Financial Stability Mechanism (EFSM) ကို ၂၀၁၀ ခုနှစ် တွင် ထူထောင်သည်။ ရည်ရွယ်ချက်မှာ ငွေကြေးအရ အခက်အခဲရှိနေသည့် အဖွဲ့ဝင်နိုင်ငံများအတွက် (များသောအားဖြင့် IMF ချေးငွေများနှင့် အတူ) ချေးငွေများ ကူညီပေးရန် ဖြစ်သည်။ အပြန်အလှန်အားဖြင့် ငွေချေးယူသည့်နိုင်ငံများက သူတို့ငွေကြေး ကို ထိန်းချုပ်နိုင်ရန်အတွက် တင်းကျပ်သည့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ (structural reforms) လုပ်ဆောင်ရန် လိုအပ်သည်။ ဖော်ပြသင့်သည့်အချက်မှာ ဥရောပတွင် ငွေကြေးအကျပ်အတည်း တွေ့နေချိန်၌ အမေရိကန်ဗဟိုဘဏ် (FED) က ဥရောပဘဏ်များတွင် အမေရိကန်ဒေါ်လာ လိုအပ်ချက်များကို ကျော်လွှားနိုင်ရေးအတွက် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ဒရာဂီ (Draghi) က ရေရှည်ငွေကြေးရန်ပုံငွေ ဖြည့်ဆည်းပေးရေးလုပ်ငန်း Long-Term Refinancing Operations (LTROs) ၂ ခု စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပထမတစ်ခု နှင့် ဒုတိယတခု ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဆောင်ရွက်ခဲ့သည်။ ပထမ LTRO လုပ်ငန်းတွင် အတိုးနှုန်း ၁% နှင့် ၃-နှစ်ကြာချေးငွေများ ပါဝင်ပြီး ယူရိုငွေ ၄၈၉ ဘီလီယံ ထောက်ပံ့ပေးခဲ့သည်။ ဒုတိယမြောက် LTRO လုပ်ငန်းတွင် ချေးငွေရရှိနိုင်ရန် လိုအပ်သည့် အပေါင်ပစ္စည်း (collateral) ကို လျှော့ပေါ့ပေးခဲ့သည့်အတွက်ကြောင့် ယူရိုငွေ ၅၂၉.၅ ဘီလီယံကို ထုတ်ချေးပေးနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဥက္ကဋ္ဌ ဒရာဂီ (Draghi) က လန်ဒန်တွင် မှတ်သားဖွယ် မိန့်ခွန်းပြောကြားခဲ့ရာ “ကျနော် တို့ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ ဥရောပဗဟိုဘဏ် (ECB) ယူရိုငွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် လုပ်ဆောင်သင့် တဲ့ ကိစ္စအားလုံးကို ဆောင်ရွက်ခဲ့ပါတယ်။ ကျနော့်ကိုယုံပါ။ ကျနော်တို့ လုံလောက်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဒရာဂီ (Draghi) မိန့်ခွန်းက အပြုသဘော သက်ရောက်မှုရှိပါသည်။ မှတ်ပုံတင်ထားသည့် ဥရောပ အစုရှယ်ရာ စတော့များဈေးနှုန်း တက်လာခဲ့ပြီး ဥရောပတောင်ပိုင်း အစိုးရများ၏ ငွေတိုက်စာချုပ် ဘွန်းများ၏ အတိုးနှုန်းများ လျှော့ကျဆင်းလာခဲ့သည်။ 

ထိလွယ်ခိုက်လွယ် အခြေအနေ ရှိနေသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူရန် ဥရောပဗဟိုဘဏ် (ECB) က ပြင်ဆင်ခဲ့သည်။ ဤဆောင်ရွက်ချက်များကို မကွယ်မဝှက် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ (Outright Monetary Transactions) ဟု သိကြ သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် EFSF နှင့် EFSM လုပ်ငန်း နှစ်ခုစလုံးကို အမြဲတမ်း ဥရောပ တည်ငြိမ်ရေးလုပ်ငန်း စဉ် Permanent European Stability Mechanism (ESM) ဖြင့် အစားထိုးခဲ့သည်။ ယင်းအစီအစဉ်တွင် ငွေချေးပေးနိုင်သည့် စွမ်းရည် ယူရို ၅၀၀ ဘီလီယံ ရှိနေသည်။ ဘဏ်များဆိုင်ရာ အဖွဲ့အစည်း (banking union) တခု မဖန်တီးမီကာလတွင် ဥရောပ ဗဟိုဘဏ် (ECB) ၂၀၁၄ ခုနှစ်တွင် အဓိကကျသည့် ဥရောပဘဏ်များကို ဖိအားခံနိုင်မှု စစ်ဆေးဆောင်ရွက်မှုများ (stress tests) ဆောင်ရွက်ခဲ့သေးသည်။ ယင်းဖိအားဒဏ်ခံ စစ်ဆေးမှုများကို တရားဝင်အားဖြင့် “ပိုင်ဆိုင်မှု အရည်အသွေး သုံးသပ်စစ်ဆေးမှု” (The Asset Quality Review) ဟု ခေါ်ဆိုပြီး၊ ယူရိုငွေကြေးဇုန်ရှိ ဘဏ် ၁၃၀ ကို စစ်ဆေးသုံးသပ်ခဲ့သည်။ စစ်ဆေးခံရသည့် ဘဏ်များအနက်မှ ၂၅ ခု မအောင်မြင် ကျရှုံးခဲ့သည်။ [Footnote: ထိုအချိန်တွင် ဘဏ် ၂၅ ခုအနက် ၁၂ ခုက သူတို့၏ အရင်းအနှီး အထိအခိုက်သက်သာအောင် ကြားခံထားမှုများ (capital buffers) ကို လုံလောက်စွာ  တိုးမြှင့်နိုင်ခဲ့ကြသည်။ ကျန် ၁၃ ဘဏ်မှာမူ သူတို့၏ အရင်းအနှီး ကြားခံမှုကို ရှိနေသည့် ချေးငွေများ၏ ၈ ရာခိုင်နှုန်းတိုင်အောင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ လကုန်တွင်) ထားရှိနိုင်ခဲ့ကြသည်။] ယူရိုငွေကြေးဇုန်ရှိ နိုင်ငံအများစုတွင် ဘတ်ဂျက်လို ငွေပြမှုသည် တန်ဖိုးသတ်မှတ်ချက်အရ ၃ ရာခိုင်နှုန်း သို့မဟုတ် နီးစပ်သည့် အတိုင်းအတာအထိ ကျဆင်းလာသည်။ သို့တိုင်အောင် ယူရိုငွေကြေးဇုန်တွင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၂၀၁၅ ခုနှစ် မေလတွင် လုပ်သားအင်အားစု၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်မားနေဆဲ ဖြစ်သည်။ 

သို့သော် ဂရိနိုင်ငံတွင် (၂၅.၄%) နှင့် စပိန်နိုင်ငံတွင် (၂၂.၇%) အထိ အလုပ်လက်မဲ့ဖြစ်မှု ရာခိုင်နှုန်းက မြင့်မားနေဆဲ ဖြစ်သည်။ ပို၍ဆိုးသည်မှာ ဥရောပတောင်ပိုင်းနိုင်ငံများတွင် အသက် ၁၈-၃၅ နှစ် အကြားအုပ်စုရှိ အလုပ် လက်မဲ့ဖြစ်မှုရာခိုင် နှုန်းမှာ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပြီး ၅၀% အနားတွင် ဝဲ၍နေခဲ့သည်။ [Footnote: မာတင် ဝုဖ် (Martin Wolf) က သူ၏ “အရွေ့နှင့် ရှော့ခ်များ” (The Shifts and the Shocks) တွင် ကိန်းစ်ကို ရည်ညွှန်းဖော်ပြထားရာ၌ ‘ကိန်းစ်က ဘောဂ ဗေဒသီအိုရီများတွင် ဒုတိယရွေးချယ်စရာကိစ္စကို မိတ်ဆင်တင်ပြခဲ့သည်။ 

ရေတိုအတိုးနှုန်း သုညနှင့် ရေရှည်အတိုးနှုန်းများမှာ သူတို့တတ်နိုင်သမျှ နိမ့်ကျနေ ဦးမည့် စီးပွားရေးထိုင်းမှိုင်းနေသည့် အခြေအနေတွင် ထုတ်လုပ်မှုအဆင့် နှင့် ဝင်ငွေကို ထိန်းညှိရန် နည်းလမ်း ဖြစ်သည်။ ယင်းအခြေအနေတွင် ငွေပေါ်လွယ် စေချင်သည့် လိုလားမှုဆန္ဒ “liquidity preference” ပြဿနာကလည်း ရှိနေသည်။ 

ဤအခြေအနေတွင် လူများက ငွေတိုက်စာချုပ် ဘွန်းများထက်စာလျှင် ငွေသားကိုသာ ပို၍ကိုင်ထားလိုကြသည်။ အကြောင်းမှာ ဘွန်းများကိုင်ထားခြင်းအားဖြင့် ပြန်ရလာမည့်အမြတ်မှာ သိပ်နည်းလွန်းပြီး၊ ဘွန်းများ ကိုင်ထားရန် မက်လုံး ဆွဲဆောင်မှု မဖြစ်စေသောကြောင့် ဖြစ်သည် … သူက မှတ်ချက်ပြုသည်မှာ ငွေစုဆောင်းထားမှုများ ပို၍ကိုင်ထားလိုသည့် ဆန္ဒ လက်ငင်း သက်ရောက်မှု ဖြစ်ပေါ်စေပြီး သို့အတွက်ကြောင့် ဝယ်လိုအားနိမ့်ကျမှုကို ဖြစ်ပေါ်စေသည်။ နှေးကွေးသည့် ထုတ်လုပ်မှုနှင့် ဝင်ငွေများကို ဖြစ်စေသည်။’ 

( 2014 ) The Shifts and the Shocks: What We’ve Learned—and Have Still to Learn—from the Financial Crisis. London: Allen Lane, 152.]

ယူရိုငွေကြေးဇုန်ရှိ နိုင်ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှု ပြန်၍ ရလာခဲ့သည်။ ၂၀၁၅ ခုနှစ်အတွက် စီးပွားဖွံ့ဖြိုးမှု ခန့်မှန်းချက်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ဥရောပဗဟိုဘဏ် (ECB) က ငွေကြေးဖောင်းပွမှု ပစ်မှတ်ကို ၂ ရာခိုင်နှုန်း ထားရှိသော်လည်း၊ အစစ်အမှန် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ပို၍ နိမ့်သည်။ (ယင်းမှာ ကြီးထွားလာနိုင်သည့် လက္ခဏာများလည်း တွေ့ရှိနေရသည်) ငွေကြေးကျုံ့ခြင်း၏ ရှေ့ပြေးနိမိတ်များ ရှိနေဆဲကြောင့် ဥရောပဗဟိုဘဏ် (ECB) က အတိုင်းအဆကြီးမားသည့် (quantitative-easing) အစီအစဉ်များ စတင်ဆောင်ရွက်ခဲ့ရသကဲ့သို့၊ ယင်း၏ လုပ်ပိုင်ခွင့်ကိုလည်း ချဲ့ထွင်ခဲ့ရသည်။ ဂျာမဏီနှင့် ဥရောပမြောက်ပိုင်း ယူရို ဇုန်နိုင်ငံများရှိ အချို့သော နိုင်ငံများက ယူရိုငွေကြေးဇုန်ရှိ စီးပွားရေးစနစ်အတွင်းသို့ ယူရိုငွေကြေး ၁ ဒသမ ၁ ထရီလီယံ ဖြည့်ဆည်းမည့်ကိစ္စအပေါ် မလိုလားခဲ့ပေ။ ဤသို့ ငွေဖြည့်ဆည်းမှုကြောင့် “ပူဖောင်းသဖွယ်” ကြီးထွားလာမည်ကို သူတို့က စိုးရိမ်နေကြသည်။ ထိုအခါ အစိုးရများအနေဖြင့် ဖွဲ့စည်းပုံအရ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် လုပ်ဆောင်ရမည့် ဖိအားများ ကို ရှောင်လွှဲစေမည်ဟု ယူဆကြသည်။ 

မှတ်ချက်ပေးသူ အများစုက ဆိုကြသည်မှာ ဘတ်ဂျက်အရ လှုံ့ဆော်မှု လုပ်ငန်းများသည် ငွေကြေးကျုံ့ခြင်း (deflation) ကို ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်ခဲ့ပြီး လိုအပ်နေဆဲလည်း ဖြစ်သည်။ ဤသို့ ငွေကြေးကျုံ့ခြင်းကြောင့် စုပေါင်းဝယ်လိုအား (aggregate demand) လျော့နည်းကျဆင်းခြင်း၊ ပိုနည်းသည့် ရင်းနှီးမြှုပ်နှံမှု နှင့် အလုပ်လက်မဲ့ ဖြစ်ရမှု ပိုများလာခြင်းတို့ ရလဒ်ဖြစ်ပေါ်စေသည်။ လူအများအနေဖြင့် ပို၍စုဆောင်းထားရန် လိုလားနေကြပြီး သို့အတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုကို အလျှံပယ် ဖြစ်စေသည်။



Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar