Breaking News

လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၅ )


လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၅ )

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၂


ဥက္ကဋ္ဌ မော်ရဲ့ ဆက်ဆံမှုကြီး ၁၀ ချက်

ဝူဟန့်ပြန် ဆေးအဖွဲ့က ရှံဟဲပါမောက္ခ ကိုးကားတဲ့ နောက်စာတမ်းတစောင်ကတော့-'မော်ရဲ့ ဆက်ဆံမှုကြီး ၁၀ ချက်' ဆိုတဲ့ ကျမ်းပါ။ အဲဒီကျမ်းကလည်း တရုတ်ကွန်မြူနစ်များအတွက်လက်စွဲစာစောင်ပါပဲ။ မော်က ၁၉၅၆ ခုနှစ်က တိုးချဲ့နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်း။ 

တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်တော်လှန်ရေးနဲ့ တည်ဆောက်ရေးများအတွက် အခြေခံရမယ့် အချက်များ ပါပါတယ်။ မော့်စကားအရ ပြောရရင်— "ဆိုရှယ်လစ် အရေးတော်ပုံကြီးကို အကျိုးပြုရေးအတွက် အတွင်း-အပြင် အချက်အလက်အားလုံးကို စည်းရုံး ဆော်သြ လှုံ့ဆော်ဖို့အတွက်"တဲ့။ ဒါ့အပြင် အဲဒီကာလ ပါတီတွင်းက တချို့ရဲဘော်များရဲ့ ဘာမဆို(အဲဒီအချိန်က) ဆိုဗီယက်ယူနီယံရဲ့လုပ်ငန်းများကို တရားသေ ပုံတူဆွဲယူနေမှုတွေကို ဝေဖန်ထားတာတွေလည်း ပါပါတယ်။ သဘောကတော့ တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရာမှာ ဆိုဗီယက်ပုံစံနဲ့ မတူတဲ့ပုံစံ ရှာရေးကိုရည်ရွယ်တာပါ။

မော်ဟာ နိုင်ငံခြား ဆိုလို့ ဆိုဗီယက်ကိုပဲ ရောက်ဖူးရှာတာ။ ရောက်တုန်းရောက်ခိုက် ရသလောက် လေ့လာပြီး သူတို့တွေရဲ့ အားနည်းချက်တွေကို မိမိတို့က ဘယ်လိုရှောင်ရှားရမယ် ဆိုတာကို ပါတီတွင်းက ခေါင်းဆောင်များကို ပြောဆိုသတိပေးတာပါ။ အဲဒီကာလမှာ တရုတ်နဲ့ ဆိုဗီယက် အတိအလင်း မကွဲသေးပါဘူး။ ဒါပေမဲ့ မုန်တိုင်းအရိပ်အယောင်တွေ စလာနေပါပြီ။ 

မော့်စကားနဲ့ပြောရရင်— "ဆိုဗီယက် ရဲဘော်များကို ကူညီရမယ်"တဲ့။ ဆိုဗီယက်မှာ အာဏာရလာတဲ့ ကရူးရှောဗ် အုပ်စုဟာ စတာလင်ကို သြဇာချဖို့ လုပ်လာချိန်လည်း ဖြစ်ပါတယ်။ မော်က စတာလင်ဟာ အမှား ၃၀ ရာနှုန်းရှိပေမယ့် အမှန် ၇၀ ရာနှုန်းပြုလုပ်ခဲ့တဲ့ ကြီးမြတ်တဲ့ မာက်စ်ဝါဒီတဦးဖြစ်တယ် ဆိုတဲ့ အကဲဖြတ်ချက်နဲ့အတူ တိုင်းပြည်တွေကိုပဲ ကြည့်ကြည့်၊ လူပုဂွိုလ်တွေကိုပဲ ကြည့်ကြည့်၊ ဘက် နှစ်ဘက် အကောင်း အဆိုး ခွဲကြည့်ဖို့လိုကြောင်း ပညာပေးထားတာပါ။ (ဆက်ဆံမှုကြီး ၁၀ ချက်။ ဒသမအချက်ကို ကြည့်ရင် ဒါကို အပြည့်အစုံ နားလည်နိုင်ပါတယ်။)

တရုတ်ပြည်မှာလည်း ပထမ ၅ နှစ်စီမံကိန်း အောင်မြင်ပြီးချိန်၊ ဒုတိယ ၅ နှစ် စီမံကိန်း ရေးဆွဲဖို့ ပြင်ဆင်ချိန်ဖြစ်လို့ရော၊ ပါတီရဲ့ ၈ ကြိမ်မြောက် ကွန်ဂရက်အတွက် ပြင်ဆင်ချိန် ဖြစ်နေလို့ရော၊မော်က နိုင်ငံရေးအစီရင်ခံစာအတွက် ပြင်ဆင်နေရချိန် ဖြစ်ပါတယ်။ 

မော်ဟာ အဲဒီစာတမ်းရေးဖို့ အစိုးရဌာနအသီးသီးက (၃၇-ဌာန ရှိသတဲ့။) တာဝန်ခံရဲဘော်များနဲ့ တွေ့ဆုံမေးမြန်း လေ့လာမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ (မော်ရဲ့ လက်သုံးစကားကိုက 'လေ့လာမှုမရှိရင် စကားပြောခွင့်မရှိ'တဲ့ ။)

အဲဒီကျမ်းကို မော်က ၁၉၅၆ မှာကတည်းက ရေးသားဟောပြောခဲ့ပြီး ပါတီတွင်းလေ့လာရေး စာစောင်အဖြစ် ပါတီတွင်းမှာပဲ ဖြန့်ဝေခဲ့ပါတယ်။ နောင်အနှစ် ၂၀ ကြာပြီးမှ ၁၉၇၆ ဒီဇင်ဘာ (မော် ကွယ်လွန်ပြီးချိန်- ပိုတိတိကျကျ ပြောရရင် တရုတ်ကွန်မြူနစ်ပါတီတွင်း တိုက်ပွဲမှာ လေးယောက်ဂိုဏ်းကို ဖြိုခွဲပြီးမှ) ပြင်ပကို ထုတ်ပြန်ခဲ့တာပါ။

ဒီကျမ်းဟာ စီးပွားရေးတည်ဆောက်မှုကို ဘက်စုံက ဇောင်းပေး ရေးထားတာဖြစ်ပေမယ့် သိပွံ နည်းကျ စဉ်းစားတွေးခေါ်ပုံတွေကို အသေးစိတ်ခွဲခြမ်းပြထားတာဖြစ်တဲ့အတွက် မာက်စ်ဝါဒကို တရုတ်မှု ပြုထားတာလို့လည်း ပြောလို့ရပါတယ်။ မော်ရဲ့ ပြောင်မြောက်လှတဲ့လက်ရာ ကျမ်းတစောင်ပါ။

အဲဒီကာလများက (၁၉၆၀-၇၀ ပြည့်နှစ်များ) တရုတ်ပါတီတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး၊စီးပွားရေးတည်ဆောက်မှုထက် နိုင်ငံရေး လှုပ်ရှားမှုများကို ပိုဦးစားပေးနေရပုံရှိပြီး၊ ယဉ်ကျေးမှုတော်လှန်ရေးကာလများလည်းဖြစ်နေလို့ ဒီစာတမ်း ချောင်ထိုးခံထားရဟန်ရှိပါတယ်။

၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တဲ့ တိန့်ရှောင်ပင်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ စတင် ကျင့်သုံး ဖော်ဆောင်ရာမှာတော့ ဒီမော်ရဲ့စာတမ်းဟာ အလွန်အရေးပါအရာရောက်ခဲ့ပြီး တိန် ကစလို့ အခုနောက် ပိုင်း ပါတီခေါင်းဆောင်အဆက်ဆက် သုံးနေတဲ့ 'တရုတ်ဝိသေသ ထူးခြားချက်နဲ့ တရုတ်ဆိုရှယ်လစ်စနစ်' ဆိုတာရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါတော့တယ်။

အချက်အလက်အချို့ကို ဥပမာအဖြစ် ကြည့်ရအောင်ပါ။

ဒီဆက်ဆံမှုကြီး ၁၀ ချက်ထဲက ပထမအချက်ဖြစ်တဲ့ 'အကြီးစားစက်မှုလက်မှုလုပ်ငန်းများက တဖက်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများက တဖက်ဆက်ဆံရေး' ဆိုတာမှာ အဲဒီလုပ်ငန်းတွေအကြား ဆက်ဆံရေးကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ဖို့အတွက် ရှင်းပြထားတာကို ကြည့်ပါ။

"တိုင်းပြည်တည်ဆောက်ရေးအတွက် အကြီးစားစက်မှုလုပ်ငန်းတွေကို ဦးစားပေးရမယ် ဆိုတာ မှန်ပေမယ့် ပြည်သူတွေအတွက်(အလုပ်သမားများ) စားနပ်ရိက္ခာနဲ့ နေ့စဉ်သုံးပစ္စည်းများ ပြည့်စုံလုံလောက်မှုမရှိရင် ဘယ်လိုလုပ်မလဲ။ မျှတတဲ့ ရင်းနှီးမြုပ်နှံမှုတွေရှိရမယ်"လို့ ဆိုထားပါတယ်။

ဒါဟာ ဘယ်လောက် မှန်သလဲ။

အခု တရုတ်ပြည်ကြီးကို ကြည့်ပါ။

လယ်ယာလုပ်ငန်းတွေမှာ အစိုးရကိုယ်တိုင် ဦးစီးပြီး သုတေသနလုပ်ငန်းများ ဖိဖိစီးစီး လုပ်နိုင်တာကြောင့် အထွက်တိုး မျိုးစပ်စပါးမျိုးတွေ  ပေါ်ထွက်လာပြီး စားနပ်ရိက္ခာလုံလောက်မှုဟာ တရုတ်ပြည်တွင်မက တခြားနိုင်ငံများကိုပါ ကူညီမျှဝေပေးနိုင်နေပါပြီ။

တခါ အသေးစားစက်မှုလုပ်ငန်းတွေမှာလည်း တရုတ်ပြည်ဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုစက်ရုံကြီးလို့တောင် သတ်မှတ်ခံရပြီး တရုတ်ပြည်ထုတ်ကုန်ပစ္စည်းများ (အ၀တ်အစား၊ နေ့စဉ်သုံးပစ္စည်းများ၊ဆေးဝါးများ စသဖြင့်) ဈေးချိုချိုနဲ့ ကမ္ဘာတ၀န်း ပြန့်နေပါပြီ။

ဒါတွေကြောင့် တရုတ်ပြည်ဟာ အကြီးစားလုပ်ငန်းများမှာ ပိုမို ရင်းနှီးမြှုပ်နှံလာနိုင်ပြီး အဆင့်မြင့်စက်ကိရိယာအမျိုးမျိုး၊ ခေတ်မီယာဉ်အမျိုးမျိုး (လျှပ်စစ်မောင်းကား၊ အရှိန်နှုန်းမြင့်ရထားများ၊သင်္ဘောများ၊ လေယာဉ်များ)သာမက အခုအခါ အာကာသနယ်ပယ်မှာတောင် အင်အားကြီးနိုင်ငံ စာရင်းဝင်သွားပါပြီ။

အကြီးစားစက်မှုလုပ်ငန်းကိုပဲ အားစိုက်လုပ်ပြီး လက်နက်ထုတ်လုပ်ရေးအမျိုးမျိုးမှာ ရေကုန် ရေခန်း လုပ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံကြီး (၁၉၉၁) မှာ ပြိုကွဲတော့ တရုတ်ပညာရှင်တချို့က— "ဆိုဗီယက်ကြီး တနေ့ ဒီလိုဖြစ်မှာကို အစောဆုံးမြင်ပြီး အစောဆုံး သတိပေးပြောဆိုခဲ့သူဟာ ဥက္ကဋ္ဌမော်ပါ" လို့ ပြောတာ ကြားလိုက်ရပါတယ်။

အခုလည်း ၂၀ ကြိမ်မြောက်ကွန်ဂရက်က ရှီကျင့်ပင်ရဲ့ အစီရင်ခံစာထဲက ရှေ့လုပ်ငန်းစဉ်များကိုကြည့်မယ်ဆိုရင် "တရုတ်ပြည်ကြီးကို ဘက်စုံက ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံကြီးအဖြစ် တည်ဆောက်လိုရင်- ပထမဆုံးလုပ်ရမယ့် အလုပ်ဟာ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းသစ်ကိုလိုက်ရမယ်။ ထုတ်လုပ်မှုစွမ်းအားတွေကို မြှင့်တင်နိုင်တဲ့ အချက်အလက်တွေကို ဖွံ့ဖြိုးတိုးတက်စေပြီး၊ တရုတ်ပြည်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာနဲ့ ထောက်ပံ့မှုဆိုင်ရာကွင်းဆက်များ ပိုမိုအတိမ်းအစောင်း ခံနိုင်အောင်၊ ပိုလုံခြုံအောင် လုပ်ရမယ်။ မြို့ပြနဲ့ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံပေါင်းစပ်ရေးကို တိုးမြှင့်ပေးရမယ်။ ဒေသအသီးသီးရဲ့ ဖွံဖြိုးတိုးတက်ရေးများ ဟန်ချက်ညီရမယ်။ ဒါမှသာ တရုတ်ပြည်ရဲ့ စီးပွားရေးထုတ်ကုန်များကို ထိရောက်စွာ အဆင့်မြင့်ပေးနိုင်မှာဖြစ်ပြီး သင့်တော်စွာ တိုးချဲ့ပေးနိုင်ပါလိမ့်မယ်"တဲ့။

ဒါ့အပြင် တရုတ်ရဲ့ နောက်ရာပြည့်ရည်မှန်းချက်ဖြစ်တဲ့ ၂၀၄၉ (တရုတ်ပြည်ထူထောင်တာနှစ် ၁၀ဝပြည့်ချိန်) တရုတ်ပြည်ကြီးကို ဆိုရှယ်လစ် ခေတ်မီနိုင်ငံတော်ကြီး ဘက်စုံက ဖြစ်လာရေးနဲ့ပတ်သက်ပြီး ရှီရဲ့ မိန့်ခွန်းမှာ ဒီလိုပြောထားပါတယ်။

"တရုတ်ပြည်ရဲ့ ခေတ်မီတိုးတက်ရေးမှာ နိုင်ငံအားလုံးရဲ့ ခေတ်မီတိုးတက်ရေး ဖြစ်စဉ်များအတွင်းက ဘုံတူညီတဲ့ အချက်အလက်မျာ းပါပေမယ့် တရုတ်ရဲ့ ထူးခြားချက်လက္ခဏာ ပိုဆောင်ပါတယ်။ ဒါတွေကတော့—

၁။ ဧရာမလူထုကြီးရဲ့ ခေတ်မီတိုးတက်မှု။

၂။ အားလုံးအတွက် ဘုံချမ်းသာကြွယ်ဝတဲ့ ခေတ်မီ တိုးတက်မှု။

၃။ ရုပ်ဝတ္ထုအပြင် ယဉ်ကျေးမှုဆိုင်ရာ-ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တိုးမြှင့်ရေးရဲ့ ခေတ်မီ

တိုးတက်မှု။

၄။ လူသားများနဲ့ သဘာဝအကြား သဟဇာတဖြစ်မှုရဲ့ ခေတ်မီတိုးတက်မှု။

၅။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ခေတ်မီတိုးတက်မှု ဖြစ်ပါတယ်

လို့ ဆိုပြီး အချက်တိုင်းကိုလည်း အသေးစိတ် ရှင်းပြထားတာ တွေ့ရပါတယ်။

ဒါတွေကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီရဲ့ အဆက်ဆက်ခေါင်းဆောင်တွေဟာ မော်ရဲ့ တရုတ်ပြည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လမ်းပြမြေပုံဖြစ်တဲ့ 'ပြည်သူ့အကျိုး ဦးတည်မှု'ကပဲ အစချီ စဉ်းစား ကြတယ် ဆိုတာ ပေါ်လွင်နေပါတယ်။

လှကျော်ဇော

၂၇-၁၁-၂၀၂၂။

မှတ်ချက်။ မော်ရဲ့ ဆက်ဆံမှုကြီး (၁၀) ချက်။ ဘာသာပြန်အပြည့်အစုံကို www.moemaka.com. မှာ၂၀၂၁-၁၂-၂ မှစ ၂၀၂၂-၂-၉ အထိမှာ တွေ့နိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar