လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၆ )
တိန့်ရှောင်ပင်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ။
ပျားရည်လိုချိုတဲ့အပြုံး။ သူ့အပြုံးဟာ ပျားရည်လို ချိုတဲ့အပြုံး။
- နွေဦးကာလ-လေအနော့မှာဖူးပွင့်လာတဲ့ ပန်းကလေးတပွင့်လို။
- ဒီအပြုံးကို မြင်ဖူးပါတယ်။ ဘယ်မှာပါလိမ့်။ ချက်ချင်းတော့ ပေါ်မလာဘူး။
- ဪ... အိပ်မက်ထဲမှာ အိပ်မက်ထဲမှာ။ တွေ့ဖူးတယ်။ သူ့ကို။
- သူပဲ။ သူပဲ။ သူ့အပြုံးက ပျားရည်လို ချိုနေတာ။
ထိုင်ဝမ်က အဆိုတော် တိန့်လီကျွင်း(ထရီစာတိန့်)ရဲ့ ချိုအေးနွဲ့နှောင်းလှတဲ့အသံနဲ့ ဆိုခဲ့တဲ့ နာမည်ကျော်သီချင်း။
၁၉၇၈ ခုနှစ် တရုတ်ပြည်မှာ စတင်ခဲ့တဲ့ တံခါးဖွင့်ပေါ်လစီ အရှိန်ရလာချိန်မှာ တရုတ်ပြည်လူငယ်များအတွင်း တဟုန်ထိုးဝင်ရောက်လာတဲ့ ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့က အချစ်သီချင်းတွေထဲက တပုဒ်ပါ။(၁၉၆၆-၁၉၇၆) ယဉ်ကျေးမှုတော်လှန်ရေးအတွင်း နိုင်ငံရေးသီချင်းများ (ဥပမာ-ဆိုရှယ်လစ်စနစ် ကောင်းပါတယ် စတာမျိုး)ကိုသာဆိုလာခဲံ့ကြရတဲ့တရုတ်ပြည်သူတွေကိုရေတံခါးဖွင့်ပေးလိုက်သလို တိန့်ရှောင်ပင်ရဲ့ပြုပြင်ပြောင်းလဲရေးပေါ်လစီတွေက တင်းကျပ်မှုတွေကို ဖြေလျှော့ပေးလိုက်ပါတယ်။
အဲဒီကာလတုန်းက ဒီလို ဆိုရိုးစကားတောင် ရှိခဲ့ဖူးသတဲ့။
- တို့တွေက နေ့မှာ လောင်တိန့်(တိန့်အကြီး-တိန့်ရှောင်ပင်ကိုဆိုလို)တရားကိုနာနေရပီး ညဖက်မှာတော့ ရှောင်တိန့် (တိန့်အငယ်-အဆိုတော် တိန့်လီကျွင်းကို ဆိုလို)ကို နားသောတဆင်နေရတာ" တဲ့။
ပြောလဲပြောစရာပါပဲ။ အဲဒီအဆိုတော်လေး ရှောင်တိန့်သီချင်းများက စွဲလဲစွဲလောက်စရာ။ အသံလေးကိုက ကရုဏာသံလေး။ အချစ် အဆွေး အသောအကုန်ရတယ်။(အဲဒီ ခေတ်က သူ့သီချင်းသံစဉ်လေးတွေနဲ့ မြန်မာမှုပြုပီး နွဲ့ယဉ်ဝင်းတို့၊ လားရှိုးသိန်အောင်တို့ စတီဒီယိုတေးတွေ ဆိုထားတာတောင် ကြားလိုက်ရသေး။)တခါ နေ့ဘက်တွေမှာလည်း လောင်တိန့်ရဲ့ သြဝါဒများဖြစ်တဲ့—
- ဆင်းရဲခြင်းဆိုတာ ဆိုရှယ်လစ်စနစ် မဟုတ်။
- ချမ်းသာခြင်းဟာ ကြီးမြတ်တယ်။
- တချို့လူတွေ အရင်ချမ်းသာပါစေ။ ပြီးရင် ကျန်လူများကို တွဲခေါ်။
- အတွေးအခေါ် လွတ်မြောက်ရမယ်။
- လက်တွေ့ထဲကအမှန်ရှာ
စတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အစချီတဲ့ ပြောဆိုချက်တွေကလည်း နိုင်ငံရေးအရ မွန်းကျပ်နေရုံမက ဆင်းရဲတွင်းနက်နေကြတဲ့ တရုတ်ပြည်သူတွေရဲ့ နားထဲမှာတော့ အတော့်ကိုချိုမြနေတာပါ။ အနိမ့်ဆုံး ပြည်သူတွေကို မျှော်လင့်ချက်ရောင်ခြည်တွေ ပေးလိုက်နိုင်ပါတယ်။
တကယ်တော့ ပြုပြင်ပြောင်းလဲရေးဆိုတာ သေနတ်သံမထွက်တဲ့ တော်လှန်ရေးတရပ်ပါ။
မော်ခေတ် (၁၉၄၉-၁၉၇၆) ခုနှစ်များအတွင်းက တတိယကမ္ဘာစစ် ဖြစ်နိုင်တယ် ဆိုပြီး စစ်နဲ့ တော်လှန်ရေးကြွေးကြော်သံတွေ လွှမ်းတဲ့ စစ်အေးခေတ်ကြီးပါ။ မော်ရဲ့-ပစ္စည်းမဲ့အာဏာရှင်စနစ်အောက်မှာ လူတန်းစားတိုက်ပွဲဆက်လက်ဆင်နွှဲရေး ဆိုတာက တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင်ဆောင်ပုဒ်ပါ။ (၁၉၆၆-၇၆) ၁၀နှစ်တာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တရုတ်ပြည်ရဲ့ စီးပွားရေးဟာ တဟုန်ထိုး ကျဆင်းနေပါတယ်။ နေရာတကာ နိုင်ငံရေးအရ တိုက်ပွဲဆင်နေတော့ လူတွေကလည်း မလှုပ်ဝံ့၊ မပြောဝံ့နဲ့၊ ဒီအချိန်မှာ တိန့်ရှောင်ပင် ပြန်တက်လာတာပါ။
တိန့်က နိုင်ငံတကာ့အခြေအနေအရ ဒေသစစ်တွေရှိ ကောင်းရှိနိုင်ပေမယ့် ကမ္ဘာစစ်တော့ မဖြစ်နိုင်တော့ဘူးလို့တွက်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး (ပြည်တွင်းအခြေအနေကြောင့် မလုပ်ရင် မဖြစ်တော့တဲ့) ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက်--ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ကြွေးကြော်သံ တင်လိုက်ပါတယ်။
တိန့်က သူတက်လာလာချင်း အပယ်ခံထားရတဲ့ ပညာရှင်ကြီးတွေကိုပြန်ခေါ်ပြီး၊ (တချို့က အိမ်သာဆေးနေရတာ၊ တချို့လည်း စိတ်မမှန်တော့ပါဘူး။) တိုင်းပြည်အခြေအနေတွေကို တင်ပြပြီး ဘယ်လိုလုပ် ဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပါတယ်။ ဒီမှာတင် ရပ်ထားတာကြာပြီဖြစ်တဲ့တက္ကသိုလ်ဝင်စာမေးပွဲတွေပြန်စစ်ပြီး တက္ကသိုလ်တွေပြန်ဖွင့်ဖို့၊ ပညာတတ်တွေ အမြန်ဆုံးပြန်မွေးမြူဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်လိုက်ပါတော့တယ်။ (အခုလက်ရှိ သမ္မတရှီဟာ-ခရိုင်လေးတခုမှာ လယ်ယာ အလုပ်လုပ်နေရင်းက-၁၉၇၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီး အောင်မှ တက္ကသိုလ်ဆက်တက်နိုင်ခဲ့တာပါ။)
ကျေးလက်တောရွာတွေမှာလည်း သမဝါယမစနစ် တို့၊ ဘုံစနစ် စတာတွေကလည်း မအောင်မမြင်နဲ့ အတော်ဆင်းရဲငတ်ပြတ်နေကြပါပြီ။ တချို့ရွာတွေဆို ရွာလုံးကျွတ် ထွက်ပြီး မြို့ပေါ်တက် တောင်းရမ်းစားသောက်နေရပါပီ။(တချို့ဆပ်ကပ်တို့၊ ကျွမ်းဘားတို့ ပြပေါ့။)
ဒီမှာတင် သူရဲကောင်းတစု ပေါ်လာပါတယ်။
အန်းဟွေးပြည်နယ်က အလွန်ခေါင်တဲ့ရှောင်ခန်းရွာက ရွာကေဒါများအပါ-သေမထူး-နေမထူး စိတ်ဝင်နေကြတဲ့ လယ်သမား (၁၈) ယောက်။ ဒီအတိုင်းဆိုရင် ငတ်သေကြမှာဖြစ်လို့ ဖမ်းလဲဖမ်းဆိုပြီး အဲဒီလယ်သမားကြီး (၁၈) ယောက် တညမှာ တိုင်ပင်ကြပြီး ရွာက ဘုံပိုင် လယ်ယာမြေတွေကို (၁၈) ကွက် ခွဲဝေပြီး ကိုယ့်လယ် ကိုယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းဟူသမျှ(ကိုယ်အိမ်မှာတနိုင်တပိုင်လေး မွေးမြူတာ၊စိုက်ပျိုးတာတွေ)ကို အရင်းရှင်လမ်းလိုက်နေတာ--ဆိုပြီး ဖမ်းဆီး အရေးယူနေတဲ့ကာလမှာ ဒီလိုမျိုးဆုံးဖြတ်ချက်ဟာအလွန်ရဲရင့်တာပါ။ဒါကြောင့်သူတို့(၁၈)ယောက်လျှို့ဝှက်ချုပ်ဆိုခဲ့တဲ့ စာချုပ်ဟာ အခုအချိန်မှာသမိုင်းဝင်စာတမ်းအဖြစ် ပြတိုက်ထဲရောက်နေပါပြီ။
သူတို့က ဒီလိုမြေတွေ ခွဲဝေလိုက်ပေမယ့် အခြေခံဘုံစနစ်လယ်ယာကာလက ကောင်းမွန်တဲ့အချက်များကိုလည်း လက်မလွှတ်ပါဘူး။ ဥပမာ ဒီနေ့ ဒီအိမ်က လယ်လုပ်မယ်ဆိုရင် တရွာလုံးကရှိတဲ့ ထုတ်လုပ်ရေးပစ္စည်းတွေစု၊ ရွာက လူကုန်နဲ့ ဝိုင်းဝန်းစိုက်လိုက်ပျိုးလိုက်နဲ့ တက်ညီလက်ညီ ကူညီလုပ်ဆောင်ကြပါတယ်။ ကျန်အချိန်များမှာတော့ ကိုယ့်လယ်ကိုယ်ပြုစုပေါ့။ (အရင်ဘုံစနစ်ကာလက-အစစအရာရာတန်းတူရေးဖြစ်တော့-ကြိုးစားလုပ်လည်း ဒီလောက်ပဲရ၊ပျင်းရိတဲ့လူတွေလဲဒီလောက်ပဲရတာ ဆိုတော့ ဘယ်သူမှ မကြိုးစားကြပဲ၊ ရေသာခိုကြတော့တာပဲ။) အခုတော့ ကိုယ့်လယ်နဲ့ကိုယ် ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ရနိုင်တယ်-ဆိုတဲ့ ဆွဲဆောင်မှု(မက်လုံး-incentive)ကြောင့် အားသွန်ခွန်စိုက်လုပ်ကြတော့ လယ်ယာထုတ်လုပ်ရေးက အရမ်းတိုးလာတာပါ။ ဒါကို အစိုးရက သိတော့ အားပေးပါတယ်။ အစိုးရကို ရောင်းပေးရမယ့် ဝေစုကို ရောင်းပေးပြီးရင် ကျန်တာ ကိုယ့်သဘော။ ဒီလိုနဲ့ လယ်ယာကန်ထရိုက်စနစ်ပေါ်လာပါတယ်။ စက်ရုံ အလုပ်ရုံများမှာလည်း ဒီလိုနည်းနဲ့ အစုစပ်ရှယ်ယာလုပ်ငန်းတွေ ပေါ်လာပါတယ်။ ဒီမှာတင် အလုပ်သမားတွေကလည်း ကိုယ့်စက်ရုံလုပ်ငန်းဖြစ်ပြီး ကိုယ်လုပ်တာ ကိုယ်ယူဖြစ်လာတော့ အားသွန်ခွန်စိုက်လုပ်ပါတော့တယ်။ ကျေးလက်ဆင်းတဲ့လူငယ်တွေမြို့ပေါ်ပြန်ရောက်လာတော့အစိုးရကအလုပ်မပေးနိုင်ပါဘူး။ ဒီတော့အသေးစားလုပ်ငန်းကလေးတွေ (အိမ်ဆိုင်လေးတွေ၊အစားအသောက်ဆိုင်လေးတွေစသဖြင့်)ကို တဖြည်းဖြည်းပြန်ဖွင့်ပေးတယ်။ ဒီလိုနည်းနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို ဖြေရှင်းရတာပါ။
တိန့်ရှောင်ပင်က ဒီလိုနည်းတွေနဲ့ ထုတ်လုပ်ရေးစွမ်းအားစုတွေကို လွတ်မြောက်စေလိုက်ပြီး ပြည်ပက အရင်းအနှီးတွေ ဝင်လာအောင်လည်း လွတ်လပ်တဲ့ဇုန်နယ်မြေတွေကို ဖွင့်ပေးလိုက်ပါတယ်။ လုပ်ခအလွန်ဈေးပေါတဲ့ တရုတ်ရဲ့ လွတ်လပ်တဲ့ဇုန်နယ်မြေ (တခြားဆွဲဆောင်မှုအမျိုးမျိုး-investment friendly atmosphere)မှာ စက်ရုံတွေ အမြောက်အမြားပေါ်လာပါတယ်။ ဒါကလည်း အလုပ်အကိုင်အတော်များများ ဖန်တီးလိုက်နိုင်ပါတယ်။
တိန့်က ဒီလိုလည်း ပြောပါတယ်။
"ဆိုရှယ်လစ်နိုင်ငံတွေမှာစီမံကိန်းကျစီးပွားရေးစနစ်လုပ်သလို အရင်းရှင်စနစ်မှာလည်း အစိုးရက ၀င်ရောက်စွက်ဖက်တဲ့ စီမံကိန်းတွေရှိတတ်တယ်။ ထို့အတူ အရင်းရှင်စနစ်အသုံးပြုတဲ့ -ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ဆိုရှယ်လစ် စနစ်အတွက်အသုံးပြုနိုင်တယ်" တဲ့။
ဒါ့အပြင် ဒီလိုလည်း ပြောပါသေးတယ်။
"အခုအချိန်ထိဘယ်နိုင်ငံမှာမှ ဆိုရှယ်လစ်စနစ် အောင်မြင်အောင် မတည်ဆောက်နိုင်သေးဘူး။ ဒါကြောင့် တို့တတွေကလည်း ချောင်းဖြတ်သလို ကျောက်တုံးတွေပေါ် စမ်းလျှောက်နေရတာဖြစ်လို့ ကျောက်တုံးတတုံးပေါ်ခြေချတာ ငြိမ်မှ နောက်ခြေတလှမ်းလှမ်း၊ နောက် ကျောက်တုံးတတုံးပေါ်တက်" တဲ့။
"ကြောင်အနက်ဖြစ်ဖြစ်၊အဖြူဖြစ်ဖြစ်၊ ကြွက်ဖမ်းတတ်ရင် ကြောင်ကောင်းပဲ" လို့လည်း ပြောဖူးပါတယ်။ (တချို့က ဒီအပြောကို ဘ၀င်မကျပါ။)
တိန့်ရှောင်ပင်ဟာ ပြုပြင်ပြောင်းလဲရေးကို နည်းသဏ္ဌာန်ပေါင်းစုံနဲ့လုပ်ဖို့ အမျိုးမျိုးဆော်သြခဲ့ပေမယ့် ဘောင်တခုတော့ သတိပေးခဲ့ပါတယ်။
မူကြီး (၄) ရပ်ကိုတော့ ကိုင်စွဲထားရမယ် တဲ့။
အဲဒီမူကြီး (၄) ရပ်ကတော့---
၁။ ဆိုရှယ်လစ်လမ်းစဉ်ကို ကိုင်စွဲရမယ်။
၂။ ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်ကို ကိုင်စွဲထားရမယ်။
၃။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ကိုင်စွဲထားရမယ်။
၄။ မာက်စ်ဝါဒ-လီနင်ဝါဒ၊မော်စီတုန်းအတွေးအခေါ်ကိုကိုင်စွဲထားရမယ်
တို့ ဖြစ်ပါတယ်။
အဲဒီမူကြီး ၄ ရပ်အောက်က ပြုပြင်ပြောင်းလဲရေးမူများကို တိန့်ရှောင်ပင် အတွေးအခေါ် လို့ နောက်ပိုင်းမှာ သတ်မှတ်လာကြပါတယ်။
လှကျော်ဇော
၁၀-၁၂-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar