စီးပွားရေး ကျဆင်းမှု ငွေဖောင်းပွမှု အလုပ်အကိုင် ရှားပါးမှုများနဲ့ ၂၀၂၂ ခုနှစ်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၆ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၂
စီးပွားရေး ကျဆင်းမှု ငွေဖောင်းပွမှု အလုပ်အကိုင် ရှားပါးမှုများနဲ့ ၂၀၂၂ ခုနှစ်
ကိုဗစ်ကူးစက်မှုကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု ပထမနှစ် ဖြစ်တဲ့ ၂၀၂၁ ခုမှာ ကိုဗစ်ကူးစက်မှုဆိုင်ရာ ကန့်သတ်မှု တွေကြောင့် စီးပွားရေး မလည်ပတ်နိုင်ခြင်းနဲ့ စစ်အာဏာသိမ်းပြီး သီတင်းပတ်တွေအကြာမှာ စတင်ခဲ့တဲ့ ဘဏ်က ငွေကြေးထုတ်ဖို့ အခက်အခဲ၊ ငွေလည်ပတ်ဖို့ အကြပ်အတည်းတွေနဲ့ စီးပွားရေး ကျဆင်းခဲ့တာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်လည်မှာ ဒယ်လ်တာ ဗိုင်းစ်ရပ်စ် ကိုဗစ်ကူးစက်မှု နဲ့ သေဆုံးမှု အရေအတွက်အများဆုံးတက်ခဲ့ရာက နကိုက စစ်အာဏာသိမ်းမှု ဂယက်နဲ့ မလည်ပတ်နိင်သေးတဲ့ စက်ရုံတွေ လုပ်ငန်းတွေ အနေနဲ့ ကိုဗစ်ကူးစက်မှု အရှိန်အမြင့်ဆုံးကာလမှာ ထပ်မံ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ယမန်နှစ်က အာဏာသိမ်းမှု အကျိုးဆက်၊ ကူးစက်ရောဂါဘေးနဲ့ စီးပွားရေး အခြေအနေတွေ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ ကိုဗစ်ကပ်ဘေးရဲ့ ရိုက်ခတ်မှု က လျော့ကျလာခဲ့ပေမယ့် ပြည်တွင်း မှာ နိုင်ငံရေး မတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ပိုကျဆင်းလာတာတွေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးအပေါ် ကန့်သတ်တဲ့ မူဝါဒတွေ တမျိုးပြီးတမျိုး ပြောင်းလဲနေတဲ့ ဗဟိုဘဏ် အမိန့်တွေက မြန်မာငွေကို သိသိသာသာ တန်ဖိုးကျစေခဲ့ပြီး စစ်အာဏာမသိမ်းမီရှိတဲ့ မြန်မာကျပ်ငွေ တန်ဖိုးရဲ့ ထက်ဝက်အောက် ကို ကျဆင်းခဲ့တာကြောင့် ကုန်စျေးနှုန်းတွေ ရုတ်ချည်း မြင့်တက်ကာ ပြည်သူအများကို ဒုက္ခကြီးမားစွာ ရောက်စေခဲ့တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ ငွေဖောင်းပွမှုကြောင့်နဲ့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေရဲ့ အကျိုးဆက်တွေက ငွေတန်ဖိုးက ဇောက်ထိုးကျဆင်းရာက ကုန်စျေးနှုန်းကြီးမြင့်မှုရဲ့ ဒဏ်ကို အများဆုံးခံစားကြရတာက အောက်ဆုံးအလွှာ ဖြစ်တဲ့ စက်ရုံအလုပ်သမားတွေ၊ ကျပန်းအလုပ်လုပ်ရသူတွေ ဖြစ်ပါတယ်။ ငွေတန်ဖိုးကျမှုကို လိုက်လို့ အခြားသော အလုပ်အကိုင် နယ်ပယ်တွေမှာ အနည်းငယ် လိုက်ညှိကြပေမယ့် စက်ရုံလုပ်သားတွေ အနေနဲ့တော့ အနိမ့်ဆုံးလုပ်အားခက ကျပ် ၄၈၀၀ မှာပဲ ရှိနေဆဲဖြစ်ပြီး အောက်ဆုံးမှာ ခံစားကြရသူတွေ ဖြစ်ပါတယ်။ နိုင်ငံရေး လွတ်လပ်မှု မရှိခြင်းက အလုပ်သမားတွေ အခွင့်အရေး တောင်းဆိုဖို့ အခွင့်မသာတဲ့ အနေအထားဖြစ်ကာ အလုပ်သမားတွေရဲ့ လုပ်အားကို စက်ရုံ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ခေါင်းပုံဖြတ်ခွင့် ရနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အစစစ်အာဏာသိမ်းပြီးတလလောက်က စတင်လိုက်တဲ့ ဘဏ်တွေကို ယုံကြည်မှုကျဆင်းရာက ငွေစက္ကူ အကြပ်အတည်းက ယခုနှစ်အထိဆက်လက် ရှိနေဆဲဖြစ်ပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ အဲဒီအခြေအနေ အောက်မှာ ရှင်သန်အောင် လိုက်ဖက်ညီထွေအောင် အသားကျသွားတဲ့ သဘောတွေ့ရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလဆန်းမှာ တကြိမ် ပြည်ပပို့ကုန် တင်ပို့လို့ရတဲ့ နိုင်ငံခြားငွေ ၊ အဖွဲ့အစည်းတွေ ရဲ့ နိုင်ငံခြားငွေစရင်း၊ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့ သင်္ဘောသားတို့လို ဆီက နိုင်ငံခြားငွေကို မြန်မာငွေနဲ့ လဲဖို့ သတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်ခြင်းက ငွေကြေးစျေးကွက် သာမကပဲ စီးပွားရေး နယ်ပယ်တခုလုံးကို ကြီးမားစွာ ဂယက်ရိုက်ခတ်ပြီး မြန်မာငွေ တန်ဖိုးထိုးကျ ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ယခုနှစ် သြဂုတ်လမှာ နောက်တကြိမ် ထုတ်ခဲ့တဲ့ အမိန့်သစ်က ပြည်ပက ဝင်လာမယ့် နိုင်ငံခြားငွေလွှဲပေးပို့မှု တခုချင်း စိစစ်ပြီး လုပ်ငန်းလိုင်စင်၊ နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့တဲ့ တင်ပို့မှုတခုချင်းစီရဲ့ လိုင်စင်၊ အန်ဂျီအို၊ စီအက်စ်အို အဖွဲ့အစည်းတွေဖြစ်ခဲ့ရင် စစ်ကောင်စီ ရဲ့ဝန်ကြီးဌာနနဲ့ သဘောတူညီမှု MOU ရှိမရှိ စတဲ့ အသေးစိတ်တွေ စစ်ဆေးပြီး မတင်ပြနိုင်တာတွေကို နိုင်ငံခြားငွေ ဝင်လာတာ လက်မခံဖို့ ဆိုတဲ့ ညွှန်ကြားချက် အမိန့်ဖြစ်ပါတယ်။
အဲဒီဂယက်က သြဂုတ်လ လယ်ကစလို့ မြန်မာငွေစျေး သိသိသာသာ ဇောက်ထိုးထိုးကျခဲ့ပြန်တာ ဖြစ်ပါတယ်။ ဒီညွှန်ကြားချက် အမိန့်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုခဲ့ပေမယ့် ပုဂ္ဂလိကဘဏ်တွေအားလုံးကို ညွှန်ကြားချက် ပေးပို့ခဲ့တာကြောင့် အဆိုပါ သတင်းအချက်အလက်က ငွေကြေး စျေးကွက် ရွှေစျေးတွေဆီ ကြီးကြီးမားမား ဂယက်ရိုက်ခတ်ခဲ့ပြီး အဆိုပါ ဂယက်မတိုင်ခင်က အမြင့်ဆုံး တဒေါ်လာ ကျပ် ၂၅၀၀ လောက်ရှိရာက ကျပ် ၃၇၀၀ လောက်ထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ငွေတန်ဖိုးကျမှုက လောင်စာဆီစျေး၊ ဆေးဝါးစျေး၊ ပြည်ပက တင်သွင်းတဲ့ ပစ္စည်းစျေးနှုန်းတွေ ခေါက်ချိုးနီးပါး တကြိမ် ထပ်မြင့်တက်ခဲ့ပြန်တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး မြန်မာကျပ်ငွေ တန်ဖိုးကျမှုဖြစ်ပြီး အောက်ခြေ လုပ်ခစား လက်ခစား၊ အလုပ်သမားတွေကို ထပ်မံထိုးနှက် ခဲ့တဲ့ ငွေကြေး တန်ဖိုးကျမှုဖြစ်ပြီး လက်ထဲရှိတဲ့ ငွေ ၊ တနေ့စာ လုပ်ခရတဲ့ငွေက အရင်ဝယ်ယူနိုင်တဲ့ ဆန်၊ စားစရာ ရဲ့ ၃ပုံ ၂ ပုံလောက်သာ ဝယ်ယူနိုင်တော့တဲ့ အနေအထားမျိုး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တနှစ်တာမှာ စစ်ပွဲတွေကြောင့် အသက်ဆုံးရှုံးရတာ၊ နေအိမ်မီးရှို့မှုတွေ လုယက်မှု ဓါးပြတိုက်မှုတွေကြောင့် ဆုံးရှုံးရတာတွေ ရှိသလို စီးပွားရေး ကျဆင်းမှု ငွေတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းမှုဒဏ် ၊ ရရှိလုပ်ခလစာ ရဲ့ တန်ဖိုးကျဆင်းသွားတဲ့ အကျိုးဆက်ကြောင့် အစားအသောက် မလုံလောက်မှုနဲ့ ဆေးဝါးမကုသနိုင်မှုတို့ကြောင့် အသက်ဆုံးရှုံးရမှုတွေလည်း အများအပြားရှိမှာ အသေအချာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေကိုတော့ ကောက်ယူဖို့ မှတ်တမ်းတင်ဖို့ မလွယ်ကူ ပေမယ့် မြန်မာနိုင်ငံအဖို့ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေချိန် ကမ္ဘာမှာလည်း ယူကရိန်း ရုရှားစစ်ပွဲ ဒေသအလိုက် အားပြိုင်မှုတွေကြောင့် မြန်မာ့အရေးကို အာရုံ ကောင်းကောင်း မစိုက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar